မိမိတို့နယ်ရှိ နေ့စားခများသည် ၂၅၀၀၊ ၃၀၀၀ ခန့်ရှိပြီးလုပ်ငန်းလုပ်သည့်အခါတွင် လုပ်အားစရိတ်၊ ကုန်ကျ စရိတ် ထွက်ရှိသီးနှံအထွက်နှုန်းနှင့် မကိုက်ညီပါကြောင်း၊ မိမိသည်လည်း လက်ရှိစိုက်ပျိုးရေးကို လုပ်ကိုင်နေသည့်အတွက် လုပ်အားစရိတ်သည် တောင်သူလယ်သမားများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင် လုပ်အားစရိတ်ဖြင့်သာစားရသည့် အနေအထားရှိနေပါကြောင်း၊ မျိုးကောင်းမျိုးသန့်တွေရရှိမှ ဖြစ်မည်ဟု မိမိအနေဖြင့် ဆုံးဖြတ်သည့်အတွက်ကြောင့် နှစ်လပိုင်းတွင် လယ်ယာနှင့်ဆည်မြောင်းဝန်ကြီးဌာနကို အကူအညီတောင်းသည့်အခါ စက်စက်ယိုစိုက်ခင်းကို ကားသုံးစီးဖြင့် လယ်သမားများကို ခေါ်သွားပြီးပြသခဲ့ ပါကြောင်း၊ လေ့လာသည့်အခါတွင် မိမိတို့ဒေသသည် ဝါး၊ ပဲ၊ ငရုတ်၊ ကြက်သွန်စိုက်ဒေသများ ဖြစ်သည့်အတွက်ကြောင့် လက်တွေ့မျိုးတွေယူလာခဲ့သော်လည်း မိမိတို့အနေနှင့် စိုက်ပျိုးနည်းစနစ် တွေလိုအပ်ပါကြောင်း၊ ပျော်ဘွယ်မြို့တွင်ကျန်ရှိနေသော တောင်သူတွေလည်း သိရှိဖို့လိုအပ်သည့် အတွက်ကြောင့် ဤမေးခွန်းကို မေးရခြင်းဖြစ်ပါတယ်။ ကျွန်တော်ယခုလို မေးမြန်းရခြင်းမှာ ဆင်းရဲနွမ်းပါးမှု လျော့ကျရေးအစီအစဉ်ကို အထောက်အကူဖြစ်စေရန်အတွက်လည်းကောင်း၊ ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားစွာ နေထိုင်ရေးအတွက် ဝင်ငွေများရရှိစေရန် အတွက်လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်အလိုက် ဒေသစိုက်ပျိုးသီးနှံများအား ခေတ်မီအထွက်တိုးမျိုးများအဖြစ် လည်းကောင်း၊ ခေတ်မီစက်ကိရိယာများဖြင့် စိုက်ပျိုးတတ်စေရန်လည်းကောင်း၊ စနစ်ကျသော စိုက်ပျိုး ရေးနည်းစနစ်များကိုလည်းကောင်း၊ ကျန်းမာရေးအထောက်အကူပြုစေသော ခေတ်မီ Organic စနစ်ဖြင့်စိုက်ပျိုး ရေးနည်းစနစ်များကိုလည်းကောင်း မြို့နယ်အလိုက်၊ ခရိုင်အလိုက် ကျေးလက်နေတောင်သူများအား ပြသပေးနိုင်ရန် ဒေသအလိုက် စိုက်ပျိုးရေးသီးနှံများကို စံပြစိုက်ခင်းများစိုက်ပျိုးပြီး နည်းပညာပေး၊ ပြသပေးလျှင် တောင်သူလယ်သမားများ စိတ်ဝင်စားပြီး စိုက်ပျိုးလာပါက ၎င်းတို့၏ဘဝ စားဝတ်နေရေး၊ လူနေမှုအဆင့်အတန်း မြင့်မားစွာနေထိုင်နိုင်မည်ဖြစ်ပါကြောင်း၊ ပျော်ဘွယ်မြို့သည် ဝါ၊ ခရမ်းချဉ်၊ ကြက်သွန်၊ ငရုတ်၊ ပဲမျိုးစုံစိုက်ပျိုးရာဒေသဖြစ်ပြီး ၎င်းတို့၏ ဒေသထွက်ကုန် အဖြစ်ထင်ရှားပါကြောင်း၊ သို့ဖြစ်ပါ၍ သမရိုးကျ မိရိုးဖလာစိုက်ပျိုးခြင်းမှ အထွက်တိုးမျိုးဖြင့် စနစ်တကျ စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးလာတတ်စေရန် မျိုးကောင်းမျိုးသန့်များ၊ အထွက်တိုးမျိုးများကို စံပြစိုက်ခင်းများအဖြစ် ပျော်ဘွယ်မြို့၊ ချောင်းမကြီးစိုက်ခြံတွင် နည်းပညာပေးသရုပ်ပြ၊ စိုက်ပျိုးပြလျှင် မြို့နယ်ရှိတောင်သူလယ်သမားများ၊ ကျေးလက်နေပြည်သူများ အလွယ်တကူလေ့လာသင်ယူနိုင်ပြီး ပြည်သူများ၏ဆင်းရဲနွမ်းပါးမှု လျော့ကျရုံသာမက ကြွယ်ဝချမ်းသာသော အဆင့်သို့ ရောက်ရှိ လာနိုင်ပါသဖြင့် ထိုသို့စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်မှာရှိ ချောင်းမကြီး မျိုးသန့်ခြံသည် ပျော်ဘွယ်မြို့နှင့် ၆ မိုင်အကွာ၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၊ မိုင်တိုင်အမှတ် ၃၁၈ မိုင် ၂ ဖာလုံမှာ တည်ရှိပြီး၊ ဒေသ ခံတောင်သူများ သီးနှံစိုက်ပျိုးခြင်းမှ ဝင်ငွေပိုမိုတိုးတက်ရရှိစေရန် ရည်ရွယ်၍ မျိုးကောင်းမျိုးသန့်မျိုးစေ့များ စဉ်ဆက်မပြတ်ထုတ်လုပ်၍ ဖြန့်ဖြူးပေးနေသော ခြံတစ်ခြံဖြစ်ပါကြောင်း၊ ပျော်ဘွယ်မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ခေတ်မီ ဆည်ရေသောက်စနစ် စံပြလယ်ယာကို ၂၀၁၃-၁၄ ခုနှစ်တွင်ထူထောင်ပြီး ချောင်းမကြီးခြံတွင် စပ်မျိုးစပါး၊ စပ်မျိုးပြောင်း၊ စပ်မျိုးနေကြာများကို မျိုးကောင်းမျိုးသန့်ထုတ်လုပ်ပြီး သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးပညာပေးပြသခဲ့ပါကြောင်း၊ ၂၀၁၄-၁၅ ခုနှစ်မှာတွင်လည်း စပ်မျိုးနေကြာ ၁၂၅ ဧက မျိုးစေ့ထုတ်စိုက်ခင်းနှင့် သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်အသုံးပြုပြီး စပ်မျိုးစပါး ၁၁၄ ဧက၊ ပဲစဉ်းငုံစီးပွားဖြစ် မျိုးသန့်မျိုးစေ့ ၁၃ ဧက၊ ပဲတီစိမ်းစီးပွားဖြစ်မျိုးစေ့မျိုးသန့် ၅ ဧကနှင့် အခြားသီးနှံပင်များကို စိုက်ပျိုးလျက်ရှိပြီး၊ ခေတ်မီသိပ္ပံနည်းကျ တောင်သူပညာပေး စံပြကွက်ကြီးများ စိုက်ပျိုး၍ ပျော်ဘွယ်မြို့နယ်မှ တောင်သူများကို ပညာပေးပြသလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
