ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စွမ်းအင်ဝန်ကြီးဌာန သည် မြန်မာနိုင်ငံ ကမ်းလွန် သဘာဝဓာတ်ငွေ့နှင့် ရေနံတူးဖော်ရေး လုပ်ငန်းကို ပြည်ပကုမ္ပဏီ (၁၃)ခုနှင့် စုစုပေါင်း လုပ်ကွက် ဧရိယာ ၂၆ ကွက်ကို စာချုပ်များချုပ်ဆို၍ ဆောင် ရွက်နေပြီး ကျန်ရှိသော လုပ်ကွက်ဧရိယာ ၁၀ကွက်ကို ပြည်ပကုမ္ပဏီများနှင့် ဆက် လက်ဆောင်ရွက် ညှိနှိုင်း နေသည်ကိုလည်း တွေ့ရပါကြောင်း၊ စွမ်းအင်ဝန်ကြီး ဌာနမှ ကမ်းလွန်ရေနံလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြပ်မတ်ကွပ်ကဲရန် Technical Sub Committee၊ Procurement Sub Committee၊ Accounting Sub Committee နှင့် Petroleum Capsulation Sub Committee ဟူ၍ ကော် မတီ ၄ ခုဖြင့် ဖွဲ့စည်းဆောင်ရွက် နေပါသော်လည်း အဓိကဦး စားပေးဆောင် ရွက်ရမည့် Safety Management Committee ကို ဖွဲ့စည်းဆောင် ရွက်ခြင်း မပြုတာကို လေ့ လာတွေ့ရှိရပါကြောင်း၊ မြန်မာ့ပင်လယ်ပြင်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရာတွင် မမျှော်လင့်ဘဲ ယိုစိမ့်မှုများ၊ ပေါက်ကွဲလောင် ကျွမ်းမှုများ ဖြစ်လာနိုင်ပြီး ဆိုးရွားသော သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ၊ ရေနေသတ္တဝါပြုန်းတီး မှုများ၊ ရေနံ လုပ်သားသေဆုံးမှုများနှင့် နိုင်ငံတော်အတွက် နစ်နာမှုများစွာ ရှိလာနိုင်ပါကြောင်း၊ ပြည်ပနိုင်ငံများ၏ ကမ်းလွန်ရေနံ တူးဖော်ရေးလုပ်ငန်းကို လေ့လာသည့်အခါ ဘေးအန္တရာယ် ကာကွယ်တားဆီးရေးကို အဓိကဦး စားပေး ဆောင်ရွက်နေသည် ကိုတွေ့ရှိရပြီး ကျွမ်းကျင်သူများနှင့် စိစစ်ရေးအဖွဲ့များဖွဲ့ခြင်း၊ ဥပဒေနှင့်လုပ်ငန်းညွှန် ကြားချက်များ ထုတ်ပြန်ခြင်းများကို အစဉ်အမြဲ ကြီးကြပ်ဆောင်ရွက်နေခြင်းကို တွေ့ရှိရပါကြောင်း၊
ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေ တူးဖော်ရေး လုပ်ငန်းများ တွင် ဘေးအန္တရာယ် လုံခြုံစီမံခန့်ခွဲမှုကော်မတီ Safety Management Committee ကို ဖွဲ့စည်းရန် အစီအစဉ်ရှိ/ မရှိနှင့် မေးခွန်း အစီအစဉ်မရှိပါက ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းများအတွက် ဘေး အန္တရာယ်စိစစ်ရေး ဆောင်ရွက်ထားမှုများကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော်ရေး လုပ်ငန်းများတွင် ဘေးအန္တရာယ်လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီ (Safety Management Committee) ကို လက်ရှိကာလတွင် ယင်းအမည်ဖြင့် ဖွဲ့စည်းထားခြင်းမရှိသေးသော်လည်း စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းတွင် နည်းပညာဆိုင်ရာ Technical Sub Committee၊ စံချိန်စံညွှန်းမီ ပစ္စည်းဖြည့်တင်းရေး Procurement Sub Committee နှင့် Accounting Sub Committee များ ဖွဲ့စည်းထားရှိပြီး သက်ဆိုင် ရာကော် မတီများ၏ ပူးပေါင်းကြီးကြပ်ကွပ်ကဲမှုဖြင့် ဘေးအန္တရာယ် ကင်းရှင်းလုံခြုံရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ်းလွန်ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းများ၌ ဘေးအန္တရာယ်ကင်းရှင်း လုံခြုံရေးအစီအစဉ်နှင့် ပတ်သက်၍ လက်ရှိကာလတွင် ဆောင်ရွက်ထားရှိမှုများအား ဆက်လက် ရှင်းလင်း တင်ပြသွားမည်ဖြစ်ပါကြောင်း၊
