(ခ)-နည်းပညာတက္ကသိုလ်များရှိဆရာ၊ဆရာမများ သည် တက္ကသိုလ်များရှိ ဆရာ၊ဆရာမ များကဲ့သို့ လစာ စကေးနှင့် အဆောင်အယောင်များ တူညီစွာ ခံစားခွင့်မရရှိခြင်းမှာ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် ညီညွတ်မှု ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ (၁၉.၁.၂၀၁၅)

ဦးသောင်းဟန် (ယင်းမာပင်)သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ အစိုးရနည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များရှိ ဆရာ၊ ဆရာမများသည် ဘွဲ့ရအင်ဂျင်နီယာများ၊ ဘွဲ့ရကွန်ပျူတာပညာရှင်ကြီးများကို သင်ကြား မွေးထုတ်ပေးလျက်ရှိကြပါသည်။ အခြားဝန်ကြီးဌာနများအောက်ရှိ ဘွဲ့ရပညာရှင်များမွေးထုတ်ပေးသော သင်ကြားလျက်ရှိသည့် ဆရာ၊ ဆရာမများ အုပ်ချုပ်ရေး တာဝန်ခံများနည်းတူ လစာစကေးများ ခံစားခွင့်မရခြင်း၊ အဆောင်အယောင်များမရခြင်းစသည့် အဆင့်နိမ်‌့ချထားရှိမှု၊ လုပ်ငန်းခွင့်ပျော်ရွှင်သာယာမှုမရှိခြင်း၊ ယင်းတို့အနေဖြင့် ခွဲခြားဆက်ဆံခံရသည်ဟု စိတ်ခစားမှုဖြစ်ခြင်း၊ ဂုဏ်သိက္ခာ သိမ်ငယ်မှုခံစားရပြီး ဝန်ထမ်းအချင်းချင်း လုပ်ငန်းချင်းတူပါလျက် လစာစကေးပေးထားခြင်းသည် ကွာခြားသည့်အတွက် ရေရှည်တွင် အစိုးရအပေါ် နာကြည်းမှုများ၊ ခံစားမှုများ ဖြစ်လာနိုင်ပြီး လုပ်ငန်းခွင် အာရုံစိုက်တာဝန်ထမ်းဆောင်မှုကိုပါ လျော့နည်းပျက်ပြယ်လာစေပါကြောင်း၊ ထို့ကြောင့် (က) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ဘွဲ့ရအင်ဂျင်နီယာများနှင့် ဘွဲ့ရကွန်ပျူတာပညာရှင်များ မွေးထုတ်ပေးရသော နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်ကြရသော ကျောင်းအုပ်ကြီး၊ ဒုကျောင်းအုပ်ကြီး၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ကထိက၊ လက်ထောက်ကထိကနှင့်  နည်းပြစသော တက္ကသိုလ်အုပ်ချုပ်ရေးနှင့် သင်ကြားရေးဝန်ထမ်းများသည် အခြားဝန်ကြီးဌာနများရှိ ဘွဲ့ရ ပညာရှင်များ မွေးထုတ်သင်ကြားပေးလျက်ရှိသော တက္ကသိုလ်များရှိ အုပ်ချုပ်ရေးနှင့် သင်ကြားရေးဝန်ထမ်း ဆရာ၊ ဆရာမများနှင့် တူညီသောအလုပ်ကို ထမ်းဆောင်လုပ်ကိုင်ရပြီးဟု မှတ်ယူပြီး အသိအမှတ်ပြုနိုင်ခြင်း ရှိ/မရှိ၊ ပါသလား။ အသိအမှတ်ပြုနိုင်ခြင်းမရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း၊ အခြားတက္ကသိုလ်များနည်းတူ တူညီသောအလုပ်များကို ထမ်းဆောင်ကြသည်ဟု မှတ်ယူအသိအမှတ်ပြုပါက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များရှိ ဘွဲ့ရပညာရှင်များမွေးထုတ်ပေးသော အုပ်ချုပ်ရေးနှင့် သင်ကြားရေး ဆရာ၊ ဆရာမများသည် အခြားတက္ကသိုလ်များရှိ အုပ်ချုပ်ရေးနှင့်သင်ကြားရေး ဆရာ၊ ဆရာမများကဲ့သို့ လစာစကေးနှင်‌့ အဆောင်အယောင်များ တူညီစွာမခံစားရခြင်းသည် နိုင်ငံံ့ဝန်ထမ်းဥပဒေအခန်း(၅)၊ ပုဒ်မ ၁၂နှင့် ညီညွတ်ခြင်းရှိ/မရှိနှင့် ညီညွတ်ခြင်းမရှိပါက ယင်းပြဋ္ဌာန်းချက်နှင့် အညီ ခံစားခွင့်များ ရရှိစေရေးအတွက် မည်သည့်အချိန်တွင် စီစဉ်ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်
