ပျော်ဘွယ်မြို့နယ်တရားရုံးနှင့် ဥပဒေရုံးတို့ကို ခေတ်မီ ၂ ထပ်ရုံးအဖြစ် ဝန်ထမ်းများ ၏ နေအိမ်၊ လုံခြုံသောအချုပ်ခန်း၊ အမှုသည်များ၏ နားနေခန်းများ ပူးတွဲထည့် သွင်းပြီး တည်ဆောက်ပေးရန် တင်ပြရသည် ရည်ရွယ်ချက် မှာ ပျော်ဘွယ်မြို့၏ အိမ်ခန်းငှားခများသည် အနည်းဆုံး ၅၀၀၀၀ က ၁၀၀၀၀၀ ဝန်းကျင်ခန့်အထိ ရှိနေသည့်အတွက် တရားသူကြီးများ၊ ဥပဒေ ဝန်ထမ်းများတို့သည် ၎င်းတို့ ရရှိသော လစာနှင့် အိမ်လခ၊ ရေ၊ မီးစသော စရိတ်နှင့်ပင် လစာတစ်ဝက်ကျော်ခန့် ကုန်ကျနေပါကြောင်း၊ ထို့ကြောင့် ရပ်ဝေးမှလာသောဝန်ထမ်းများအတွက် နေအိမ် ခန်းများ ဆောက်လုပ်ပေးခြင်းဖြင့် အဂတိလိုက်စားမှု ဆောင်ရွက်ရာတွင် တရားမျှတမှုရှိရေးအတွက် အထောက်အကူဖြစ်စေမည် ဖြစ်သည့်အပြင် ယနေ့ ပြည်သူ့ကိုဗဟိုပြုပြီး ပြည်သူ့တာဝန်များကို ထမ်းဆောင်နေကြ ချိန်ဖြစ်သောကြောင့် ပြည်သူများ တရားရုံးသို့ အမှုကိစ္စများ လာရောက်ဆောင်ရွက် ရာတွင် သစ်ပင်အောက်ထိုင်၍ စောင့်ဆိုင်းနေရခြင်းမျိုးများသည် မသင့်တော်ခြင်းကြောင့် ခေတ်မီ ၂ ထပ် အဆောက်အအုံဆောက်ပေးရန် တောင်းခံရခြင်းဖြစ်ကြောင်း။
တရားစီရင်ရေးအထောက်အကူပြုကော်မတီ ဖွဲ့စည်းဆောင်ရွက်စေခြင်းနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက် ဖျက်ရေး အကောင်အထည်ဖော်ရာတွင် အရေးယူဆောင်ရွက်နေရုံနှင့် မလုံလောက်ဘဲ ကောင်းမွန်သောစီမံခန့်ခွဲမှု လိုအပ်မည် ယူဆပြီး ဒေသခံပြည်သူများထဲမှ ဥပဒေပညာကျွမ်းကျင်၍ အကျင့်စာရိတ္တကောင်းမွန်သော လူကြီး လူကောင်းများကို ဂျူရီလူကြီးများကဲ့သို့ တာဝန်ထမ်းဆောင်နိုင်သည့် တရားစီရင်ရေးအထောက် အကူပြု အဖွဲ့ များနှင့် တရားစီရင်ရေးကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အဂတိကင်းရှင်းပြီး တရားစီရင်ရေး မဏ္ဍိုင် ဖြောင့် မတ် လာနိုင်မည်ဖြစ်သောကြောင့် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ (က) ပျော်ဘွယ်မြို့နယ် တရားရုံးနှင့် ဥပဒေရုံးတို့သည် ဝ.၈ ဧကခန့်ရှိသော မြေနေရာတွင် တည်ရှိပြီး ထိုမြေနေရာတွင် ဝန်ထမ်းများ၊ အိမ်ငှားများ၊ လုံခြုံသော အချုပ်ခန်း များ၊ အမှုသည်များ နားနေခန်းများပူးတွဲပါသည့် ခေတ်မီ ၂ ထပ် တရားရုံး၊ ဥပဒေရုံးများ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် (ခ) မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်တရားရုံးများတွင် ဂျူရီလူကြီးများကဲ့သို့ တရားစီ ရင်ရေး အထောက်အကူပြုကော်မတီများ ဖွဲ့စည်း ဆောင်ရွက် ပေးနိုင်ခြင်း အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။
