ချင်းပြည်နယ်၊ မင်းတပ်ခရိုင်အတွင်း မြို့နယ် ၄ ခု၏ နယ်စပ်ဖြစ်သော လည်မြို့မြစ် ပတ်ဝန်းကျင်တစ်လျှောက်သည် လမ်းပမ်းဆက်သွယ်ရေး အလွန်ခက်ခဲနေပါကြောင်း၊ ယင်းပတ်ဝန်းကျင်သည် ကျေးရွာအုပ်စုပေါင်း ၄၄ အုပ်စု၊ လူဦးရေ ၃၀၀၀၀ ကျော်နေထိုင်သည့်ဒေသဖြစ်ပြီး ဒေသတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများနှင့် ပြည်သူလူထု၏ သွားလာရေးသည် အလွန်ခက်ခဲနေပြီး အချို့ နေရာဒေသများတွင် ခြေလျင်ခရီး သွားလာနေရသောကြောင့် ခရိုင်အတွင်းရှိ မြို့နယ် ၄ ခု၏ ဆက်သွယ်သွားလာရေး ရေရှည် အကျိုးဖြစ်ထွန်းစေနိုင်ရေးအတွက် အဓိကအမာခံလမ်းအဖြစ် မတူပီ-မာဒူး-ဝေလူး-ထိန်ကောင်း-ချိုင်းစနူး-မွှန်တနူး-သံတောင်လမ်းကို ဒေသဖွံ့ဖြိုးရေး ကားလမ်းအဖြစ် ဦးစားပေး ဖောက်လုပ်ပေး မည်ဆို ပါက မင်းတပ်မြို့မှ မင်းတပ်-အောက်ချိုင့်-မာဒူးလမ်း၊ မင်းတပ်-မကွေနို-ကျားအင်နို-ကွန်သနိုလမ်း၊ ကန်ပက်လက်မြို့မှ ကန်ပက်လက်-ဝိတိုရိယတောင်-ခရိုင်း-ခနိုင်း-မိုလောင်-ခွန်သနိုလမ်း၊ ကန်ပက်လက်-ကျင်သွေး-ဆင်ပေါင်-ဟုတ်ခင်နှေး-မိုလောင်-မွှန်းတနူး လမ်းနှင့် ပလက်ဝမြို့နယ် ဆမီးမှ ဆမီး- တာချောင်းဝ-အပ်စ-ထိန်ကောင်း ကားလမ်းများကို ဆက်လက်ဖောက်လုပ်မည်ဆိုပါက လည်မြို့မြစ် ပတ်ဝန်း ကျင်ဒေသသည် ကွန်ရက်သဖွယ် ကားလမ်းများ ပေါက်လာပြီး သိသိသာသာ ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိုင်ပေါင်း ၁၅၀ ခန့်အကွာအဝေးရှိသော ယင်းခရီးလမ်းသည် အတိုဆုံးလမ်းဖြစ်သည့်အပြင် ဒေသ ခံပြည်သူလူထု၏ အကျိုးစီးပွားနှင့် နိုင်ငံဝန်ထမ်းများ၏ သွားလာရေးကို အထိရောက်ဆုံးနှင့် အလျှင်မြန်ဆုံး အကျိုးဖြစ်ထွန်းစေနိုင်မည့် မတူပီ-မာဒူး-ဝေလူး-ထိန်ကောင်း-ချိုင်းစနူး-မွှန်တနူး-သံတောင်ဒေသ ဖွံ့ဖြိုးရေး အတွက် မော်တော်ကားလမ်းကို ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
မိမိတို့ နယ်စပ်ရေးရာဝန်ကြီးဌာနသည် ချင်းပြည်နယ်အပါအဝင် နယ်စပ်ဒေသအားလုံး ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပဉ္စမကာလတို ၅ နှစ် အမျိုးသားစီမံကိန်း ရေးဆွဲချမှတ်ပြီး နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေများ နှစ်စဉ် ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ချင်းပြည်နယ်အတွင်း ၁၉၈၉ ခုနှစ်မှ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အထိ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေမှ ငွေကျပ်သန်းပေါင်း ၄၉၆၃.၄၂ သန်း ၄ ဘီလီယံကျော် သုံးစွဲဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါလုပ်ငန်းများအနက် ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွက် လမ်း/တံတား၊ ပြည်သူ့ဆက်ဆံရေး၊ သာသနာရေးလုပ်ငန်းများဆောင်ရွက်ရန် ငွေကျပ် သန်းပေါင်း ၁၇၂.၅၃၇ ကျပ်သန်းနှင့် မတူပီမြို့နယ်အတွင်း လမ်းတံတား၊ ပညာရေး၊ စွမ်းအင်၊ ပြည်သူ့ဆက်ဆံရေး၊ ဆက်သွယ်ရေး၊ သာသနာရေးလုပ်ငန်းများဆောင်ရွက်ရန် ငွေကျပ်သန်းပေါင်း ၁၁၄.