မြန်မာ့ကမ်းလွန်ရေနံရှာဖွေရေးလုပ်ငန်းများအား နိုင်ငံခြားရေနံကုမ္ပဏီများမှ လုပ်ငန်းဆောင်ရွက်သူ Operator အနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိပြီး၊ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှာလည်း အစုဝင်တစ်ဦး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသော နိုင်ငံခြားရေနံကုမ္ပဏီများသည် ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်သော သက်ဆိုင်ရာလုပ်ငန်းများအတွက် မြန်မာနိုင်ငံ၏ ချမှတ်ကျင့်သုံးလျက် ရှိသော ဥပဒေများကို လည်းကောင်း၊ နိုင်ငံတကာတွင် လိုက်နာကျင့်သုံးလျက်ရှိသော သက်ဆိုင်ရာချမှတ်ထားသော မူဝါဒများနှင့် နည်းဥပဒေများကိုလည်းကောင်း လိုက်နာကျင့်သုံး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လုပ်ငန်းဆောင် ရွက်နေသော Operator ကုမ္ပဏီများအနေဖြင့် နိုင်ငံတကာစံညွှန်းများအတိုင်း (Safety Management Plan) များရေးဆွဲကာ Safety တာဝန်ခံများ၊ မန်နေဂျာများမှ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စများအား ဆောင်ရွက်လျက်ရှိပါကြောင်း၊
လုပ်ငန်းခွင်အတွင်း Safety နှင့် ကိုက်ညီမှုရှိ/မရှိ လိုအပ်သောစစ်ဆေးမှုများကို နေ့စဉ်ပြုလုပ် မှတ်တမ်း တင်ခြင်း၊ နေ့စဉ်၊ အပတ်စဉ် Safety Meeting များပြုလုပ်ကာ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ ကိုယ်စားလှယ်များအပါအဝင် သက်ဆိုင်ရာဝန်ထမ်းအားလုံး အစည်းအဝေးတွင် ပါဝင်ဆွေးနွေးခြင်း၊ တွေ့ရှိ လာသော အားနည်းချက်များ ထောက်ပြခြင်း၊ ပြုပြင်ရမည့်ကိစ္စများအား ဝိုင်း ဝန်းပြုပြင်စေခြင်းဖြင့် Health, Safety & Environment (HSE) တာဝန်ခံများမှ ကြီးကြပ် ကာ ဆောင်ရွက်ပေးသည့်အပြင် ကုမ္ပဏီများမှ အသုံးပြုနေသော ရဟတ်ယာဉ်များမှ အရေးပေါ် အခြေအနေ များ ဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်းဆောင် ရွက်နိုင်ရန် ကြိုတင် လေ့ကျင့်ပျံသန်းမှုများ ပုံမှန်ဆောင်ရွက်ရသကဲ့သို့ Sub-Contractor များမှလည်း လုပ်ငန်းခွင် အသုံး ပြုမည့် စက်ကိရိယာများကြံ့ခိုင်မှု၊ စိတ်ချရမှုအတွက် နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရ ရှိအောင် ဆောင်ရွက်ထားရပြီး ပုံမှန်စစ်ဆေးမှုများကိုလည်း ပြုလုပ်ရပါကြောင်း၊
ယင်းဆောင်ရွက်ချက်များနှင့် လုပ်ငန်းခွင်တွင် တွေ့ကြုံရသော အခြေအနေများကို ၆ လတစ်ကြိမ် ပြုလုပ်သော Technical Committee Meeting တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အပါအဝင် အစုဝင် ကုမ္ပဏီများ အားလုံးအား Operator ၏ Safety Officer မှ မှတ်တမ်း အချက်အလက်များဖြင့် ရှင်းလင်းတင်ပြကာ ဝိုင်းဝန်းဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် လက်ရှိကမ်းလွန်ရေနံလုပ်ငန်းခွင်တွင် လုပ်ကိုင်နေကြသော လုပ်သားများဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လည်း အောက်ပါအ တိုင်း ဆောင်ရွက် လျက် ရှိပါကြောင်း၊
