(ဆ)- ချင်းပြည်နယ်အတွင်းရှိကျောင်းများ၊ ဆေးရုံ များအတွက်ခွင့်ပြုချမှတ်ထားသည့်ရန်ပုံငွေများနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၄.၁၁.၂၀၁၃)
မေးခွန်း အကြောင်းအရာ 

ဖလမ်းမြို့နယ်သည် နယ်စပ်အစွန်အဖျားဒေသဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျ ဆုံးနေရာတွင်  ပါဝင်သော်လည်း နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဒေသ ဖွံ့ဖြိုးရေးဆောင်ရွက် ချက်များကို မတွေ့ရှိပါကြောင်း၊ ဖလမ်းမြို့နယ် အတွက် ချမှတ်ထားသော ခွင့်ပြုရန်ပုံငွေများသည်လည်း ယနေ့အချိန်အထိ သက်ဆိုင် ရာကျေးရွာများသို့ ရောက်ရှိခြင်း မရှိသေးသည့်အပြင် ဖလမ်းအုပ်ချုပ်ရေးမှူးရုံးမှ လည်း အဆိုပါခွင့်ပြုငွေများ ၎င်းတို့ထံသို့ ရောက်ရှိခြင်းမရှိသေးသည်ကို သိရှိရပါကြောင်း၊ ကျောင်းနှင့်ဆေးရုံများအတွက် လွှတ်တော်က ခွင့်ပြုရန်ပုံငွေ များ အတည်ပြုပေးသည့်အချိန်သည်  ၈ လကျော်ကြာမြင့်သော် လည်း မည် သည့်ဆောင်ရွက်ချက်များ မတွေ့ရှိရသေးပါကြောင်း၊ ချင်းပြည်နယ်၏ နယ်စွန် နယ်ဖျားဒေသများတွင် ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များ မရှိသည့် အတွက် အခြားဒေသမှ စုဆောင်းဝယ်ယူရန် လိုအပ်ရာ ယခုကဲ့သို့ ၈ လ ကျော် သည် အထိ လုပ်ငန်းစတင်ခြင်းမရှိပါက အချိန်မီ ပြီးစီးနိုင်မှုရှိ/မရှိ၊ ပြီးစီးနိုင်မှုမရှိပါက  ရန်ပုံငွေများသည် စာရင်း ဇယားတွင်သာ ရှိပြီး လက်တွေ့ အကောင်အထည် မဖော်ဖြစ်သွား မည်ဖြစ်သည့်အတွက် ခွင့်ပြုပေးသော ဌာနဆိုင်ရာများအနေဖြင့် မည်သို့ဆက်လက်ဆောင်ရွက်မည်ကို သိရှိလို ပါကြောင်း၊ ယခုဘတ်ဂျက်နှစ်တွင် ဖလမ်းမြို့နယ်ရှိ ဆရာဝန်များနေထိုင်ရန် ၄ ခန်းတွဲ နှစ်ထပ်ဆောင်ဆောက်ရန်နှင့် သူနာပြု အဆောင် မွမ်းမံရန် ခွင့်ပြုချက်ရရှိထားသော်လည်း ဘတ်ဂျက်နှစ် ကုန်ရန်၄ လခန့်သာ ကျန်ရှိသော်လည်း ယခုအချိန်ထိ စတင်ဆောင် ရွက်ခြင်းမရှိသေးပါကြောင်း၊  ကျန်းမာရေးဌာနဖြစ်သော ဇောင်ထဲကြီးရွာ၊ စအဲ့၊ ဆိုင်ပီး စသော ဒေသများတွင် အဆောက်အအုံဆောက်ရန်သန်း ၆၀ လောက်ချပေးရာတွင် ဆက်သွယ်ရေး အင်မတန် ခက်ခဲသော ဒေသဖြစ် သည့်အတွက် စောစီးစွာ ရန်ပုံငွေမရရှိပါက အချိန်မီပြီးနိုင်ရန် အခက်အခဲရှိ ပါကြောင်း၊  ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဌာနမှ သက်ဆိုင်ရာ ပြည်နယ်အစိုးရကို (သို့) သက်ဆိုင်ရာခရိုင်/ ခွင့်ပြုရန်ပုံငွေ ရရှိကြောင်း အကြောင်းကြားခြင်းရှိ/မရှိနှင့် ထင်သာမြင်သာရှိရန် ပြည်ထောင်စုအစိုးရက သက်ဆိုင် ရာပြည်နယ် များကို  ခွဲဝေချမှတ်ပေးသော ဘတ်ဂျက်များ၊ ရန်ပုံငွေများကို ရရှိသောခွဲတမ်းမြို့နယ် အလိုက် လွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာဌာန ဆိုင်ရာ အကြီးအကဲများနှင့်တကွ သက်ဆိုင်ရာကျေးရွာတွေများကို အသိပေးနိုင် ခြင်းရှိ/မရှိ။ စောစီးစွာ အသိပေးပါက  အန္တရာယ်များရှိ/မရှိ၊ အန္တရာယ်မရှိပါက အသိပေးနိုင်ပါမည်လား သိရှိလိုကြောင်းမေးမြန်းပါသည်။


ဖြေကြားသူ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း
အဖြေ
ဖြေကြားချက် 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ချင်းပြည်နယ်အပါအဝင် နယ်စပ် ဒေသများ ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၁၉၈၉ ခုနှစ်က စတင် အကောင် အ ထည်ဖော်ဆောင်ရွက်လျက်ရှိသည်မှာ ယနေ့ ၂၀၁၂-၁၃ အထိ ကျပ်သန်းပေါင်း ၄၉၆၃.၄၂ ခွင့်ပြုဆောင်ရွက်ပေးခဲ့ပါကြောင်း၊  ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ် အတွက် ဆေးရုံ (၁) ရုံ၊ ဆေးပေးခန်း (၁) ခန်း၊ အ-လ-က (၁) ကျောင်း၊ အ-မ-က (၁) ကျောင်း၊ ဝန်ထမ်းအိမ်ရာ (၁) လုံး၊ စိုက်ပျိုးရေး လုပ်ငန်းသုံး ရေသွယ်မြောင်း (၅) ခု၊ ဘုန်းကြီးကျောင်း (၃) ကျောင်း၊ သီလရှင် (၁) ကျောင်းနှင့် သာသနိက မွမ်းမံ ပြင်ဆင်မှုလုပ်ငန်း (၃)ခု၊ မြို့တွင်းရေပေးရေးလုပ်ငန်း (၁)ခု၊ အားကစား ကွင်းပြင်ဆင်ရေးလုပ်ငန်း (၁) ခုတို့အတွက် စုစုပေါင်းရန်ပုံငွေကျပ် ၃၅ သန်း အကုန်အကျခံ အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ခြင်းပြီး ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင်လည်း ငွေကျပ်သန်းပေါင်း ၅၁၆၁.၀၇၅ လျာထားဆောင်ရွက် လျက်ရှိပါကြောင်း၊  

တင်ဒါကိစ္စနှင့် ပက်သက်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် နည်းပညာနှင့် လုပ်ငန်းကျွမ်းကျင်မှုတို့အပေါ် မူ တည်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့အစီအမံဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများက တိုက်ရိုက်တင်ဒါခေါ်ခြင်း (သို့) ပြည်နယ်အစိုးရက တိုက်ရိုက်တင်ဒါခေါ်ယူဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို လည်း ပြည်နယ် အစိုးရအစီအစဉ်နှင့် တင်ဒါခေါ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပွင့်လင်းမြင်သာမှုရှိရန် သတင်းစာတွင် ကြေငြာပြီး တင်ဒါအောင်မြင်သော ကုမ္ပဏီများကို ပထမအရစ် ၂၀ ရာခိုင်နှုန်း ကြိုတင်ငွေထုတ်ပေးပြီး  လုပ်ငန်းများကို စတင်ဆောင်ရွက်စေပါကြောင်း၊  ဒုတိယအရစ် အ‌နေဖြင့်  ၃၀ ရာခိုင်နှုန်း ဆက်လက်ထုတ်ပေးပြီး လုပ်ငန်း၏  ၅၀ ရာခိုင်နှုန်း ပြီးစီးသည့်အချိန်တွင်  တတိယအရစ်အနေနှင့် ၃၀ ရာခိုင်နှုန်းကို ထပ်မံခွင့်ပြုထုတ်ပေးပါကြောင်း၊  လုပ်ငန်းဆောင်ရွက်မှုနှင့် လုပ်ငန်းအားလုံးပြီးစီးချိန်ကျမှသာ ပြည်နယ်ကိုယ်စားလှယ်၊ ဝန်ကြီးဌာန ကိုယ်စားလှယ်နှင့် ကျွမ်းကျင်သူရပ်ရွာကိုယ်စားလှယ်များပါဝင်သော လုပ်ငန်း ကြီးကြပ်မှုအဖွဲ့မှ စံချိန် စံညွှန်းနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိ စစ်ဆေးပြီး လုပ်ငန်းအားလုံးကို လွှဲပြောင်းအပ်နှံပြီးမှ သာလျှင် နောက်ဆုံး အရစ်၂၀ ရာခိုင်နှုန်းကို ခွင့်ပြုငွေထုတ်ပေးခြင်း ဖြစ်ပါကြောင်း၊

