(ဃ)- အရက်ဆီ သက်သက် မဖြန့်ဖြူးဘဲ သုံးဆောင်နိုင်သောအခြေအနေရောက်မှဖြန့်ဝေရာင်း ချသင့်ကြောင်းနှင့်အရက်ဆီကိုယ်စားလှယ်ပေးခြင်း ကို ရပ်တန့်ပေးပါရန် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၂၉.၁၀.၂၀၁၃)
မေးခွန်း အကြောင်းအရာ 

ယခုမေးခွန်းမှာ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်သောမေးခွန်းဖြစ်မည်ဟု ထင်မြင်မိပါကြောင်း၊ အကြောင်းမှာ ယခင် စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သည့် အရက်များကို သယ်ယူမှုလွယ်ကူစေရန်နှင့် ခရီးစရိတ်သက်သာစေရန် အရက်ဆီ များအဖြစ်ပြောင်းလဲ ထုတ်လုပ်ခဲ့ပါသည်။ ယင်းအရက်ဆီများကို BEDC အရက်ဖြူဖြစ်အောင် ရေနှင့် အချိုးကျရောစပ်ပြီး ကိုယ်စားလှယ်များမှတစ်ဆင့် သောက်သုံးသူများထံသို့ ဖြန့်ဖြူးရောင်းချ လျက်ရှိပါသည်။ ယခုအခါတွင် စက်မှုဝန်ကြီးဌာနမှ ပြည်ထဲရေးဝန်ကြီးဌာနကိုလွဲပြောင်းပြီး ထိုမှတစ်ဆင့် ပုဂ္ဂလိကစက်ရုံများကို လိုင်စင်များ ခွင့်ပြုထားကြောင်း သိရှိရပါသည်။ ယင်းအရက်ဆီများကို ထုတ်လုပ် ရောင်းချနေရသည့် အကြောင်းရင်းမှာလည်း  သောက်သုံးသူများအား အန္တရာယ်ကင်းရှင်းစွာနှင့် သောက်သုံးနိုင်စေရန် ဖြစ်ပါကြောင်း၊ အခုအခါမှာ ပြည်ထဲရေး ဝန်ကြီးဌာနမှ ခွင့်ပြုထားသော ပုဂ္ဂလိကစက်ရုံများမှ ထုပ်လုပ်သည့် အရက်များမှာ ပိုမိုဆိုးရွားလာပါကြောင်း၊ အရက်ပြတ်စေရန် Methanol များရောပြီး ရောင်းချခြင်း၊ အလွယ်တကူ သယ်ယူသောက်သုံးနိုင်စေရန် ပလပ်စတစ် အိပ်များဖြင့်ထည့်၍ ရောင်းချခြင်း များကြားသိနေရပါသည်။ ယင်းကိစ္စရပ်များကို မိမိတို့အနေဖြင့် ကြီးကြပ်ရေးအဖွဲ့များဖြင့် သေချာစွာ စစ်ဆေးကြပ်မတ်ခဲ့ပါကြောင်း၊ လူငယ်များ အနေဖြင့် ခရီးသွားချိန်များတွင် အရက်ဆီများကို ရေဖြင့်ရော၍ ချက်ချင်းသောက်သုံးခြင်းများကိုလဲ ကြုံတွေ့ နေရပါကြောင်း၊ ထိုသို့ သောက်သုံးသည့်အတွက်ကြောင့် အသည်းပျက်စီးခြင်းကဲ့သို့သောရောဂါများဖြင့် အသက်အန္တရယ်ထိခိုက်ကာ အမြန်သေဆုံးကြရပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆင်းရဲသော ပြည်သူများအတွက် အန္တရာယ်ကင်းစေရန်၊ ဈေးနှုန်းသက်သာစေရန် ထုတ်လုပ်ခဲ့သော်လည်း ပြည်သူများအနေဖြင့် ပိုမိုဆိုးရွားသော အခြေအနေဖြင့် ကြုံတွေ့နေကြရပါကြောင်း။

သို့ပါ၍ ပုဂ္ဂလိက အရက်ချက်စက်ရုံများမှ တစ်ပြည်လုံးဖြန့်ဖြူးနေသော အရက်ဆီများကို အရက်ဆီ သက်သက် မဖြန့်ဖြူးဘဲ အန္တရာယ်ကင်းစွာ သောက်သုံးနိုင်သော အခြေအနေ‌ရောက်မှ ဖြန့်ဝေရောင်းချရန် အစီအစဉ်ရှိမရှိနှင့် အန္တရယ်ကင်းသည့် နိုင်ငံခြားအရက်များအား ဈေးလျော့ပြီးရောင်းချရန် အစီအစဉ် ရှိမရှိသိရှိ လိုကြောင်း မေးမြန်း ပါသည်။


 

ဖြေကြားသူ
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိန်းအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

