ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသည့်ဒေသတွင် ကျန်းမာရေး စောင့်ရှောက်မှုကို ထိရောက်စွာ လွှမ်းခြုံနိုင်စေရန်အတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဖလမ်းမြို့ခုတင် (၂၀၀) ဆံ့ဆေးရုံတစ်ရုံ၊ ဖလမ်းမြို့သူနာပြု သင်တန်းကျောင်း တစ်ကျောင်း၊ တိုက်နယ်ဆေးရုံသုံးရုံ၊ ကျေးလက်ကျန်းမာရေးဌာနရှစ်ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၃၆ ခုဖွင့်လှစ်လျက်ရှိပါကြောင်း၊ အဆိုပါကျေးလက်ကျန်းမာရေး ဌာနခွဲများအနက် ရမ်တလိုရွာ ကျေးလက်ကျန်းမာရေးဌာနခွဲသည် အရှေ့ဘက် လာလွန်ရွာ ကျေးလက်ကျန်းမာရေးဌာနမှ မိုင် ၆၀၊ အနောက်ဘက် ဆယ်ပီးရွာ ကျေးလက်ကျန်းမရေးဌာနမှ ၅၂ မိုင်၊ မြောက်ဘက်တီးဘွာလ် တိုက်နယ်ဆေးရုံမှ မိုင် ၆၀ ကွာဝေးပြီး ဖလမ်း-ဟားခါး ကားလမ်းမပေါ်တွင် တည်ရှိပါကြောင်း၊ ချင်းပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ပြည်သူလူထုအများစု ဝင်ငွေနည်းပါးပြီး ဆင်းရဲနွမ်းပါးခြင်း၊ ကျန်းမာရေးဝန်ထမ်းနှင့် ဆေးဝါးလုံလောက်မှုမရှိခြင်းစသည့် အခြေအနေများနှင့် ရင်ဆိုင်နေကြရခြင်း ဖြစ်ပါကြောင်း၊ ရမ်တလိုရွာတွင် ကျေးလက်ကျန်းမာရေးဌာန (Rural Health Center) ဖွင့်လှစ်ပေးပါက ရွာပေါင်း ၁၃ ရွာ၊ လူဦးရေအားဖြင့် လေးထောင်ကျော် ကျန်းမာရေးအတွက် အကျိုးပြုနိုင်မည်ဖြစ်ပြီး ရမ်တလိုရွာသည် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ၂၄ နာရီရရှိပြီး သောက်သုံးရေ ဖူလုံစွာရရှိပါကြောင်း၊ ဌာနဆိုင်ရာအဖွဲ့အစည်း ကိုးခုရှိပြီး ကျန်းမာရေးဌာနအတွက် မြေ ၂ ဒသမဧကပေါ်တွင် ဂျပန်အကူအညီဖြင့် ဆောက်လုပ်ထားသော အဆောက်အဦ ကွန်ကရစ်ခင်း၊ အုတ်စီ၊ သွပ်မိုးတစ်လုံးရှိထားပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဖလမ်းမြို့နယ်၊ ရမ်တလိုရွာ ကျေးလက်ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာန (Rural Health Center) အဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ချင်းပြည်နယ် ဖလမ်းမြို့နယ်ကို ကြည့်သည့်အခါ Station Health Unit တစ်ခုရှိပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာန (Rural Health Center) ကိုးခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (Sub-Center) ၃၆ ခု၊ မိခင်နှင့် ကလေးကျန်းမာရေးဌာနတစ်ခု၊ ဝန်ထမ်းအင်အားအနေဖြင့် ပြည်သူ့ကျန်းမာရေးကိစ္စများတွင် ကျန်းမာရေးမှူးတစ်ဦး၊ လက်ထောက်ကျန်းမာရေးမှူး ငါးဦး၊ မြို့နယ်သူနာပြုအဆင့်တစ်ဦး၊ ကျန်းမာရေးကြီးကြပ် (၁) က နှစ်ဦး၊ ကျန်းမာရေးဆရာမ ငါးဦးနှင့် သားဖွားဆရာမ ၄၅ ဦး၊ ကျန်းမာရေးကြီးကြပ် (၂) က ၄၂ ဦး တို့ဖြင့် ငါးသောင်းကျော်သော ပြည်သူများအား ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပါကြောင်း၊ ရမ်တလိုကျေးရွာကို မြေပုံတွင်ကြည့်သည့်အခါ ကျေးလက်ကျန်းမာရေးဌာနက ဆယ်ပီးကျေးလက် ကျန်းမာရေးဌာနနှင့်ဆိုလျှင် ၎င်း၏ မြောက်ဘက်တွင်ရှိလျှင် ၃၈ မိုင်ဝေးပြီး ကား၊ မော်တော်ဆိုင်ကယ် တို့ဖြင့် သွားနိုင်ပါကြောင်း၊ သို့သော်လည်း ခက်ခဲပါကြောင်း၊ ရမ်တလိုကျေးလက် ကျန်းမာရေးဌာန၏ နေရာကိုကြည့်သည့်အခါ ကျေးလက်ကျန်းမာရေးဌာန ပေးမည်ဆိုလျှင် ၎င်းအနောက်တွင် ကပ်နေသည့် ထန်တလန်နှင့် ဟားခါးဘက်နေ ပြည်သူများကိုလည်း ၎င်းကဝန်ဆောင်မှု ပေးနိုင်သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ရမ်တလိုသည် ဟားခါး-ဖလမ်း-ကလေး လမ်းမကြီးပေါ် တည်ရှိပြီး ဖလမ်းဆေးရုံနှင့် ၂၂ မိုင်ဝေးသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ကျေးလက် ကျန်းမာရေးဌာန ပေးသင့်/မပေးသင့် ဆိုသည့်အခါ မပေးသင့်သည့်အချက်က သုံးခုရှိနေသည်ကို တွေ့သော်ငြားလည်း လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲပါကြောင်း၊ ၂၀၁၈-၁၉ ခုနှစ်တွင် ပထမဦးစားပေးအဖြစ် ထည့်သွင်းပေးပါမည်။ ခွင့်ပြုမိန့်ရရှိရန်အတွက်ကို ၂၀၁၈-၁၉ ခုနှစ်တွင် အမျိုးသားကျန်းမာရေး စီမံကိန်းနှင့်ညှိနှိုင်းပြီး စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ် ရေးအဖွဲ့နှင့် သော်လည်းကောင်း၊ ရသုံးမှန်းခြေဦးစီးများနှင့်လည်းကောင်း၊ ပြည်ထောင်စုအစိုးရရုံးနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးကို တင်ပြပြီး ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
