(ဃ)ဌာနဆိုင်ရာ ယာဉ်အို/ဟောင်းများအားဖျက်သိမ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် သင့်တင့်သော ယာဉ်များအစားထိုး ဆောင်ရွက်ပေးမည့်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၂၂.၁၀.၂၀၁၃)
 

တစ်နိုင်ငံလုံးးရှိ ဌာနဆိုင်ရာများမှ မော်တော်ယာဉ်အများစုသည် နှစ် ၃၀ ကျော်လွန်သော ယာဉ်အို/ယာဉ်ဟောင်း များ ဖြစ်သောကြောင့် ဝန်ထမ်းများ အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင်လည်းကောင်း၊ ဝန်ထမ်းများ ကြို့ပို့ရာတွင် လည်း ကောင်း၊ အမိုးအကာများ လုံခြုံမှုမရှိခြင်းတို့ကြောင့် မိုးမလုံခြင်း၊ ကြမ်းခင်း မပြည့်စုံခြင်း၊ လှေကားများ ကျိုးပျက်ခြင်း၊ စက်ပစ္စည်းပိုင်း ချို့ယွင်းမှုများဖြင့် လမ်းခရီးကြန့်ကြာမှုများ ကြုံတွေ့နေရသည့်အပြင် မော်တော်ယာဉ်များမှ မီးခိုးများ ထွက်သဖြင့် ကျန်းမာရေးထိခိုက်မှုများရှိခြင်း၊ စွမ်းဆောင်ရည်ကျ ဆင်းစေခြင်း၊ နိုင်ငံတော်ကုန်ထုတ် စွမ်းအားလျော့ ချစေခြင်း၊ ပြင်ဆင်စရိတ် များကြောင့် နိုင်ငံတော်အစိုးရ၏ ရန်ပုံငွေပိုမိုသုံးစွဲရပြီး တိုင်းပြည်ဖွံ့ဖြိုးတိုး တက်စေမည့် အခြားကဏ္ဍများမှ ရန်ပုံငွေများ လျော့နည်းသုံးစွဲရခြင်း စ သည့် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံရှိ ဌာနဆိုင်ရာများ တွင်ရှိကြသော TE 11, D 21, ရိန်းဂျားကားများ အစရှိသဖြင့် အနှစ် ၃၀ ကျော်  မော်တော်ယာဉ် ယာဉ်အို/ယာဉ်ဟောင်းများကို သင့်လျော်သော မော်တော်ယာဉ်များနှင့်လဲလှယ်ပေးခြင်းဖြင့် တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အဓိကအခန်းကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သော ဝန်ထမ်းများ ရုံးတက် ရုံးဆင်းချိန် အဆင်ပြေ သက်သာစေခြင်း မိမိတို့၏ တာဝန်ဝတ္တရားများကို စွမ်းအားပြည့်ထမ်းဆောင်နိုင်မည်ဖြစ်ခြင်း ယာဉ်အို/ယာဉ်ဟောင်း ပြုပြင်စရိတ်များ သက်သာစေနိုင်ခြင်း၊ ဘဏ္ဍာငွေ လျော့နည်းသုံးစွဲရသော ဝန်ထမ်းများ၏ စွမ်းရည်အရင်းအမြစ်များကို အကျိုးရှိစွာအသုံးချနိုင်ခြင်းစသည့် ကောင်းကျိုးများ ဖြစ်ပေါ်လာနိုင် မည်ဖြစ်သည့် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ယာဉ်အို/ယာဉ်ဟောင်းများကို ဖျက်သိမ်းပြီး သင့်တော်သော မော်တော် ယာဉ်များနှင့် အစားထိုးဆောင်ရွက်ပေးမည့် အစီ အစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့်ကာလ တွင် ဆောင်ရွက်ပေး မည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီ
အဖြေ
 

