(ခ)- ပဲခူးမြို့နယ်၊ ထန်းတောကြီးတိုက် နယ်နှင့်ဇောင်းတူတို်က်နယ်အတွင်းရှိကျေးရွာများ တွင်မိုဘိုင်းဖုန်းများအဆင်ပြေစွာအသုံးပြုနိုင်ရေး အတွက်တာဝါတိုင်များစိုက်ပေးရန်အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၄.၁၁.၂၀၁၃)
မေးခွန်း အကြောင်းအရာ 

ပဲခူးမြို့နယ်၊ ထန်းတောကြီးနှင့် ဇောင်းတူတိုက်နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၀ စု၊ ကျေးရွာပေါင်း ၄၄ ရွာ၊ လူဦးရေပေါင်း ၂၉၉၁၅ ဦးအတွက် နိုင်ငံတော်အစိုးရမှ တန်ဖိုး နည်းလက်ကိုင်ဖုန်းများ ချထားပေးခဲ့သော်လည်း ဖုန်းလိုင်းများ မမိခြင်းကြောင့် အခက်အခဲများ ရင်ဆိုင်နေကြရပါကြောင်း၊ ငွေကြေးပြည့်စုံသူ တချို့မှာ Anita တိုင်ထောင်ပြီး ဖုန်းပြောဆိုနိုင်သော်လည်း အများစုမှာ ဖုန်းပြောမရဖြစ်နေပါကြောင်း၊ လက်ကိုင်ဖုန်းများ အဆင်‌ပြေစွာ ပြောနိုင်ရန်နှင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စများ ဆောင်ရွက်နိုင်ရန် တာဝါတိုင်များ စိုက်ထူပေးရန် လိုအပ်နေ ပါကြောင်း၊ သို့ဖြစ်ပါ၍ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်းရှိ ထန်းတောကြီး တိုက်နယ်နှင့် ဇောင်းတူတိုက်နယ်အတွက် လက်ကိုင်ဖုန်းများ အသုံးပြုနိုင်ရန် တာဝါ တိုင်များ စိုက်ထူပေးနိုင်မှု အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးဝင်းသန်း
အဖြေ
ဖြေကြားချက် 

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းအနေဖြင့် ပြည်နယ်/တိုင်း ဒေသကြီးအားလုံးတွင် ဆက်သွယ်မှု လွယ်ကူအဆင်ပြေချော့မွေ့စေရေးအတွက် နှစ်စဉ်စီမံကိန်းများချမှတ်ကာ သက် ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့တို့နှင့် ညှိနှိုင်းပြီး သက်ဆိုင်ရာအစိုးရ အဖွဲ့ကြီးများ၏ ဦးစားပေး အဆင့် အလိုက် တင်ပြချက်များအပေါ် အခြေခံ၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ၂၀၁၃-၁၄ဘဏ္ဍာရေးနှစ်ပဲခူးတိုင်းဒေသ ကြီးအတွင်း ကျောက်ကြီး၊ ဖြူး၊ ရေတာရှည်၊ ကဝ၊ ဒိုက်ဦး၊ ရွှေကျင်၊ ပြည်၊ သဲကုန်း၊ ဇီးကုန်း၊ မင်းလှ၊ မိုးညို၊ သာယာဝတီတို့၌ GSM ရေဒီယိုစခန်း ၁၃ ခုအပါအဝင် ပြည်နယ်/ တိုင်း ဒေသကြီးများတွင်လည်း GSM ရေဒီယိုစခန်း ၄၀၀ တိုးချဲ့တည်ဆောက်ပေးရန် ဆောင်ရွက်နေပါကြောင်း၊ ထို့ကြောင့် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းအနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ ထန်းတောကြီး တိုက်နယ်နှင့် ဇောင်းတူတိုက်နယ်တို့တွင် GSM ရေဒီယိုစခန်းများ တည်ဆောက်တပ် ဆင်ပေးနိုင်ရေးအတွက် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ထပ်မံ ဆောင်ရွက်မည့် GSM မိုဘိုင်းတယ်လီဖုန်း တိုးချဲ့တပ်ဆင်ရေးစီမံကိန်း၌ ထည့်သွင်းဆောင်ရွက်ပေးသွား မည် ဖြစ်ကြောင်း ဖြေကြားပါသည်။