ကမ်းလွန်ရေနံကုမ္ပဏီများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအား လုပ်ငန်းခွင်မဝင်မီ ရေနံကုမ္ပဏီများမှ ကျန်းမာရေးစစ်ဆေးစေခြင်း၊ Safety Training များပြုလုပ်ပြီး သက်ဆိုင်ရာ အောင်လက်မှတ်ရရှိမှသာ လုပ်ငန်း ခွင်သို့ ဆောင်ရွက်ခွင့်ရှိခြင်း၊ လုပ်ငန်းခွင်တွင် ဆရာဝန်တစ်ဦးအမြဲရှိပြီး၊ တစ်စုံတရာဖြစ်ပေါ်ပါက လိုအပ်သလို စစ်ဆေးမှုခံယူကာ ကုသပေးခြင်း၊ ပင်လယ်ပြင်တွင် ဆောင်ရွက်နိုင်မည့် အခြေအနေမရှိပါက ကုန်းပေါ်သို့ ပို့ဆောင် ကာ ဆေးကုသမှု ခံယူစေခြင်းများလည်း ပြုလုပ်ပေးပါကြောင်း၊
လုပ်ငန်းခွင်တွင် သတ်မှတ်ထားသော Personal Protection Equipment (PPE) ဝတ်စုံများ ဖြစ်သော ဦးထုပ်၊ ဖိနပ်၊ လက်အိတ်၊ ဝတ်စုံ၊ မျက်မှန်၊ နားအဆို့ စသည့် သက်ဆိုင်ရာလုပ်ငန်းအပေါ် မူတည်ပြီး သတ်မှတ်ထားသော (PPE) များကို အမြဲဝတ်ဆင်ပြီးမှ ဆောင်ရွက်ရခြင်း၊ လုပ်ငန်းခွင်တွင် နေရာများသတ်မှတ်ပြီး ခွင့်ပြုနေရာအထိသာ တာဝန်ရှိသူမှအပ ကျန်လူများ ဝင်/ထွက်ခွင့် မပြုခြင်း၊ အန္တရာယ်ပြ အမှတ်အသားများထားရှိခြင်းနှင့် အန္တရာယ် ကင်းအောင် ဆောင်ရွက်ရမည့် နည်းလမ်းများအား ညွှန်ကြားပြသ ထားရှိပါကြောင်း၊
ပင်လယ်ပြင်ညစ်ညမ်းမှုနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ကာကွယ်ရန် စွန့်ပစ်အမှိုက်များအား အဆင့်အတန်း ခွဲခြားကာ နိုင်ငံတကာနည်းစနစ်များအတိုင်း စနစ်တကျစွန့်ပစ်ခြင်း၊ အခြားအန္တရာယ်ရှိ ဓာတုပစ္စည်းများ စွန့်ပစ်ခြင်းကို သတ်မှတ်ချက် များအတိုင်း စနစ်တကျစွန့်ပစ်ခြင်း၊ အန္တရာယ်ရှိပစ္စည်းများ ပင်လယ်ပြင်သို့ စွန့်ပစ်မှု မပြုလုပ်ရန် အထူးတားမြစ်ထားခြင်း၊ အသုံးပြုသော စက်ဆီ၊ ချောဆီများ ယိုဖိတ်မှုအတွက်လည်း အထူးလေးစား လိုက်နာရန် စံနှုန်းများသတ်မှတ်ညွှန်ကြားထားပြီး ဖြစ်ပေါ်လာပါက အရေးပေါ်ဆောင်ရွက်နိုင်ရန် ပစ္စည်းကိရိယာ များ၊ အသုံးအဆောင်များထားရှိ ဆောင်ရွက်ရခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် ထိခိုက်မှုများ မဖြစ်ပေါ်စေရန်အတွက် ပင်လယ်ပြင်တွင်ရှိသော ပလပ်ဖောင်းများ၊ တွင်းတူးစက်များနှင့် သင်္ဘောများပေါ်တွင် မိုးလေဝသအခြေအနေများအား နေ့စဉ် မှတ်တမ်း တင်စောင့်ကြည့်ပြီးတော့ အရေးပေါ်အခြေ အနေဖြစ်ပေါ်လာ ပါက ဘေးကင်းရာသို့ ကြိုတင်ရွှေ့ပြောင်းခြင်းများ ဆောင်ရွက်ပါကြောင်း၊ ပင်လယ်ပြင် အရေးပေါ်အခြေ အနေ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် အစီအစဉ်များကို ဝန်ထမ်းအားလုံးအား ညွှန်ကြားရှင်းလင်းပြသထားပြီး အရေးပေါ်ဆက်သွယ်ရမည့်ပုဂ္ဂိုလ်၊ တာဝန်များခွဲခြားထားပြီး၊ မိမိတို့အတွက် သတ်မှတ်ထားသော စုရပ်နှင့် Life Boat များအတိုင်းစီးနင်းနိုင်ရန် Muster Station များ သတ်မှတ်ခြင်း၊ Life Boat များအား ပုံမှန်စစ်ဆေးမှုများပြုလုပ်ခြင်း၊ အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်နည်းလမ်း များကို သက်ဆိုင်ရာအဖွဲ့ငယ်များဖြင့် ကြိုတင်လေ့ကျင့်မှုများ အပတ်စဉ်ပြုလုပ် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
