(ခ)- သာယာဝတီမြို့နယ်၊အလယ်ကုန်း-ဖိုးခေါင် လမ်းအားကတ္တရာလမ်းအဖြစ်ခင်းပေးနိုင်ခြင်း ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၁.၁၁.၂၀၁၃)
မေးခွန်း အကြောင်းအရာ 

သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ယခင်ဗြိတိသျှလက်ထက်က ကတ္တရာလမ်းအဖြစ် ဖောက်လုပ်ပေးခဲ့သော အရှည် ၄ မိုင် ၅ ဖာလုံရှိ အလယ်ကုန်း-ဖိုးခေါင်လမ်းသည် သာယာဝတီမြို့နှင့် သုံးဆယ်မြို့အကြား၊ ရန်ကုန်-ပြည်လမ်းနှင့် ဖိုးခေါင်ကျေးရွာ မြစ်မခ မြစ်ကမ်းပါးနှင့် ဆက်သွယ်သော လမ်းဖြစ်ပါသည်။

သို့ရာတွင် အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ယိုယွင်းပျက်စီးလျှက်ရှိနေပြီး သွားရေးလာရေးတွင် ခက်ခဲ ကြန့်ကြာမှုများ ဖြစ်ပေါ်နေရပါကြောင်း၊ ယင်းလမ်းအကျယ်မှာ ၁၂ - ၁၅ ပေရှိပြီး၊ တာပုံစံအမြင့်ဖြစ်ပါသည်။ ၎င်းလမ်းကို မြို့နယ်စည်ပင်သာယာမှ တာဝန်ယူထားသော်လည်း ရန်ပုံငွေခွဲဝေသုံးစွဲမှု နည်းပါးသဖြင့် ပြုပြင်နိုင်စွမ်း မရှိသေးပါကြောင်း။

အလယ်ကုန်း-ဖိုးခေါင်လမ်းကို အနီးအနား ပတ်ဝန်းကျင်မှ လူဦးရေ ၃၀၀၀၀ သန်းခန့် အသုံးပြု သွားလာလျက်ရှိပြီး ၎င်းလမ်းကို ပြုပြင်ပေးပါက ဒေသထွက် ကုန်ပစ္စည်း ကုန်စည်စီးဆင်းမှု မြန်ဆန်လာခြင်း၊ ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး ကိစ္စများအပြင် အရေးပေါ် အခြေအနေများတွင်လည်း အချိန်နှင့်တစ်ပြေးညီ လွယ်ကူချောမွေ့စွာ သွားလာနိုင်မည် ဖြစ်ပါကြောင်း၊ သို့ပါ၍ အလယ်ကုန်း-ဖိုးခေါင်လမ်းအား နိုင်ငံတော်မှ ကတ္တရာလမ်းအဖြစ် ခင်းပေးနိုင်ရန် အစီအစဉ် ရှိ/မရှိနှင့် ကတ္တရာလမ်းခင်းပေးမည် ဆိုပါက မည်သည့်အချိန်တွင် ခင်းပေးမည်ကို ဒေသခံပြည်သူများ၏ ကိုယ်စား သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖံွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငွေ
အဖြေ
ဖြေကြားချက် 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီး တင်ပြသော အလယ်ကုန်း-ဖိုးခေါင်လမ်းကို ကတ္တရာလမ်းကို ဆောင်ရွက်မည် ဆိုပါက ခန့်မှန်းကုန်ကျငွေ ၄၇၃.၆၀ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ ပဲခူး တိုင်းဒေသကြီး အတွင်း မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ကျပ်သန်းပေါင်း ၆၀၆၉.၁၅၊ ၆.၀၉ ဘီလီယံ ကတ္တရာလမ်းအားဖြင့် ၃၃ မိုင် ၆ ဖာလုံခွဲ၊ ကျောက်လမ်းအားဖြင့် ၂၄ မိုင် ၁ ဖာလုံ၊ မြေသားလမ်းအဖြစ် ၇၃ မိုင်၊ ခရိုင်ဆက်လမ်း ပြင်ဆင်ထိန်းသိမ်းရေးအတွက် ကျပ် ၁၁၇.၁၆ သန်း၊ သစ်သားတံတား ၁၅၂၉ ပေနှင့် ရေပြွန် ပေ ၇၀၀ တို့ကို ခွင့်ပြုလျာထားပြီးဖြစ်ပါကြောင်း။

ပဲခူးတိုင်းဒေသကြီး သာယာဝတီ မြို့နယ်အတွင်း ဆောင်ရွက်ပေးရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ရန်ပုံငွေ ကျပ် ၄၃၁.၅ သန်းဖြင့် လမ်းများတည်ဆောက်ရန် ခွင့်ပြုလျာထားပါကြောင်း၊ သို့ဖြစ်ပါ၍ အလယ်ကုန်း-ဖိုးခေါင်လမ်း ကတ္တရာခင်းခြင်း ကို ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် ထည့်သွင်း လျာထားခြင်း မရှိသေးပါကြောင်းနှင့် ကျေးရွာများအနေဖြင့် လိုအပ်ချက်များတင်ပြလာပါက မိမိတို့ ကျေးရွာဖွံ့ဖြိုးရေး အထောက်အကူအဖွဲ့မှ ဦးစားပေးအလိုက် စာရင်းပြုစုပြီး မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြုအဖွဲ့နှင့်စိစစ်ပြီး တိုင်းဒေသကြီးအစိုးရမှ ဆက်လက်တင်ပြပါက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နီးစပ်ရာ ဘဏ္ဍာရေးနှစ်တွင် လျာထားတောင်းခံပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။