မြန်မာနိုင်ငံတစ်နံတစ်လျားတွင်ရှိသော ဧရာဝတီဝဲယာ၊ ချင်းတွင်းဝဲယာ၊ စစ်တောင်းမြစ်ဝဲယာတို့မှ နှစ်စဉ် ဝါဆို၊ ဝါခေါင်တွင် ရေကြီးပြီးရေမြုပ်တတ်ပါကြောင်း၊ အကျယ်အဝန်းအားဖြင့် ဧကလည်းများပြီး ၎င်းအရပ်ဒေသများ သည် ရေကျပြီဆိုလျှင် နုန်း များ တင်ကျန်ရစ်ပြီး မြေပဲစိုက်ပျိုးမှုု ဖြစ်ထွန်းစေပါသည်။ ၂၀၁၃-၁၄ ခုနှစ်တွင် စိုက်ပျိုးချိန်၊ စိုက်ပျိုးပြီးသည့်ကာလတွင် မိုးခေါင်ပြီး ဆောင်းတွင်းကာလ နှုတ်သိမ်းချိန်တွင် အအေး ပိုခြင်းတို့ကြောင့် မြေပဲအထွက်နှုန်း အတော်လေးလျောပါးခဲ့ပါကြောင်း ၊ မြေပဲတစ်တင်းတွင် ထွက်ရှိသည့်နှစ်တွင် တင်း ၅၀၊ ၆၀ ထွက်ပြီး ယခု ၂၅ တင်း ခန့်သာ စိုက်ပျိုးထွက်ရှိပြီး ၅၀ ရာခိုင်နှုန်းခန့် အထွက်လျော့နည်းခဲ့ပါကြောင်း၊ နောက် မြေပဲဈေးနှုန်း ကောင်းဖို့ အားကိုးရသည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ ဝယ်လက် များ အထူးလျော့ပြီး မြေပဲအလုံးဆံဈေးနှုန်းမှာ မနှစ်က တစ်ပိဿာ ၂၂၀၀ မှ ယခု ၁၆၀၀ ထိအောင်ကျဆင်းခြင်း၊ ဆီစက်လုပ်ငန်းများကလည်း စားအုန်းဆီဈေးချိုပြီး ပဲဆီဈေးနှုန်းကို တစ်ပိဿာ ၃၀၀၀ ထက်ပိုပြီး ဈေးတက်မရသည့်အတွက် ဆီကြိတ်မြေပဲဆံများကို တစ်ပိဿာ ၁၄၀၀၊ ၁၅၀၀ သာ ဈေးပေးနိုင် ပါကြောင်း၊ ယမန်နှစ်က မိမိတို့ မြေပဲဆံကုန်ကြမ်း ဆီကြိတ်မြေပဲဆံ တစ်ပိဿာ ၁၇၀၀ ထိရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ယခုနှစ် တောရွာများမှာ မြေပဲအတောင့်သည် မနှစ်က တစ်တင်းကို ၇၀၀၀ ရှိရာ မှ ယခု ၃၀၀၀၊ ၄၀၀၀ ကျပ်သာရှိပါကြောင်း၊ ၎င်း စိုက်ပျိုးချိန်တွင် မြေပဲမျိုးဆံတစ်တင်းကို ၃၀၀၀၀ ကျပ်ပေးရပြီး ဓာတ်မြေသြဇာ တရုတ်ယူရီးယားအုပ်စု တစ်အိတ်ကို ၁၆၅၀၀ နှင့် ၃၀၀၀၀ ကျပ်ထိအောင်ပေးရပြီး အလုပ်သမားခ၊ ထွန်ယက်ခ ထည့်တွက်မည်ဆိုလျှင် ကုန်ကျစရိတ်စုစုပေါင်း ၁၅၀၀၀၀ ခွဲခန့် မြေပဲတစ်တင်း စိုက်ကို အရင်းကျရှိပါကြောင်း၊ မြေပဲတစ်တင်းစိုက်ကို ၃၀၀၀၊ ၄၀၀၀ နှင့် ရောင်းဈေး မြေပဲတစ်တင်းစိုက် ၂၅ တင်း အထွက်နှုန်းနှင့် တွက်မည်ဆိုလျှင် မြေပဲတစ်တင်း