နိုင်ငံတော်၏ နယ်စပ်အသီးသီးဖြစ်ကြသော အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေရှ်နိုင်ငံ၊ လာအို၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ
နယ်စပ်များမှ တစ်ဖက်နိုင်ငံများသို့ တရားဝင်တစ်မျိုး၊ မှောင်ခိုနည်းဖြင့်တစ်ဖုံ ခိုင်းနွားများ၊ ခိုင်းကျွဲများနှင့်ဆိတ်များကို တရားမဝင် ရောင်းဝယ် ဖောက်ကားနေကြသည့်အတွက် မြန်မာနိုင်ငံအတွင်း နွား၊ ကျွဲနှင့် ဆိတ်ဈေးနှုန်းများ တစ်နေ့တစ်ခြား မြင့်တက် လျက် ပြည်သူများ အသားစားသုံးမှုတွင် အခက်အခဲရှိနေ ပါကြောင်း၊ မြန်မာနိုင်ငံသည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကြိုးစားပြောင်းလဲနေသော အချိန်ဖြစ်သော် လည်း ရာခိုင်နှုန်းအနည်းငယ်သာ စက်မှုလယ်ယာသို့ ပြောင်းလဲနိုင်ပြီး ကျန်ရာ ခိုင်နှုန်းများစွာသော တောင်သူ လယ်သမားများသည် သာမန်နု ပျိုသောနွားများ၊ ကျွဲများကိုသာ လယ်ယာလုပ်ငန်းခွင်တွင် အသုံးပြု ဆဲဖြစ်ပါကြောင်း၊ သို့သော် ယခုအခါ ခိုင်းနွားတစ်ကောင် ၁၀ သိန်းကျပ်ခန့်၊ ခိုင်းကျွဲ တစ်ကောင် ၇ သိန်းကျပ်ခန့် အထိမြင့် တက်နေသည့်အတွက် ဆင်းရဲသည့် တောင်သူလယ် သမားများအတွက် ကျွဲ၊ နွားများဝယ်ယူပြီး လုပ်ငန်းတွင် အသုံးမပြုနိုင်ဖြစ်နေပါကြောင်း၊ ယင်းအကျိုးဆက်အဖြစ် တစ်ချိန်တွင် ဆန်၊ ကောက်ပဲသီးနှံ စသည့် အစားအစာများ လျော့နည်းလာနိုင်ပြီး ပြည်တွင်းအသားဈေးနှုန်းများ အလွန်မြင့်မား၍ ပြည်သူများအသား စားသုံးရန်ခက်ခဲလာခြင်း၊ လယ်ယာလုပ်ငန်းခွင်၌ ထွန်ယက်စိုက်ပျိုးရန် ကျွဲ၊ နွားများရှားပါးလာ၍ လယ်ယာစိုက်ပျိုးရေး ထိခိုက်လာနိုင်ပြီး စားနပ်ရိက္ခာများ ရှားပါလာနိုင်ခြင်း၊ ပြည်ပပို့ကုန် ဆန်နှင့် ပဲမျိုးစုံ အထွက်နည်းပြီး နိုင်ငံခြား ဝင်ငွေ ကျဆင်းနိုင်ခြင်း၊ တိရစ္ဆာန်များမှောင်ခိုမှုကြောင့် အကောက် အခွန်များမရ၍ နိုင်ငံတော်အတွက် ရသင့်သော အခွန်ငွေများ ဆုံးရှုံးခြင်းစသည့် ဆိုးကျိုးများကြောင့် တစ်ဖက်နိုင်ငံများ သို့ ကျွဲ၊ နွားနှင့်ဆိတ်တို့အား တရားမဝင် တင်ပို့ရောင်းချခြင်းကို တားမြစ်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ မည်ကဲ့သို့ ဆောင်ရွက်နေသည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြ
ည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် လယ်မြေဧက ၁၄.၈ သန်းကျော်၊ ယာမြေဧက ၉.၅ သန်းကျော်၊ မိုးစပါးဧက ၁၅.၅ သန်းကျော်နှင့် နွေစပါးဧက ၂.