ယခင်က အမှတ်(၁)စက်မှုဝန်ကြီးဌာန လက်အောက်တွင် အရက်ထုတ် စက်ရုံများရှိရာ မန္တလေးအမှတ်(၁) အရက်စက်ရုံမှာ ကုန်သွယ်မှုမူဝါဒကောင်စီ အစည်းအဝေး၊ ဒီက ပုဂ္ဂလိက ပိုင်ပြုလုပ်ရေးကော်မတီ မှတစ်ဆင့်  မြန်မာနိုင်ငံစီးပွားရေးပိုင် လီမိတက်ကို ၃၁.၈.၂၀၀၉ ရက်နေ့တွင်လည်းကောင်း၊ ဇေယျဝတီအမှတ် (၂) အရက်ချက် စက်ရုံကိုလည်း ကုန်သွယ်မှု မူဝါဒကောင်စီ အစည်အဝေးဆုံးဖြတ်ချက် (၂၉/၂၀၀၉) အရ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်မှတစ်ဆင့် ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လိမိတက်ကို ၁၅.၉.၂၀၀၉ ရက်နေ့တွင် လွှဲပြောင်းပေးပြီးဖြစ်ပါသည်။ မောင်လမြိုင်အမှတ်(၄) အရက်စက်ရုံကိုလည်း ၁.၉.၂၀၁၃ ရက်နေ့တွက် Mandalay Golden Manufacturing Co., Ltd  ကို ငှားရမ်းခဲ့ရာ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အရက်ထုတ်လုပ်မှုကို ၃၁.၇.၂၀၀၉ ရက်နေ့ကတည်းက ရပ်ဆိုင်းထားခဲ့ပါကြောင်း၊ စက်မှုသုံး အရက်ပြန် ဘီးလင်းစက်ရုံကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ခွင့်ပြုချက် အရ Myanmar Winery & Distillery Co.,Ltd နဲ့ ပူးပေါင်းပြီး ဖက်စပ်စက်ရုံ တည်ထောင်ပြီးတော့  ဘီးလင်းအရက်ပြန်စက်ရုံ အဖြစ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒိုက်ဦး ကော်မှုန့် စက်ရုံကိုလည်း ၁.၁၀.၂၀၁၁ ရက်နေ့တွင် Fortune International Co., Ltd ကို ငှားရမ်းပြီး ကုမ္ပဏီအနေဖြင့်လည်း ပုလင်းသွင်း အရက်များကိုသာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိပါသည်။ စက်မှုဝန်ကြီးဌာန လက်အောက်ရှိ တင်ပြခဲ့သောဌားရမ်း စက်ရုံတစ်ရုံနဲ့ ဖက်စပ် စက်ရုံများမှာ ထုတ်လုပ်နေသော အရက်ပြင်းများကို အဆင့်ဆင့် ဖျော်စပ်ပြီး လူအများသောက်သုံးရန် အသင့်ရှိသော (Under Proof) ပုလင်းသွင်း အရက်များကိုသာ  ကျွန်တော်တို့ ပြည်သူများကိုသာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက် ရှိပါသည်။ အရက်ချက်လုပ်ခြင်း၊ ထုတ်လုပ်ခြင်း၊ သယ်ယူခြင်း၊ ပေါင်းစပ်ခြင်း၊ ရောနှောခြင်း၊ ပုလင်းသွင်းခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများကို ပြည်ထဲရေး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယစ်မျိုး ဥပဒေနှင့်အညီ လုပ်ငန်းအမျိုးအစားပေါ် မူတည်ပြီး လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များကို ထုတ် ပေးလျက် ရှိပါသည်။  အများပြည်သူများ သောက်သုံး ရန်သင့်ရှိသော (Under Proof) အရက်များကိုသာ ဖြန့်ဖြူးရောင်းချရန်သာ ခွင့်ပြုထားကြောင်းလည်း သိရှိရပါသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ပုဂ္ဂိလိကအရက်ချက်စက်ရုံများသို့ ထုတ်ပေးထားသော လိုင်စင်အမျိုးအစားပေါ် မူတည်ပြီး ကျန်းမာရေးဝန်ကြီးဌာနရှိ  မြန်မာနိုင်ငံအစား အသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ (FDA) ရဲ့ ထောက်ခံချက် လက်မှတ်များ၊ ဓါတုဗေဒရုံး၏ဓါတ်ခွဲ စမ်းသပ်ချက်များအရ ခွင့်ပြုပေးသော လုပ်ငန်းများကိုသာ တိုင်းဒေသကြီး/ပြည်နယ် ကောင်စီ နယ်မြေ အတွင်းရှိ သက်ဆိုင်ရာ ဦးစီးဌာနများ ပါဝင်သော ကြီးကြပ်ရေး အဖွဲ့များ၏ သဘောထား မှတ်ချက်များ၊ ထောက်ခံချက်များတင်ပြမှသာ စက်မှုဝန်ကြီးဌာနအနေဖြင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီး ဌာနက ပုဂ္ဂလိက စက်မှုလုပ်ငန်းဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ အဆိုပါ စက်ရုံများကို မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် ပုဂ္ဂလိက အရက်ချက် စက်ရုံ များမှတစ်ဆင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီး တင်ပြသည့်အတိုင်း အရက်ဆီများ အား ပြည်သူသို့ ဖြန့်ဖြူးရောင်းချခြင်း မပြုရန်လည်း သက်ဆိုင်ရာဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအနေဖြင့် ပေါင်းစပ်ညှိနှိုင်း ပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် စက်မှုဝန်ကြီးဌာနအနေနှင့် အရက်ဆီထုတ်လုပ်ခြင်း၊ အရက်ဆီ ကိုယ်စားလှယ် ပေးခြင်းများ မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။