အဖြေ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၅)၊ နိုင်ငံ့ဝန်ထမ်းဥပဒေအခန်း (၅)၊ အပိုဒ် ၁၂ တွင် ဝန်ထမ်းသည် တူညီသောအလုပ်အတွက် တူညီသည့်လစာ၊ ထောက်ပံ့ကြေး၊ ခရီးစရိတ်နှင့်အခြားစရိတ်များကို သက်ဆိုင်ရာနည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခံစားခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများတွင် တာဝန် ထမ်းဆောင်လျက်ရှိကြတဲ့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ပါမောက္ခ၊ ဒုတိယပါမောက္ခ၊ ဌာနမှူး၊ ကထိက၊ လက်ထောက်ကထိက၊ နည်းပြ၊ သရုပ်ပြအစရှိသော အုပ်ချုပ်ရေးနှင့် သက်ကြားရေးဆိုင်ရာ ဝန်ထမ်းများသည် တက္ကသိုလ်များနည်းတူ တက္ကသိုလ်စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးနှင့် သက်ကြားမှုတာဝန်များကို တာဝန်ထမ်းဆောင်ရသည်ဟု အသိအမှတ်ပြုပြီး အခြားနိုင်ငံ့ ဝန်ထမ်းများနည်းတူ သက်ဆိုင်ရာနည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခံစားပိုင်ခွင့် ပေးထားပြီးဖြစ်ပါကြောင်း၊ တက္ကသိုလ်၊ ကောလိပ်များတွင် လက်ရှိပါမောက္ခချုပ် ၂ ဦး၊ ဒုတိယပါမောက္ခချုပ်အဖြစ် ပေါမက္ခချုပ် တာဝန်ပေးအပ်ထားသူ ၁၁ ဦး ကျန်တက္ကသိုလ်ကောလိပ်များတွင် ညွှန်ကြားရေးမှူး ပါမောက္ခ (သို့မဟုတ်) ဒုတိယညွှန်ကြားရေးမှူး၊ ဒုတိယပါမောက္ခအဆင့်ဖြစ် ခေတ္တကျောင်းအုပ်ကြီး တာဝန်ပေး ထားသူများရှိပါကြောင်း၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များကို တက္ကသိုလ်ပါမောက္ခချုပ် အဆောင်အယောင်များဖြစ်သော မော်တော်ယာဉ် စက်သုံးဆီသုံးစွဲခွင်‌့ နေအိမ်နှင့် ရေ၊ မီးခံစားခွင့်နှင့် အခြားရသင့်ရထိုက်သော ဝန်ထမ်းများ၏ ခံစားခွင့်များကို ခွင့်ပြုထားရှိပါကြောင်း၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် မဟုတ်သော်လည်း ကျောင်းအုပ်များအဖြစ် တာဝန်ယူဆောင်ရွက်နေရာတွင် ဒုတိယညွှန်မှူး (သို့မဟုတ်) ပါမောက္ခအဆင့်၊ တွဲဖက်ပါမောက္ခ (သို့မဟုတ်) ညွှန်ကြားရေးမှူးပါမောက္ခအဆင့်၊ ဒုတိယညွှန်မှူး (သို့မဟုတ်) တွဲဖက်ပါမောက္ခအဆင့်၊ ကျောင်းအုပ်ကြီးများကိုလည်း ၎င်းတို့တာဝန်ယူရသော တက္ကသိုလ်များရှိ Facility များကို အပြည့်အဝ ခံစားခွင့်ပြုထားပါကြောင်း၊ လစာစကေးမှာ ၎င်းတို့၏ မူလရာထူး၏ လစာစကေးအတိုင်း ဒုတိယညွှန်ကြားရေးမှူး၊ ပါမောက္ခများသည် အခြားဝန်ကြီးဌာနများမှ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၏ လစာစကေးနှင့် တန်းတူရှိပါကြောင်း၊ ယခင်က တက္ကသိုလ်များတွင် ဆရာလိုအပ်ချက်ကြောင့် BE ဘွဲ့ရများ၊ ME ဘွဲ့ရများကို ရာထူးဝန်အဖွဲ့ကနေပြီး မခေါ်ဆိုမီ သင်ကြားရေးအခက်အခဲမရှိစေရန် ခန့်ထားခဲ့ရသည်များ ရှိပါကြောင်း၊ ထိုသို့ ခန့်ထားစဉ်က မူလဝင်ပေါက်၏ တစ်ဆင့်နိမ့်သော ရာထူးများမှာ အရင်ဆုံးခေါ်ပြီးမှ ရာထူးဝန်အဖွဲ့နှင့် ညှိနှိုင်းပြီး ရာထူးတိုးမြှင်‌့ပေးခဲ့သည်များ ရှိပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းဥပဒေများတွင် ဝန်ထမ်းမှာ ခံစားရသည့် အဆောင်အယောင်များအတွက် သီးခြားပြဋ္ဌာန်းထားခြင်းမရှိသော်လည်း အုပ်ချုပ်ရေးနှင့် သင်ကြားရေးဝန်ထမ်းများက နေအိမ်၊ မော်တော်ယာဉ်သုံးစွဲခံစားခွင့်၊ စက်သုံးဆီသုံးစွဲ ခံစားခွင့်ပြုခြင်း၊ နှစ်စဉ်ခွင့်ပြုသတ်မှတ်ပေးသော ဘဏ္ဍာရေးခွင့်ပြုချက်အတွင်းမှာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးသောင်းဟန် (ယင်းမာပင်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဒုတိယဝန်ကြီးဖြေကြားသွားသည်ကို  ကျေးဇူးတင်ရှိပါကြောင်း၊ သို့သော် အကြမ်းဖျင်း ယေဘုယျ သဘောဆန်ပြီး နောက်ဆုံးမေးခွန်းကို ထည့်သွင်းဖြေကြားခြင်းမပြုသည့်အတွက် ထပ်ဆင့်မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်တူညီသည်ဆိုသည်မှာ တက္ကသိုလ်တစ်ခုကို အုပ်ချုပ်သည့် ဘွဲ့ရမွေးထုတ်သော လုပ်ငန်းသည် လုပ်ငန်းခွင်တူညီသည်ဟု မိမိအနေဖြင့် ခံယူပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနမှာ ဥပမာပေးရရင် ကျောင်းသား ၁၀၀၀ ခန့်ရှိသော ရှမ်းပြည်နယ် တက္ကသိုလ်တစ်ခုတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် ပတ်ကားများနှင့် အုပ်ချုပ်ပြီး မွေးထုတ်နေပါကြောင်း၊ ဝန်ကြီးဌာနရှိ နည်းပညာတက္ကသိုလ် ၃၅ ကျောင်း၊ ကွန်ပျူတာတက္ကသိုလ် ၂၁ ကျောင်းတွင် ကျောင်းအုပ်ကြီးများနှင့် တာဝန်ပေးပြီး တက္ကသိုလ်၏ အဓိက တာဝန်ပေးပြီး မွေးထုတ်နေသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းခွင်တူညီသည်ဆိုပါက ယင်းတက္ကသိုလ်များမှာလည်း တာဝန်ကိုထမ်းဆောင်ပါက ၎င်းတာဝန်နှင့် လိုက်လျောသော ရာထူးတာဝန်များ ပေးသင့်ပါကြောင်း၊ ထိုကျောင်းများတွင် ကထိကများ၊ လက်ထောက်ကထိကများ၊ တွဲဖက်ပါမောက္ခများ၊ ဌာနမှူးများကလည်း ပညာရေးတက္ကသိုလ်များတွင် ပညာရေးဌာနက တက္ကသိုလ်များတွင်ရှိသော ရာထူးအခေါ်သာတူနေပြီး စကေးက တစ်ဆင့် နိမ့်နေသည်ကို လေ့လာသိရှိရပါကြောင်း၊ ကလေးများတွင် ဆန္ဒရှိသည်မှာ ရုပ်ပိုင်းဆိုင်ရာများ ဖြည့်ဆည်းသည့်အပြင် ပညာရှင်ကလေးများ၏ စိတ်တွင်           နိုင်ငံတော်အပေါ် ငြိုငြင်သည့်စိတ်မျိုး၊ အထင်အမြင်လွဲမှားသည့်စိတ်မျိုး မမွေးစေရန် ၎င်းတို့၏ ခံစားခွင့်၊ ရရှိပိုင်ခွင့်၊ တာဝန်နှင့် လိုက်လျောညီထွေသော ရာထူးတာဝန်‌များကို  ဖြည့်ဆည်းပေးသင့်သည်ဟု ထင်မြင်မိသည့်အတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များရှိ ဝန်ထမ်းအဆင့်ဆင့်ကို၊ ဆရာဝန်ထမ်းအဆင့်ဆင့်ကို facility အပြည့်အဝပေးသည်ဆိုသော်လည်း တူညီမှုမရှိသည့်အတွက် ကျန်ဝန်ကြီးဌာနများ၏ တက္ကသိုလ်များနှင့် မတူညီမှုများ ရှိသည့်အတွက် မည်သည့်အချိန်တွင် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း ထပ်ဆင့်မေးမြန်းပါသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်