၃ သန်းကျော် စိုက်ပျိုးလျက်ရှိပါကြောင်း၊ နိုင်ငံတော်သည် စိုက်ပျိုးရေးကို အဓိက အားထားသောနိုင်ငံဖြစ်ပြီး လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင် ကူးပြောင်းနေသော နိုင်ငံဖြစ်သော်လည်းပဲ ယခုအချိန်ထိ ကျွဲ၊ နွားများကို အဓိကထားအသုံးပြု ဆောင်ရွက်နေရဆဲဖြစ်ခြင်းကြောင့် ကျွဲ၊ နွားများကို တစ်ဖက်နိုင်ငံသို့ တရားမဝင် တင်ပို့ရောင်းချမှု မရှိစေရေးအတွက် အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်း အတွက် မရှိမဖြစ်လိုအပ်ခြင်းနှင့် ပြည်တွင်းအသားဈေးနှုန်းကြီးမြင့်မှု မရှိစေရေးတို့ အတွက် ရည်ရွယ်ပြီး ခိုင်းကျွဲ၊ ခိုင်းနွားများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၁၉၉၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ အမှတ် ၁၀/၉၉ ကို ထုတ်ပြန်၍ တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက် ပစ္စည်းများ ခေါင်းစဉ်အောက် တွင် လည်းကောင်း၊ ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စု မြန်မာနိုင် ငံတော် အစိုးရအဖွဲ့၏ ၃၀/၂၀၀၈ ကြိမ်မြောက် အစည်းအဝေး၏ သဘောတူညီချက်အရလည်းကောင်း ဆင်စွယ်၊ ကျွဲ၊ နွား၊ ဆင်၊ မြင်းနှင့် ရှားပါးတိရစ္ဆာန်များကို ပြည်ပသို့တင်ပို့ခြင်းကို ခွင့်မပြုဘဲ ကန့်သတ်ထားရှိပါကြောင်း၊ နိုင်ငံတော်သမ္မတရုံးကလည်း အေးခဲအမဲသားများတစ်ဖက်နိုင်ငံသို့ တရားမဝင်တင်ပို့မှုသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးမှုနှင့် စားသုံးကုန်ဖူလုံရေးကို ထိခိုက်စေသောကြောင့် မိမိနိုင်ငံအတွင်း ကျွဲ၊ နွားများ ဖူလုံစွာမွေးမြူနိုင်ပြီးမှသာ တရားဝင် တင်ပို့မှုကို စိစစ်ခွင့်ပြုရန်နှင့် ထိရောက်စွာ တားမြစ်ဆောင်ရွက်ရန် လမ်းညွှန်ထားရှိခဲ့ပါကြောင်း၊ ကျွဲ၊ နွား၊ အေးခဲအမဲသားများအပါအဝင် ကန့်သတ်ကုန်များကို နယ်စပ်ဒေသများမှ တစ်ဆင့် တရားမဝင် တစ်ဖက် အိမ်နီးချင်းနိုင်ငံများ သို့ တင်ပို့မှုမရှိစေရန် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် တာဝန်ရှိ အဖွဲ့အစည်းများ ပါဝင်သော Mobile Team များဖွဲ့စည်းပြီး တရားမဝင်ကုန်သွယ်မှုကို တားဆီး ဆောင်ရွက်လျက်ရှိပါကြောင်း။
ကျွဲ၊ နွား၊ ဆိတ်များကို တရားဝင်ခွင့်ပြုချက်မရှိဘဲ သယ်ဆောင်မှုမရှိစေရန် တိုင်းဒေသကြီး/ပြည်နယ် စည်ပင် နယ်နိမိတ်များဖြတ်ကျော်မှုကို တင်းကြပ်စွာစိစစ်ခြင်းတို့အပြင် တားမြစ်ခြင်းနှင့် ကျွဲ၊ နွားစသည့် တိရစ္ဆာန်များ အား ပြည်ပနိုင်ငံများသို့ မှောင်ခိုတင်ပို့ခြင်းကို ၂၀၁၂ ခုနှစ်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ ဖြင့် တားမြစ်ထားသဖြင့် ဥပဒေနှင့် အညီအရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ အေးခဲအမဲသားတင်ပို့ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံမှ တိရစ္ဆာန်များ၏ အသားထွက်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့တင်ပို့ရောင်းချခြင်းကို တရုတ်အစိုးရမှ ပိတ်ပင်ထားသကဲ့သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ နောက်ပိုင်းမှစပြီး အေးခဲအမဲသားများကို တစ်ဖက်နိုင်ငံသို့ တင်ပို့ခွင့် လိုင်စင်ထုတ်ပေးခြင်း မရှိတော့ဘဲ အေးခဲအမဲသားများ တရားမဝင်သယ်ဆောင်တင်ပို့မှုများကို ဖမ်းဆီးအရေးယူလျက်ရှိပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တစ်နိုင်ငံလုံးတွင် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလ ၁၅ ရက်နေ့ထိ ကျွဲ၊ နွားမှောင်ခိုဖမ်းဆီးရရှိမှုမှာ ၃၂၉မှု၊တရားခံ (ကျား)(၁၁၆၀)ဦး၊ ကျွဲ၊ နွား၊ ဆိတ်၊ မြင်းစုစုပေါင်း ၄၂၇၈ ကောင်၊ အေးခဲအမဲသား ၁၃၀၉၄၄.၇၅ ပိဿာတို့ကို ဖမ်းဆီးရမိ သိမ်းဆည်းအရေးယူဆောင်ရွက်နိုင်ခဲ့ပြီး လက်အောက်တပ်ဖွဲ့များကို မိမိတို့ နယ်မြေ အလိုက် ကျွဲ၊ နွား မှောင်ခို သတင်းများ စုံစမ်းဖမ်းဆီး ဆောင်ရွက်သွားရန် ညွှန်ကြားကြပ်မတ်လျက်ရှိပါကြောင်း၊ နိုင်ငံခြား ဝင်ငွေ တိုးတက်ရရှိရေးအတွက် ဆိတ်အရှင်တင်ပို့မှုကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၏ ထောက်ခံချက်ဖြင့် မလေးရှားနိုင်ငံသို့ ဆိတ်အရှင် တင်ပို့ရာတွင် ၂၀၀၉-၁၀ ဘဏ္ဍာနှစ်တွင် ၈၀၃ ကောင်၊၂၀၁၀-၁၁ဘဏ္ဍာနှစ်တွင် ၂၅၄၀ကောင်၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ၅၀၀ကောင်နှင့် သိုးအရှင် ၃၀၀ ကောင်တို့ကို တင်ပို့ရန် ပို့ကုန်လိုင်စင်ခွင့်ပြုထုတ်ပေးခဲ့ ပါကြောင်း၊ အေးခဲ အမဲသားတင်ပို့မှုနှင့် စပ်လျဉ်း၍ ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်တွင် ၅၂၈၈.၉၇၈တန်(ကန်ဒေါ်လာ ၁၁.၁၂၄သန်း)၊ ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်တွင် ၁၈၅၃၅.၄၅၄ တန် (ကန် ဒေါ်လာ ၅၀.၅၉၄သန်း)၊ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် ၁၄၆၉၁.၅၆၇ တန်(ကန်ဒေါ်လာ ၅၁.၉၂၇သန်း)၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ၅၇၆၃.၂၅၂ တန်(ကန်ဒေါ်လာ ၂၁.၉သန်း) အသီးသီးတင်ပို့နိုင်ခဲ့ကြောင်း၊ တရားမဝင်ကျွဲ၊ နွားမှောင်ခို သယ်ဆောင်မှုများ ပပျောက်ရေး အတွက် ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့များ ပူးပေါင်းပါဝင်မှသာ တားဆီးထိန်းသိမ်းနိုင်မည်ဖြစ်ပြီး တရားမဝင်ဆောင်ရွက် လျက်ရှိသော လုပ်ငန်း များတွင် ပါဝင်ပတ်သတ်သူများကို ဖော်ထုတ်အရေးယူ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့ များကို တင်ပြပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ဆက်စပ်လျက်ရှိသောဌာနဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း ကြပ်မတ် ကွပ်ကဲသွားရန် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)၏ ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၇ ရက်စွဲပါ စာအမှတ်၊ ၁၀၀/၁-၅ (၁၄၆)/ဦး ၅ ဖြင့် တိုင်းဒေသကြီး/ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများသို့ ညွှန်ကြားခဲ့ပြီး ဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် တရားမဝင် ကျွဲ၊နွားမှောင်ခိုသယ်ဆောင်မှုများ ပပျောက်စေရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်များက အပိုင်းလိုက် တာဝန်ခံပြီး ဆောင်ရွက်ခြင်း၊ သယ်ဆောင်ဖြတ်သန်းခြင်း များမရှိ စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ထိရောက်စွာ တားဆီးကြပ်မတ် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကျွဲ၊ နွားနှင့် အေးခဲ အမဲသားများ တရားမဝင် ဖြတ်သန်းသယ်ဆောင်လာရာ လမ်းတလျှောက်ရှိသက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများက အဆင့်ဆင့်တာဝန်ယူ ကြီးကြပ်ဆောင်ရွက်သွားကြပါရန် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှလည်း ညွှန်ကြားကြပ်မတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် ပြည်တွင်း အသားဈေးနှုန်း မြင့်မားခြင်းမရှိစေရန် သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့များက အသားရောင်းချခြင်းလေလံ များကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လေလံရရှိသော အဖွဲ့က သတ် မှတ်သော ဈေးနှုန်းဖြင့် ရောင်း ချရန်သတ်မှတ်ထားပြီး မလိုက်နာပါက လေလံလိုင်စင်ဖျက်သိမ်းခြင်း စသည့် အရေးယူခြင်းများဖြင့်ဆောင် ရွက်လျက်ရှိပါကြောင်း၊ လယ်ယာ လုပ်ငန်းခွင်များတွင် ကျွဲ၊ နွားများရှားပါးမှုကို ကုစားရန်သာမက ခေတ်မှီ စက်မှုလယ်ယာ စနစ်သို့ နိုင်ငံတော်က စနစ်တကျ ပြောင်းလဲဆောင်ရွက် လျက်ရှိရာတွင် ခေတ်မှီစက် ကိရိယာများဖြင့် ပျိုးထောင်ခြင်း၊ စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်း တို့ကို ဆောင်ရွက်နိုင်ရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ခေတ်မီနည်းစနစ်များကို ဖော်ထုတ်ဖြန့်ဝေလျက် စားနပ်ရိက္ခာရှားပါးခြင်းနှင့် နိုင်ငံခြား ဝင်ငွေကျဆင်းခြင်းတို့မဖြစ်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ တရားမဝင် တင်ပို့/တင်သွင်းမှုများကို အကောက်ခွန် ဥပဒေဖြင့်သာမက ပိုမိုထိရောက်သော ပို့ကုန်သွင်းကုန်ဥပဒေဖြင့်လည်းကောင်း၊ တရားမဝင် ကျွဲ၊ နွားမှောင်ခိုသယ်ဆောင်မှုများအပါအဝင် ကန့်သတ်ကုန်များကို နယ်စပ်ဒေသများမှ တစ်ဆင့် တင်ပို့မှု ပပျောက်စေရေးအတွက် ပြည်သူလူထုကို အသိပညာ ပေးဆောင်ရွက်ခြင်းဖြင့်လည်းကောင်း ထိရောက်စွာ အရေးယူခြင်းအပြင် ကျွဲ၊ နွား၊ ဆိတ်များကို စီးပွားဖြစ် ထုတ်လုပ် တင်ပို့နိုင်ရန်နှင့် လက်မှုလယ်ယာမှ စက်မှု လယ်ယာဖြစ်အောင် ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းစားသုံးမှုဖူလုံသည့်အပြင် ပြင်ပသို့တိုးချဲ့ တင်ပို့နိုင်ရေးကို တာဝန်ရှိအဖွဲ့ အစည်းများနှင့်အတူ ပြည်သူများက ဝိုင်းဝန်းဆောင်ရွက် သွားရမည်ဖြစ် ပါကြောင်း ဖြေကြားပါသည်။
