မြန်မာနိုင်ငံအတွင်း ဆည်၊ ကန်၊ တာတမံများနှင့် တူးမြောင်းများ တည်ဆောက်ပေးပြီး ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို အမြဲမပြတ် ဆောင် ရွက်နေ သည်ကို တွေ့မြင်နေရပါကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် အချိန်နှင့်ငွေကြေး ကုန်ကျမှု သက်သာစေရန် အသုံးပြုနိုင်သော မြေအမျိုး အစားဖြစ်ပါက ဆည်၊ ကန်၊ တာတမံနှင့် တူးမြောင်းများအတွင်းရှိ မြေများကို အသုံးပြုပါကြောင်း၊ ထို့သို့ အသုံးပြုရာတွင် အချို့ဒေသရှိတူးမြောင်းများ၌ နယ်နိမိတ်သတ်မှတ် ကျောက်တိုင်များ စိုက်ထူထားခဲ့သော်လည်း ဥပဒေ ပြဋ္ဌာန်း အတည်ပြုချက် မရှိခြင်းကြောင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း များ ဆောင်ရွက် ရာတွင်လည်းကောင်း၊ တူးမြောင်းများအနီး လယ်ယာမြေများ စွန့်ပစ်ပိုလျှံရေများ စီးဆင်းနိုင်ရန် ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာ တွင် အစိုးရဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် လုပ်သားပြည်သူများအကြား နားလည်မှုလွဲမှားစေသော ဖြေရှင်းမှုများကို ဌာနဆိုင်ရာများမှ အဆင်ပြေချောမွေ့စေရန် ဖြေရှင်းမှုများကို တွေ့မြင်နေရပါကြောင်း၊ ယခုအချိန်တွင် တောင်သူလယ်သမားများကို လယ်ယာမြေ ပိုင်ဆိုင်မှု လုပ်ငန်းခွန်များ ထုတ်ပေးနေသည့် ကာလတွင် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် သတ်မှတ်ရယူ သင့်သော အကွာအဝေးအတွင်း လယ်ယာမြေပိုင်ဆိုင်မှုလက်မှတ် ထုတ်ပေးနိုင်မှု မရှိစေရန် နေပြည်တော်ကောင်စီမြေကဲ့သို့ ဆည်မြောင်းနယ်နိမိတ် သတ်မှတ်ချက်အမျိုးအစား၊ အကျယ်အဝန်းအလိုက် အတည်ပြုပြဋ္ဌာန်းရန် လိုအပ်နေပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် ဆည်၊ ကန်၊ တာတမံများ၌ ဆည်မြောင်း နယ်နိမိတ် အတည်ပြုပြဋ္ဌာန်းပေးနိုင်ရန် နေပြည်တော်ကောင်စီနယ်မြေကဲ့သို့ အမျိုးအစား၊ အကျယ်အဝန်း အလိုက် ဆောင်ရွက်ပေး မည့့်် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့် ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလို ပါကြောင်း မေးမြန်း ပါသည်။
မြန်မာနိုင်ငံ တူးမြောင်းအက်ဥပဒေ အခန်း ၁ ပုဒ်မ ၃ ပုဒ်မခွဲ ၁ နှင့် အက်ဥပဒေ အခန်း ၁၂ ပုဒ်မ ၇၉ ပုဒ်မခွဲ ၁ တို့အရ မြန်မာနိုင်ငံအတွင်း တည်ဆောက် ပြီးစီးသော ရေလှောင်တမံနှင့် ဆက်စပ်ရေပေးတူးမြောင်း များ၊ ရေနုတ်မြောင်း များ၊ ရေထိန်း တံခါးများ၊ ရေပေးပြွန်များနှင့် တူးမြောင်းပေါ်ရှိ တံတားများ စသည်တို့ကို ဆည်မြောင်းဦးစီးဌာနမှ ထိန်းသိမ်းထားသော အဆောက်အဦများ အဖြစ် သတ်မှတ်ကြော်ငြာမှုများ ပြုလုပ်ပေးလျက်ရှိပါကြောင်း၊ ထိုကဲ့ သို့ ရေလှောင်တမံနှင့် ဆည်မြောင်း နယ်နိမိတ်အပိုင်းအခြားများကို သတ်မှတ်ရာ တွင် မြန်မာနိုင်ငံရှိ မြောက်လတ္တီတွဒ်နှင့် အရှေ့လောင်ဂျီတွဒ်တို့အကြားတွင် ဆည်မြောင်းအဆောက်အဦရှိသည့် မြောက်လတ္တီတွဒ်နှင့် အရှေ့လောင်ဂျီတွဒ်ကို အတည်ပြုသတ်မှတ်ပေးခြင်း၊ ဆည်မြောင်း အဆောက်အဦ၏ အရပ်ရှစ်မျက်နှာ တွင် တည်ရှိနေသော နယ်နိမိတ်သတ်မှတ် သည့် ကျေးရွာ များ၊ ချောင်းများ ကို ဖော်ပြ၍ သတ်မှတ်ခြင်း၊ ရေလှောင်တမံများ၏ ဆည်ရေသောက် ဧရိယာအတွင်းရှိရေအား အဆောက်အဦများနှင့် တူးမြောင်းအသီးသီး၏ လားရာတစ်လျှောက် နယ်နိမိတ်သတ်မှတ် အတည်ပြုခြင်း၊ သာမန်အားဖြင့် တူးမြောင်းမကြီးအတွက် မြောင်းမကြီး၏ ဗဟိုအူကြောင်းမှ ဝဲ/ယာ ၁၀၀ ပေ၊ လက်တံမြောင်းများအတွက် လက်တံမြောင်း၏ ဗဟိုအူကြောင်းမှ ဝဲ/ယာ ၇၅ ပေ နှင့် မြောင်းခွဲများ အတွက် မြောင်းခွဲဗဟို အူကြောင်းမှ ဝဲ/ယာ ၅၀ ပေ၊ ရေနုတ်မြောင်းဖြစ်ပါက မြောင်းနှုတ်ခမ်းထိပ် ဝဲ/ယာ ပေ ၃၀ စီဟူ၍ တူးမြောင်းနယ်နိမိတ်အသီးသီး အတည်ပြုသတ်မှတ်ထားပါကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆည်၊ မြောင်း၊ ကန်၊ တာတမံမြေ၊ ဆည်ရေသောက်ဧရိယာ၊ မြောင်းမကြီး၊ လက်တံမြောင်း၊ လက်တံခွဲမြောင်းများ စသည့် ရေပေးမြောင်း များ၊ မြစ်ချောင်းနှင့် ရေအောက်မြေ၊ အင်းအိုင်မြေဧရိယာများတွင် စိုက်ပျိုးလုပ်ကိုင်နေသူများမှ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်ရရှိရေး လျှောက်ထားမှုမရှိစေရန် စိစစ်ဆောင်ရွက်ခြင်းများကို လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန်နှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ ညွှန်ကြားချက်ထုတ်ပြန်ပြီး ဖြစ်ပါကြောင်း၊ ဆည်မြောင်းဦးစီးဌာနမှ ထိန်းသိမ်းထားရှိသော ဆည်၊ တာတမံကြီးများ သတ်မှတ်နယ်မြေအတွင်း သစ်ဖောင်၊ ဝါးဖောင်များမျှောခြင်း၊ သစ်တောထွက်ပစ္စည်းများ ထုတ်ယူခြင်း၊ ရေစီးရေလာအနှောင့်အယှက်ဖြစ်စေသော လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ကျူးကျော်နေထိုင်ခြင်းများကြောင့် တူးမြောင်းများနှင့် ဆက်စပ်နေသော အဆောက်အဦများ၊ လယ်ယာမြေများကို ထိခိုက်ပျက်စီးစေခြင်း၊ လွှမ်းမိုးခြင်းစသည့် အန္တရာယ်များမှ ကာကွယ်နိုင်ရန် အတွက် ပြစ်မှုကျူးလွန်သူ များအား မြန်မာနိုင်ငံတူးမြောင်းအက်ဥပဒေ အခန်း ၁၁ ပုဒ်မ ၇၅ အောက်ရှိ ပြစ်မှုများအလိုက် အပ်နှင်းထားသော လုပ်ပိုင်ခွင့်များအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ အမိန့်ကြော်ငြာချက်များကို အခါအားလျော်စွာ ထုတ်ပြန် ပါကြောင်း၊ ဆည်မြောင်းဦးစီးဌာနမှ အမိန့်ကြော်ငြာစာများကို ထုတ်ပြန်ပြီး ပြန်တမ်း အဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊ ပုံနှိပ်နှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း၊ တရားရုံးချုပ်၊ ရှေ့နေချုပ်ရုံး၊ စာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စု ဝန်ကြီးဌာနအားလုံး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးများထံသို့ ဖြန့်ဝေအကြောင်းကြားမှုများ ဆောင်ရွက်လျှက်ရှိပြီး ဆည်မြောင်းဦးစီး ဌာနသည် နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ရေလှောင်တမံနှင့် ဆက်စပ်တူးမြောင်းများ၊ ရေထိန်း တံခါးများ၊ ရေနုတ်မြောင်းများ၊ ရေပေးပြွန်များနှင့် တူးမြောင်းပေါ်ရှိတံတားများ စသည်တို့အတွက် နယ်နိမိတ် အတည်ပြု ပြဋ္ဌာန်းချက်များကို ထုတ်ပြန်ပေးလျက်ရှိပါကြောင်း ဖြေကြားပါသည်။