မိမိတို့ လက်ရှိတာဝန်ထမ်းဆောင်နေသော ကျောင်းအုပ်တာဝန်များသည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ မိမိ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကတည်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ စံပြသင်တန်းသားအဖြစ် မွေးထုတ်ခဲ့သော ပုဂ္ဂိုလ်များထဲကပင်ဖြစ်ပါကြောင်း၊ ထိုသူတို့ကို ပထမနှစ်ကျောင်းသားတွေကတည်းက လခပေးပြီး ဝန်ထမ်းသင်တန်းသားအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆင့်ဆင့်ရာထူး တိုးမြှင့်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့သော် သူတို့ကို ရာထူးတိုးတက်ပေးခဲ့ရသည့် အခြေအနေသည် အသက် ၂၂ နှစ်၊ ၂၅ နှစ်အတွင်း ကထိကများအဖြစ် ရာထူးတိုးမြှင့်ခြင်းခံရပြီး အသက် ၃၀ ခန့်တွင် ပါမောက္ခအဆင့်ကို ရာထူးတိုးမြှင့်ခြင်းခံထားရပါကြောင်း၊ ထို့ကြောင့် တချို့တက္ကသိုလ်၊ ကောလိပ်များတွင် ဖွဲ့စည်းပုံအရ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်ရှိသော်လည်း လက်ရှိသူတို့၏ ပါမောက္ခရာထူးမှာ တာဝန်ထမ်းဆောင်သောကာလသည် သတ်မှတ်ကာလမပြည့်မီခြင်းများလည်း ရှိနိုင်ပါကြောင်း၊ ဒုတိယပါမောက္ခအနေဖြင့် တာဝန်ထမ်းဆောင်နေရခြင်းဖြစ်သည့်အတွက် မိမိတို့က ကျောင်းအုပ်ကြီးတာဝန်ပေးထားခြင်းဖြစ်ပါကြောင်း၊ ဒုတိယပါမောက္ခချုပ်များကိုလည်း ပါမောက္ခချုပ်အဆင့်သို့ တိုးမြှင့်ပေးရန်လည်း စီစဉ်ဆောင်ရွက်နေပါကြောင်း၊ ထို့အတူ ဒုတိယပါမောက္ခ၊ ပါမောက္ခများကိုလည်း ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ တစ်ဆင့်မြှင့်ရာထူးများသို့ တိုးမြှင့်ပေးဖို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ယင်းလုပ်ငန်းများကို စဉ်ဆက်မပြက် ဆောင်ရွက်သွားရမည့် လုပ်ငန်းများဖြစ်ပြီး ယခုအချိန်တွင် တက္ကသိုလ်များသည် အမျိုးသားပညာရေးဥပဒေအရ လွတ်လပ်စွာစီမံဆောင်ရွက်ခွင့်ရှိသည့် တက္ကသိုလ်များ အဖြစ် ကူးပြောင်းရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ကူးပြောင်းရန်အတွက် တက္ကသိုလ်တစ်ခုတွင် စီမံခန့်ခွဲမှုကောင်းမွန်သော ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများ လိုအပ်ပါကြောင်း၊ ထို့ကြောင့် လေ့ကျင့်ပေးသည့်အနေဖြင့် လေ့ကျင့်ကာလတစ်ခု သတ်မှတ်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်းနှင့် မကြာမီအချိန်တွင် ကျောင်းအုပ်ကြီးများကိုလည်း ရာထူးတိုးမြှင့်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။