မေးခွန်း(က)နှင့်စပ်လျဉ်း၍ ပျော်ဘွယ်မြို့နယ်တရားရုံး မြေနေရာကို ဌာနပိုင် အမည်ပေါက် ရရှိရေးအတွက် ဆောင် ရွက်နေဆဲ ဖြစ်သောကြောင့် လတ်တလော တွင် ခေတ်မီတရားရုံးအဆောက်အဦနှင့် ဝန်ထမ်း အိမ်ရာများ ဆောက် လုပ်ရန် အစီအစဉ်မရှိသေးပါ ဆက်လက်ပြီး ကြယ်ပွင့်ပြ မေးခွန်းအမှတ်(ခ)နှင့် စပ်လျဉ်း ၍ ပြည်သူ့ လွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဦးစိုးဝင်း (ကျောက်တံတား) မဲဆန္ဒနယ်နှင့် မေးမြန်းဖြေကြားခဲ့ပြီးဖြစ်ပါကြောင်း၊ ယခင်တရားလွှတ်တော်နှင့်စက်ရှင်တရားရုံးများက စစ်ဆေးစီရင်သော ပြစ်မှု ဆိုင်ရာအမှုများနှင့်စပ်လျဉ်းပြီး ဂျူရီနှင့် စစ်ဆေးစီရင်ခြင်းဆိုင်ရာကိစ္စရပ်များကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ အခန်း ၂၃ တွင် ပြဋ္ဌာန်းထားဆောင်ရွက် ထား ပါကြောင်း၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ အခန်း ၂၃ ပါ တရား လွှတ်တော်နှင့် စက်ရှင်တရားရုံးများမှာ စစ်ဆေးစီရင်သော အမှုများနှင့်စပ်လျဉ်းပြီးတော့ ၁၉၄၆ ခုနှစ်အထိ ဂျူရီနှင့် စစ်ဆေးသော လုပ်ထုံးလုပ်နည်းကို မြန်မာနိုင်ငံ စက်ရှင် တရားရုံးများတွင် ကျင့်သုံးခဲ့သော်လည်း ၁၉၄၆ ခုနှစ်တွင် အထူးတရားသူကြီးများ အက်ဥပဒေ ကို ပြဋ္ဌာန်းပြီးသည့်နောက် ဂျူရီနှင့်စစ်ဆေးသော စနစ်ကို ထိုအချိန်ကစပြီး ကျင့်သုံးခဲ့ခြင်းမရှိသကဲ့သို့ တရား လွှတ်တော်တွင်လည်း ဂျူရီစနစ်ဖြင့် ကျင့်သုံးသည့် စနစ်မရှိတော့ပါကြောင်း။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေ များ အရပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင်တရားလွှတ်တော်ချုပ် တရားသူကြီးများ ခန့်အပ်ဆောင်ရွက်စေသကဲ့သို့ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် တရားလွှတ်တော်များတွင်လည်း သက်ဆိုင်ရာ တရားသူကြီးများ ခန့်အပ်၍ အမှုများကို လွယ်ကူချော့မွေ့စွာနှင့် မှန်ကန်မြန်ဆန်စွာ စစ်ဆေးစီရင်လျက်ရှိပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတစ်ဝန်း လူဦးရေသည် ၁၉၄၆ ခုနှစ်ကထက် ထူထပ်များပြားလာသည့်အလျောက် မှုခင်းများမှာလည်း ထိုခေတ်အခြေအနေထက် အဆမတန်ပိုမိုများပြားလာသည်ကို တွေ့ရပါကြောင်း၊ ဤအခြေ အနေတွင် ပြစ်မှုဆိုင်ရာ အမှုများကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ အခန်း ၂၃ တွင်ပါသော ဂျူရီလူကြီးများကဲ့သို့ တရားစီရင်ရေး အထောက်အကူပြုကော်မတီနှင့် ဖွဲ့စည်းဆောင်ရွက် စစ်ဆေးမယ်ဆိုပါက အမှုတစ်မှုအတွက် ဂျူရီလူကြီးဦးရေသည် အနည်းဆုံး ၅ ဦးအထက်မှ အများဆုံး ၉ ဦးအထိပါဝင်ရမှာဖြစ်သောကြောင့် အမှုများစွာ အတွက် ဂျူရီလူကြီးဦးရေများစွာ လိုအပ်မှာ ဖြစ်ရာ တစ်မှုချင်းစီအလိုက် လိုအပ်သော ဂျူရီလူကြီးဦးရေကို ခန့်ထားရန်အတွက် အခက်အခဲရှိနိုင်ပါကြောင်း၊