ပြည်ထောင်စုဝန်ကြီးဌာနမှခွင့်ပြုခဲ့သော နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းရန်ပုံငွေများကို  ခေါင်းစဉ်အလိုက် သက်ဆိုင်ရာ တိုင်း ဒေသကြီး/ ပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီများကို တိုက်ရိုက်ငွေလွှဲပို့ထုတ်ပေး၍ လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များမှ တာဝန်ယူအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင်  ယင်းအဖွဲ့များက လုပ်ငန်းတစ်ခုချင်းအလိုက် ထိရောက်အောင်မြင် စွာဆောင်ရွက်နိုင်မည့် ပြည်နယ်/ခရိုင်/မြို့နယ်/ ဒေသအလိုက်တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများလို အပ်သလိုပါဝင်စေ၍ လုပ်ငန်းဆောင်ရွက်မှုကော်မတီ၊ လုပ်ငန်းကြီးကြပ်မှု ကော်မတီများ ဖွဲ့စည်းကာ တင်ဒါစနစ်ဖြင့် အဆင့်ဆင့်တာဝန်ပေးအပ် ဆောင်ရွက်လျက်ရှိပါကြောင်း၊

ချင်းပြည်နယ်အတွင်းရှိ ကျောင်းများ၊ ဆေးရုံများ ခွင့်ပြုချမှတ်ထားသော ရန်ပုံငွေနှင့်အသုံးပြုသည့်အခါတွင် သက်ဆိုင်ရာ မြို့နယ်/ ကျေးရွာများသို့ချပြပြီး ကျေးရွာများ၏ လိုအပ်ချက်၊ ဆောင်ရွက်မည့် အစီအမံတို့ကို မြို့နယ်နှင့်  ‌ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အသိပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊  တင်ဒါ စနစ်နှင့်စပ်လျဉ်း၍ မည်သူ မဆို ပြည်တွင်း၊ ပြည်ပနှင့် နယ်စပ်ဒေသရှိဒေသခံတိုင်းရင်းသားများ၏ လုပ်ငန်း ကုမ္ပဏီများအပါအဝင် တင်ဒါအောင်မြင်သော မည်သည့်ကုမ္ပဏီကိုမဆို တင်ဒါအောင်မြင်ပါက လုပ်ငန်း အပ်နှံကြောင်းနှင့် မိမိတို့ကျေးရွာအစီအစဉ်ဖြင့် ကော်မတီများဖွဲ့စည်း တာဝန်ယူဆောက်လုပ်ခွင့်ရှိပါကြောင်း၊    

