(ဆ)- အင်္ဂပူမြို့နယ်မီးသတ်တပ်ဖွ့ဲ စခန်းအတွက် မီးငြိမ်းသတ်ယာဉ်တစ်စီး ဆောင်ရွက်ပေးနိုင်မှု ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၁.၁၁.၂၀၁၃)
မေးခွန်း အကြောင်းအရာ 

ဧရာဝတီတိုင်း ဒေသကြီး၊ အင်္ဂပူမြို့နယ်သည် ရပ်ကွက်ကြီး ၃ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၇၆ အုပ်စုပါရှိပါသည်။ ယင်းမြို့နယ်ရှိ မီးသတ်တပ်ဖွဲ့စခန်းတွင် ၁၉၆၂ ခုနှစ်က ထုတ်ပေးထားသော ရေဂါလံ ၈၅၀ ဆံ့ မြင်းကောင် ရေ ၁၁၅ ရှိ တိုယိုတာ မီးသတ်ယာဉ် တစ်စီးနှင့် ၂၀၀၇ ခုနှစ်က အလှူရှင် တစ်ဦးလှူးဒါန်းသော ရေဂါလံ ၁၂၀၀ ဆံ့ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် မီးဘေးအန္တရာယ်ကာကွယ်မှု လုပ်ငန်းများနှင့် အရေးပေါ်ကိစ္စများကို ဆောင်ရွက်လျက် ရှိပါသည်။ သို့သော်လည်း အဆိုပါ တိုယိုတာမီးသတ်ယာဉ်မှာ နှစ်ပေါင်း ၅၁ နှစ် ကျော်ပြီး ဖြစ်သည့်အတွက် ပျက်စီး ယိုယွင်း လျက်ရှိရာ လုပ်ငန်းဆောင်ရွက်မှုများတွက် အခက်အခဲများစွာဖြင့် တွေ့ကြုံနေရ ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အနေဖြင့် အင်္ဂပူ မီးသတ်တပ်ဖွဲ့စခန်းအတွက် မီးသတ်ယာဉ် တစ်စီး ဆောင်ရွက်ပေးနိုင်မှုအစီအစဉ် ရှိ/မရှိသိရှိလိုပါကြောင်း ပြည်သူများ ကိုယ်စား မေးမြန်းပါသည်။

          [ဦးမောင်မောင်စိုး၊ အင်္ဂပူမဲဆန္ဒနယ်ကိုယ်စား ဒေါက်တာစိုးသူရ၊ ကျုံပျော်မဲဆန္ဒနယ် မှ မေးမြန်းပါသည်။]


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

ဧရာဝတီတိုင်း ဒေသကြီး၊ အင်္ဂပူမြို့နယ် သည် မြို့ပေါ် ရပ်ကွက် ၃ ရပ်ကွက်၊ မြို့ပေါ်အိမ်ခြေ ၁၁၉၁ လုံး၊ မြို့ပေါ် လူဦးရေ ၆၄၄၁ ဦး၊ ဌာနဆိုင်ရာ အဆောက်အဦ ၃၇ လုံးနှင့် စက်ရုံ/အလုပ်ရုံ ၁၃ လုံးရှိပါသည်။ ၁၀ နှစ် အတွင်း မီးလောင်မှု ၁၂ ကြိမ်ဖြစ်ပွားပြီး တန်ဖိုးကျပ် ၈၀၆၈၂၀ဝ ဆုံးရှုံးခဲ့ပါသည်။ အဆိုပါမြို့နယ်တွင် ၃-ယူနစ်အဆင့် မီးသတ်စခန်းဖွဲ့စည်းပုံ ခွင့်ပြုမိန့်ရရှိပြီး လက်ရှိ ဒုတိယမီးသတ်ဦးစီးမှူး ၁ ဦး၊ မီးသတ်တပ်ကြပ်ကြီး ၁ ဦး၊ မီးသတ်တပ်ကြပ် ၃ဦးနှင့် မီးသတ်တပ်သား ၅ ဦး၊ စုစုပေါင်း ၁၀ ဦး၊ တိုယိုတာမီးငြိမ်းသတ်ယာဉ် ၁ စီးနှင့် အေအိုလပ် မီးသတ်ရေသယ်ယာဉ် ၁ စီး၊ စုစုပေါင်း မီးသတ်ယာဉ် ၂ စီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၈၁၅ ဦးတို့ဖြင့် အင်္ဂပူမြို့နယ် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါသည်။ ၃-ယူနစ်အဆင့် မီးသတ်စခန်း ဖွဲ့စည်းပုံခွင့်ပြုထားသည့်အတွက် ဖွဲ့စည်းပုံအရ မီးသတ်ယာဉ် ၃ စီး ထားရှိရမည် ဖြစ်ပြီး ယူနစ်သတ်မှတ်ချက် ပြည့်မီစေရန်အတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နောက်ထပ်မီးသတ်ယာဉ် ၁ စီးဖြည့်ဆည်းရန် ဘဏ္ဍာငွေခွင့်ပြုမိန့် ရရှိပြီးဖြစ်ပါကြောင်း၊ ခွင့်ပြုရန်ပုံငွေဖြင့် မီးသတ်ယာဉ်ဝယ်ယူရေး စီမံဆောင်ရွက်လျက်ရှိပြီး ဝယ်ယူပြီးပါက မီးသတ်ယာဉ် ၁ စီးကို ထုတ်ပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွင်း မီးဘေးလုံခြုံရေး၊ သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်ရန် မြို့နယ်တိုင်းရှိ မြို့နယ်မီးသတ်စခန်းများအားလုံးကို ဝန်ထမ်း အင်အား ၃၁ ဦး၊ မီးငြိမ်းသတ်ယာဉ် ၂ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ မီးသတ်စက်ယာဉ် ၁ စီး၊ စုစုပေါင်း မီးသတ်ယာဉ် ၄ စီးပါဝင်သော မြို့နယ်မီးသတ်စခန်း ဖွဲ့စည်းပုံ အသစ်ဖြင့် တိုးချဲ့နိုင်ရေးအတွက်  နိုင်ငံတော်သို့ ဖွဲ့စည်းပုံခွင့်ပြုမိန့် တင်ပြတောင်းခံ ထားရှိပြီး ဖြစ်သည့်အတွက် ဖွဲ့စည်းပုံခွင့်ပြုမိန့်ရရှိပါက အင်္ဂပူမြို့နယ်မီးသတ်စခန်း၏ ဖြည့်တင်းရန် လိုအပ်ချက်များအတွက် ဘဏ္ဍာငွေ ခွင့်ပြုမိန့်အရ ဖြည့်တင်းသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။