ဂျူရီစနစ်ဖြင့် စစ်ဆေးခြင်းအားဖြင့် အမှုကို ဆုံးဖြတ်သည့်နေရာတွင် အထောက်အကူရနိုင်သော်လည်း ဂျူရီ လူကြီးများကို ရွေးချယ်သည့်နေရာတွင် နှောင့်နှေးကြန့်ကြာမှုရှိနိုင်ခြင်း၊ ရွေးချယ်ထားသော ဂျူရီများက အမှုတွင် အစမှအဆုံးပါဝင်နိုင်မှုမရှိ သည့် ကိစ္စရပ်များ ပေါ်ပေါက်လာသည့်အခါ ဂျူရီလူကြီးများအစားထိုးပြီး အမှုကိုတဖန် အစက ပြန်လည် စစ်ဆေးရခြင်း တို့ကြောင့် မြန်ဆန်စွာ စစ်ဆေးဆုံးဖြတ်မှုကို အဟန့်အတားဖြစ်ပြီး အမှုများကြန့်ကြာနိုင်ခြင်း၊ ဂျူရီလူကြီးများအတွက် ကုန်ကျ စရိတ်များစွာရှိနိုင်ခြင်း၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၃၀၆ ပြဋ္ဌာန်းချက်အရ လွှတ်တော်တွင် ဂျူရီလူကြီးဖြင့်စစ်ဆေးသောအမှုများတွင် ဂျူရီလူကြီး၏ ဆုံးဖြတ်ချက်ကို သဘောမတူပါက တရားသူကြီးမှ ဂျူရီလူကြီးကို ချက်ချင်းဖျက်သိမ်းနိုင်ခြင်း၊ စက်ရှင်အမှုနှင့် စစ်ဆေးစီရင်ရာ တွင်လည်း ဂျူရီလူကြီး၏ဆုံးဖြတ်ချက်ကို သဘောမတူပါက တရားလွှတ်တော်သို့ တင်ပို့ရခြင်း စသည့်စနစ်များ ပါဝင်သည့်အတွက် ဂျူရီစနစ်ဖြင့် စစ်ဆေး၍ရနိုင်သော အကျိုးရလဒ်သည် နည်းပါးပြီး အမှုနှောင့်နှေးကြန့်ကြာမှု၊ စရိတ်အကုန်အကျများမှု၊ အဆင်မပြေဖြစ်မှုတို့က ပိုမိုများပြားသည်ကို သုံးသပ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ၁၉၄၆ ခုနှစ်ကစတင်ကာ ယနေ့အချိန်အထိ ကျင့်သုံးလျက်ရှိသော တရားစီရင်ရေး စနစ်သည် ထိရောက်ပြီး အကျိုးရှိသောကြောင့် ဂျူရီလူကြီးများကဲ့သို့ တရားစီရင်ရေးအထောက်အကူပြုကော်မတီဖွဲ့စည်း ပြီးဆောင် ရွက်စေရန်လိုမည်မဟုတ်ဟု ယူဆပါကြောင်း၊ တရားစီရင်ရေးကဏ္ဍတွင် အဂတိလိုက်စားမှု ကင်းရှင်းရေး၊ ဥပဒေ နှင့်အညီ လွတ်လပ်မျှတမှန်ကန်သော တရားစီရင်ရေးဖြစ်ပေါ်စေရန် ပြည်ထောင်စုတရား လွှတ်တော်ချုပ်က မူဝါဒများ၊ ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များကိုချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောကြောင့် တရားစီရင်ရေး လုပ်ငန်းတွင် ဂျူရီလူကြီးများကဲ့သို့ တရားစီရင်ရေးအထောက်အကူပြုကော်မတီ ဖွဲ့စည်းဆောင် ရွက်ရန် အစီအစဉ်မရှိ သေးပါကြောင်း ပြန်လည်းဖြေကြားပါသည်။
ဦးမြင့်စိုး(ပျော်ဘွယ်)
တရားစီရင်ရေးနဲ့ပတ်သက်ပြီး မြန်ဆန်ရန်ထက် မှန်ကန်ရန်ကိုလည်း အခြေခံရမှာဖြစ်ပါကြောင်း၊ ပြည်သူများက တရားစီရင်ရေးနှင့် ပတ်သက်၍ တော်တော်များပြောကြသည့်အတွက် တရားစီရင်ရေးမဏ္ဍိုင်ကို ပြည်သူများနှင့် ဝိုင်းဝန်းချမှတ်ရန်အတွက် တင်ပြရခြင်းဖြစ်ပြီး Good Government ဖြစ်ရန်အတွက်လည်း ယင်းကဲ့သို့ နည်းလမ်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည့်အခါတွင် ထည့်သွင်းရေးဆွဲပြီး ကုန်ကျစရိတ်ထက် တရားစီရင်ရေးကို ယုံကြည်မှုခိုင်မာ လာအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နောက်တစ်ချိန်တွင် အဆိုပါစနစ်ကို စဉ်းစားပေးရန် တင်ပြမေးမြန်းပါသည်။
ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ ဦးစိုးညွန့် တရားသူကြီး
ဒီဂျူရီစနစ်နှင့် စစ်ဆေးရန်ကိစ္စသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်တဲ့အခါမှာတော့ ထည့်သွင်းစဉ်းစားနိုင် ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
