ရွှေပြည်အေးလူငယ်ပြန်လည် ထူထောင်ရေး စခန်းကို မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ် ရေးဗဟို၊ မူးယစ်ဗဟိုနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ၁၆-၁၀-၁၉၈၃ နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ၂၉.၁၂.၂၀၀၅ ရက်နေ့ သင်တန်းအပတ်စဉ် (၂၈) ကို သင်တန်းဆင်းပြီး သည့် နောက်ပိုင်းဆက်လက်ဖွင့်လှစ်ခြင်းမရှိတော့ပါကြောင်း။
မူးယစ်ဗဟိုမှဦးစီး ဖွင့်လှစ်သော ဖယ်ခုံတွင် ရွှေပြည်အေး၊ ပြည်(ဝက်ထီးကန်)တွင် ရွှေပြည်သာ၊မူဆယ်တွင်ရွှေပြည် သစ်ဖြစ်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဦးစီး၍ စခန်း ခုနစ်ခု ဖွင့်လှစ်ထားသည်ကို သိရှိရပါသော်လည်း လက်ရှိစခန်းများသည် ပုံမှန်ဖွင့်လှစ်မှုအားနည်းနေပါကြောင်း။
ယနေ့အချိန်အခါတွင် မူးယစ်ဆေးဝါးအန္တရာယ်ကြောင့် လူသားအရင်းအမြစ်များ ဆုံးရှုံးနေသည်ကို တွေရှိရပါကြောင်း အထူးသဖြင့် ရှမ်း၊ ကယားပြည်နယ်များအတွက် အဓိကဖွင့်လှစ်သော ရွှေပြည်အေးစခန်းအား ပြန်လည်မြှင့်တင်ဖွင့်လှစ်ရန်လိုအပ်မည်ဟု ယုံကြည်ပါကြောင်း။ ထို့ကြောင့် ဖယ်ခုံမြို့နယ်ရှိ ရွှေပြည်အေး လူငယ်ပြန်လည် ထူထောင်ရေးစခန်းအား လဘက်စုံမွမ်းမံမြှင့်တင်၍ ပြန်လည်ဖွင့်လှစ်ရန် အစီအစဉ်ရှိ၊မရှိနှင့် အစီအစဉ်မရှိပါက အဘယ်ကြောင့်ဆှိသည်ကို သိရှိလိုပါကြောင်းနှင့် အစီအစဉ်ရှိပါက စတင်ဆောင်ရွက်မည် အချိန်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ရွှေပြည်အေးလူငယ်များပြုစုပျိုးထောင်ရေးစခန်းများကို မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ရဲ့ လမ်းညွှန်ချက်နှင့် ကမ္ဘာ့ကုလသမဂ္ဂရန်ပုံငွေဖြင့်တည်ဆောက်ခဲ့ပြီး ၁-၈-၁၉၈၃ ရက်နေ့တွင် ဖယ်ခုံစံပြစိုက်ပျိုး မွေးမြူရေးစခန်း အမည်ဖြင့် သင်တန်းသား ၂၀ ဦးဆံ့ စခန်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း။ ထိုနောက် ၂၁-၁၀-၂၀၀၂ ရက်နေ့ကနေစပြီး ရွှေပြည်အေး လူငယ်များပြုစုပျိုးထောင်ရေးစခန်းအမည်ဖြင့် မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၏ တိုက်ရိုက်ကြီးကြပ်မှုအောက်တွင် မူးယစ်ဆေးစွဲရောဂါကုသရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း။
၎င်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ထောက်ပံ့ရေး၊ ကျန်းမာရေး ဦးစီးဌာနမှ မူးယစ်ဆေးအဆိပ်ဖြေကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း ကိစ္စရပ်များ၊ လူမှုဝန်ထမ်းဦးစီး ဌာနမှ ပြန်လည်ထူထောင်ရေး၊ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာကိစ္စရပ်များ၊ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ အသက်မွေးပညာ သင်ကြားခြင်း၊ စာတွေ့၊ လက်တွေ့ ပို့ချခြင်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
ယင်းစခန်းတွင် ၁၆-၁၀-၁၉၈၃ ရက်နေ့မှစပြီး သင်တန်းအပတ်စဉ် (၁) မှ (၂၈)အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား ၄၂၈ ဦးကို ပြန်လည်ထူထောင်ပေးနိုင်ခဲ့ကြောင်း၊ ယင်းစခန်းတွင် ယခင်ကသင်တန်းသား ရရှိရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဦးစီးဆောင်ရွက်ပေးခဲ့ပြီး သင်တန်းအမှတ်စဉ် (၂၈) ဖွင့်လှစ်ပြီးနောက် သင်တန်းသားရရှိမှု အခက်အခဲရှိသောကြောင့် သင်တန်းများကို ရပ်နားခဲ့ရပါကြောင်း။ သင်တန်းရပ်နားထားစဉ် ယင်းစခန်းမှလူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများအား လုပ်ငန်းလိုအပ်ချက်အရ အခြားစခန်းများသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေခဲ့ပါကြောင်း။ သင်တန်းသားရရှိရေးအတွက် ဒေသဆိုင်ရာအာဏာပိုင်များ ရပ်ရွာပြည်သူ လူထုနှင့်စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှုးများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပြီး စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှုးများ မွေးထုတ်ပေးမှာဖြစ်တဲ့အတွက် စေတနာ့ ဝန်ထမ်းမူယစ်ကြီးကြပ်ရေးမှုး သင်တန်းကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ပထမလေးလပတ်မှာ ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် ယင်းစခန်းတွင် သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်းများပြန်လည် တာဝန် ပေးအပ်ရေး၊ လိုအပ်သော အဆောက်အဦများ ပြုပြင်မွမ်းမွံခြင်းလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး သင်တန်းများကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်၊ တတိယလေးလပတ်မှာ စတင်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွား နိုင်မည်ဖြစ်ပါကြောင်း။
ရွှေပြည်အေးလူငယ်များ ပြုစုပျိုးထောင်ရေးစခန်းကို တိုက်ရိုက်ကြီးကြပ်တဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှလည်း ပြန်လည်ထူထောင် ရေး စခန်းဖွင့်လှစ်ရန် စီစဉ်လျက်ရှိပါကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ စေတနာ့ဝန်ထမ်း မူးယစ် ကြီးကြပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ၏ဆောင်ရွက်မှုဖြင့် စည်းရုံးရရှိသည့် မူးယစ်ဆေးဖြတ်ပြီး သင်တန်းသားများဖြင့် ရွှေပြည်အေး လူငယ်များပြုစုပျိုးထောင်ရေးစခန်းအား မကြာမီ ဖွင့်လှစ်သွားနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