ယနေ့အချိန်ထိ လုပ်ငန်းများစတင်ဆောင်ရွက်ခြင်းမရှိသေးသည်မှာ မိုးတွင်းကာလများဖြစ်သောကြောင့် လုပ်ငန်းများ အနေနှင့် ဆောင်ရွက်ရန်အခက်အခဲရှိသည့်အတွက် ပစ္စည်းစုဆောင်းကာ  ယခုပွင့်လင်းရာသီအစမှ စတင်ဆောင်ရွက် သွားမယ့် အစဉ်အလာဖြစ်ကြောင်း၊ ချင်းပြည်နယ်သည် ဆက်သွယ်မှု အင်မတန်ခက်ခဲသည့် အတွက်  ကုမ္ပဏီများအနေနှင့် ပစ္စည်းသယ်ရန် နှောင့်နှေးမှုများဖြစ်ပေါ်လျက်ရှိသော်လည်း တိုးတက် မှုနှေးကွေးသော နယ်မြေဖြစ်သည့်အတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ အထူး သဖြင့်တော့ ပြည်သူ့ဆန္ဒနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ယနေ့ ဝန်ကြီးဌာနများ၏ ဘတ်ဂျက်ကို ခွဲဝေရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနမှ တိုင်းဒေသကြီး/ပြည်နယ်များကို ပြန်လည်ခွဲဝေပေးပြီး နောက်ပိုင်းတွင် တိုင်းဒေသကြီး/ပြည်နယ်များသည် နိုင်ငံတော်အစိုးရကို တိုက်ရိုက် တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုမှသာ ပြည်သူ့ဆန္ဒကို အနီးစပ်ဆုံးသိရှိသော ပြည်နယ်အစိုးရများသည် ပြည်သူ့ဆန္ဒနှင့် အနီးစပ်ဆုံးအောင်မြင်ရန် ခွဲဝေ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် တိုင်းရင်းသားရေးရာ ဆပ်ကော်မတီ အနေဖြင့် ချင်းပြည်နယ်သို့ရောက်ရှိပါက ပြည်နယ်အစိုးရနှင့် ပြန်လည်ပေါင်းစပ်ညှိနှိုင်းပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးခွန်လိန်း (ဖလမ်း)က ဆက်စပ်မေးခွန်းကို မေးမြန်းပါသည်။  

အချို့ဆေးရုံနှင့်ကျောင်းများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနကလည်းကောင်း၊  အချို့က ဌာန ဆိုင်ရာက လည်းကောင်း တာဝန်ယူထားခြင်းများ ရှိလိမ့်မည်ဟု ထင်ပါကြောင်း၊  ထိုအချိန်က ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနများ အနေနှင့် မည်သို့အစီအစဉ်ရှိမည်ဆိုသည်ကို ထပ်မံသိရှိလိုပါကြောင်း၊  

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသရှိတိုင်းရင်းသားများ ၏ ဒေသဖွံ့ဖြိုးရေး ကို ဆောင်ရွက် ရခြင်းကြောင့် တိုင်းရင်းသားနယ်မြေဒေသခံ ပြည်သူများကတင်ပြလာသော လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ အိမ်ရာဆောက်လုပ်‌ရေး စသဖြင့် လုပ်ငန်းအားလုံးကို မိမိတို့ဝန်ကြီးဌာနရန်ပုံငွေတွင် ခွဲဝေသုံးစွဲပါကြောင်း၊  သို့သော် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန စသဖြင့် ဝန်ကြီးဌာနများကလည်း ယင်းတို့မူအတိုင်း သီးခြားဘတ်ဂျက်နှင့် ပြည်နယ်တွင် ထပ်မံ ဆောင်ရွက်ခြင်းဖြစ်ပြီး မိမိတို့နှင့် လုပ်ငန်းတစ်ခုတည်းကို ဘတ်ဂျက် တူညီစွာ တောင်းခံခြင်းမျိုးမရှိပါကြောင်း၊ ရှိပါက ပြန်လည်ညှိနှိုင်း၍  လိုအပ်သော နေရာတွင် ထပ်မံ ဆောင် ရွက်ပေးခြင်းဖြစ်ပါကြောင်း၊  ဝန်ကြီးဌာနတစ်ခုတည်း၏ ဘတ်ဂျက်ဖြင့် သုံးစွဲငွေများဖြစ်ပြီး သက်ဆိုင်ရာပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနများအနေနှင့် လည်း ရန်ပုံငွေဘတ်ဂျက်များလျာထားပြီး ပြည်နယ်အစိုးရကို တင်ဒါစနစ်ဖြင့် လုပ်ငန်းအပ်နှံပြီး ဆောင်ရွက်စေလျက်ရှိကြောင်း ပြန်လည်ဖြေကြားပါသည်။