ပြည်ထောင်စု ဝန်ကြီးဌာနအဖွဲ့အစည်းများတွင် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ အထိ ကောက်ခံသည့်စာရင်းအရ မော်တော်ယာဉ် ၃၈၈၈၈ စီးရှိပြီး ၂၅၂၂၀ စီးသည် ယာဉ်အို/ ယာဉ်ဟောင်းများဖြစ်နေသည့်အတွက် သုံးပုံနှစ်ပုံသည် ယာဉ်အို/ယာဉ်ဟောင်းများဖြစ်ပါကြောင်း၊  အဆိုပါ ယာဉ်အို/ယာဉ်ဟောင်းများကို ဖျက်သိမ်းပြီး အစားထိုးလဲလှယ်ခြင်းကို တစ်ကြိမ်တည်းနှင့်ဆောင်ရွက်မည် ဆိုပါက နိုင်ငံတော်၏ဘတ်ဂျက်ငွေ သန်းပေါင်းများစွာကုန်ကျမည်ဖြစ်ပါကြောင်း၊ ယခု အခြေအနေတွင် အစိုးရရုံးဌာနများရှိ မော်တော်ယာဉ်များအနက် ပြုပြင် သုံးစွဲနိုင်သော မော်တော်ယာဉ်များကို ပြင်ဆင် သုံးစွဲလျက် ရှိပြီး ပြုပြင်သုံးစွဲရန်မသင့်သော ယာဉ်အို/ယာဉ်ဟောင်းများကို နိုင်ငံပိုင်စာရင်းမှ ပယ်ဖျက်၍ သံရည်ကျို ဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၁-၁၂ မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ မော်တော် ယာဉ်ပေါင်း ၁၉၇၁ စီးကို စာရင်းကပယ်ဖျက်ပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ဝန်ကြီးဌာန အဖွဲ့ အစည်းအနေနှင့် ယာဉ်အို/ယာဉ်ဟောင်းများ နေရာတွင် အစားထိုး အသုံးရန်နှင့် ဖွဲ့စည်းပုံအရ လိုအပ်သည့်နေရာများတွင် အသုံးပြုရန် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ လူစီးယာဉ် ၁၃၁၈ စီးနှင့် ဘတ်စ်ကား ၄၂၄ စီးကို ဝယ်ယူရန်အတွက် ငွေလုံးငွေရင်းအသုံးစရိတ်ဘတ်ဂျက် ကိုပြည်ထောင်စုလွှတ်တော်က ခွင့်ပြုခဲ့ပါကြောင်း  ပြည်ထောင်စုဝန်ကြီးဌာနများမှ ခွဲဝေထုတ်ပေးရန် တင်ပြသော မော်တော်ယာဉ်များနှင့်စပ်လျဉ်း၍ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနအနေဖြင့် ဘဏ္ဍာသိမ်းယာဉ်များမှ ထပ်မံ ထုတ်ပေးနိုင်သော  ယာဉ်များကို ဆက်လက်ထုတ် ပေးသွားရန်ဖြစ်ပြီး ထုတ်ပေးနိုင်ခြင်းမရှိသော  ယာဉ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနအဖွဲ့အစည်းများက ၎င်းတို့အစီအစဉ်ဖြင့် ဝယ်ယူနိုင်ရေး အတွက် ဘဏ္ဍာနှစ်အလိုက် ဘတ်ဂျက်လျာထား တင်ပြ ဆောင်ရွက်သွားခွင့် ပြုထားပြီးဖြစ်ပါကြောင်း၊  သို့ပါ၍ အစိုးရရုံး ဌာနများရှိ ယာဉ်အို/ယာဉ်ဟောင်းများ နေရာတွင် ယာဉ်သစ်များဖြင့် ဘဏ္ဍာနှစ်အလိုက် အစားထိုး ဆောင်ရွက် ပေးလျက် ရှိပါကြောင်းနှင့် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေသုံးစွဲနိုင်မှု အခြေအနေပေါ် မူတည်ပြီး ပြည်ထောင်စု ဝန်ကြီးဌာန များနှင့် အဖွဲ့အစည်းများမှ မော်တော်ယာဉ်ဝယ်ယူရေးအတွက် ဘတ်ဂျက်စီမံချက်များ ကို နှစ်စဉ် လျာထား တင်ပြဆောင်ရွက်လျက် ရှိပြီး ယာဉ်အို/ယာဉ်ဟောင်းများ ဖျက်သိမ်းခြင်းနှင့် အစားထိုးခြင်းကို အစဉ်တစ်စိုက်ဆောင် ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသွားပါသည်။