၂၁ သန်း သုံးစွဲဆောင်ရွက်ခဲ့ပြီး ယခု ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်အတွင်း မြေလမ်း ၁၂၀ မိုင် ၊ ကျောက်လမ်း ၃၁ မိုင်၊ ကတ္တရာလမ်း ၁၆ မိုင်၊ သံမဏိကြိုးတံတား ၁ စင်း၊ သစ်သားတံတား ၁ စင်း၊ ကြိုးတံတား ၃ စင်း၊ သံကူကွန်ကရစ်တံတား ၇ စင်း၊ ကွန်ကရစ် ရေပြွန် ၅၀ စင်း၊ အ.ထ.က ၁ ကျောင်း၊ အ.လ.က ၂ ကျောင်း၊ အ.မ.က ၂၀ ကျောင်း၊ ဆေးရုံ ၁ ရုံ၊ ဆေးပေးခန်း ၂ ခန်း၊ ကျန်းမာရေးဌာန ၃ ခု၊ ကျန်းမာရေးဌာနခွဲ ၅ ခု၊ စိုက်ပျိုးမြေဧက ၂၀၀ ဖော်ထုတ်ခြင်း၊ ရေသွယ်မြောင်းဖောက်လုပ်ခြင်း ၅ ခု၊ မွေးမြူရေးခြံ ၂ ခြံ၊ ရေအားလျှပ်စစ် လုပ်ငန်း ၅ ခု၊ စာကြည့်တိုက် ၂ ခု၊ ဘုန်းကြီးကျောင်း ၃ ကျောင်း၊ ဓမ္မာရုံ ၁ ခု၊ သိမ် ၁ ခု၊ ၂ ခန်းတွဲ ဝန်ထမ်းအိမ်ရာ ၁၀ လုံးစသဖြင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေမှ ငွေ ကျပ်သန်းပေါင်း ၅၁၆၁.၀၇၅ သန်း ၅ ဘီလီယံကျော် လျာထားခွင့်ပြုပေးထားပြီး လုပ်ငန်းများဆောင်ရွက် လျက်ရှိ ပါကြောင်း၊ ယင်းလုပ်ငန်းများအနက် မင်းတပ်မြို့နယ်တွင် လမ်း/ တံတားအတွက် ၅၈၁ သန်း၊ ကျန်းမာရေးအတွက် ၁၇.၅ သန်း၊ စိုက်ပျိုးရေးအတွက် ၁ သန်း၊ သောက်သုံးရေရရှိရေးအတွက် ၂၂.၅ သန်း၊ စွမ်းအင်အတွက် ၈၉.၇၅ သန်း၊ ပြည်သူ့ဆက်ဆံရေးအတွက် ၁ သန်း၊ သာသနာရေးအတွက် ၂၁၊ အိမ်ရာဆောက်လုပ်ရေးအတွက် ၃၂.၅ သန်း စုစုပေါင်း ၇၆၆.၂ ၅ သန်း ခွင့်ပြုပေးထားပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့အတူ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော လမ်း/တံတားလုပ်ငန်းအတွက် ငွေကျပ် ၄၅၃၇.၃ သန်း ၄ ဘီလီယံ ကျော်၊ ရေရရှိရေးလုပ်ငန်းအတွက် ငွေကျပ် ၁၇၆ သန်း၊ လျှပ်စစ်ဓာတ်အားလုပ်ငန်းအတွက် ငွေကျပ် ၂၆၆.၄၆ သန်း၊ သာသနာရေးလုပ်ငန်းအတွက် ငွေကျပ် ၃၀၆ သန်းဖြင့် လုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန် အဆိုပြုလျာထားပြီး မင်းတပ်မြို့နယ်အတွင်း လမ်း/တံတား လုပ်ငန်းအတွက် ငွေကျပ် ၉၉၇ သန်း၊ သောက်သုံးရေရရှိရေးလုပ်ငန်းအတွက် ၂၂.၅ သန်း၊ စွမ်းအင်လုပ်ငန်းအတွက် ၃၆ သန်း၊ သာသနာရေးလုပ်ငန်းအတွက် ၂၀၃ သန်း စုစုပေါင်း ရန်ပုံငွေကျပ် ၁၂၅၈.၅ သန်း အဆိုပြု လျာထား ခဲ့ပြီးဖြစ်ပါကြောင်း၊ မတူပီ- မားဒူ- ဝေလူး- ထိန်ကောင်း- ချိုင်းစနူး- မွှန်းတနူး- သံတောင် လမ်းကြောင်းသည် မိုင် ၁၅၀ ခန့်ရှည်လျားပြီး နယ်မြေအနေအထားအရ စနစ်တကျစီမံချက်ချ၍ အပိုင်းလိုက်ဆောင်ရွက်ရ မည်ဖြစ်ကြောင်းနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးစားပေးအစီအစဉ်အရ အခြားသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စီစဉ်ဆောင်ရွက်နေရဆဲဖြစ်ခြင်း၊ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် အခြားလုပ်ငန်းများကို နယ်မြေဒေသဖွံ့ဖြိုးရေးစီမံချက်တွင် ထည့်သွင်းဆောင်ရွက်ပေးလျက် ရှိသည့်အတွက် မတူပီ-မာဒူး-ဝေလူး-ထိန်ကောင်း-ချိုင်းစနူး-မွှန်တနူး-သံတောင် ကားလမ်းဖောက်လုပ်ပေးရန်လုပ်ငန်းကို ယခုအချိန်တွင် ဆောင် ရွက်ပေးနိုင်ခြင်း မရှိသေးသော်လည်း ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အသေးစိတ်ကွင်းဆင်းလေ့လာ ၍ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