စိုက်ကို ၅၀၀၀၀ ကျပ် တောင်သူတစ်ယောက် ရှုံးနေပါကြောင်း၊ မြေပဲစိုက်တောင်သူ အလတ်စားတစ်ဦးသည် ၁၀ တင်းလောက်စိုက်မည်ဆိုလျှင် ငါးသိန်းလောက်ရှုံးနေပါကြောင်း၊ ဒီအတိုင်းသာ ဆက်သွားမည်ဆိုလျှင် နှစ်နှစ်၊ သုံးနှစ်ခန့် မြေပဲ စိုက်တောင်သူ များသိသာထင်ရှားစွာ လျော့လာပါကြောင်းနှင့် ပြည်တွင်းစားသုံးရန်အတွက် အားထားရသည့် မြေပဲဆီအထူး ရှားပါးမှုဖြစ်လာပြီး ပြည်ပမှတင်သွင်းမှုကို လုံးဝအားကိုးရသည့် အခြေအနေကို ရောက်သွားနိုင်ပါကြောင်း၊ နိုင်ငံတော် မှ မြေပဲစိုက်တောင်သူများကို မည်သို့ကူညီနိုင်ပါသနည်းနှင့် နောက်နှစ်၊ နောက်နှစ်များတွင် မြေပဲပိုမိုစိုက်ပျိုးလာအောင် မည်ကဲ့သို့ ဆွဲဆောင်မှုနှင့် အကူအညီ ပေးမှုများ လုပ်ပေးဖို့အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။
မြန်မာနိုင်ငံတွင် မြေပဲသီးနှံကို မိုးမြေပဲ၊ ဆောင်းမြေပဲဟူ၍ ဧက ၂.၂၉၉ သန်း စိုက်ပျိုးလျက်ရှိပါကြောင်း၊ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နှင့် စစ်တောင်းမြစ်တို့၏ ဝဲယာတွင်ရှိသော ကိုင်းကျွန်းမြေများတွင် နှစ်စဉ် ဆောင်းမြေပဲကို ဧက ၁.၁၉၈ သန်းစိုက်ပျိုးကြပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ စဉ့်ကူး၊ မြင်းခြံ၊ တောင်သာ၊ ငါန်းဇွန်နှင့် ညောင်ဦးမြို့နယ်များရှိ ကိုင်းကျွန်းမြေများပေါ်၌ ၂၀၁၃-၁၄ ခုနှစ် ဆောင်းမြေပဲဧက ၄၅၃၆၀ ဧက စိုက်ပျိုးခဲ့ပါကြောင်း၊ ပုံမှန်အားဖြင့် ဆောင်းမြေပဲ တစ်ဧက ပျမ်းမျှ အထွက်နှုန်း တင်း ၆၀ အထက် ထွက်ရှိပြီး အတောင့်တစ်တင်းလျှင် ကျပ် ၇၀၀၀ နှုန်း ဖြင့်ရရှိသဖြင့် တစ်ဧကဝင်ငွေကျပ် ၄၂၀၀၀၀ ကျော်ရရှိပါသည်။ ဆောင်းမြေပဲတစ်ဧက ပျမ်းမျှကုန်ကျစရိတ်မှာ ၂၆၆၅၀၀ ကျပ်ဖြစ်၍ ၁၅၀၀၀၀ ကျော်ခန့် အကျိုးအမြတ်ရရှိနိုင်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး အချို့ဒေသရှိ တောင်သူများ၏ ဆောင်းမြေပဲ အနိမ့်ဆုံးအထွက်နှုန်းမှာ တင်း ၄၀ ကျော် ဖြစ်၍ တစ်ဧကဝင်ငွေကျပ် ၃၀၀၀၀၀ ကျော် ဖြစ်ပြီး အကျိုးအမြတ် အနည်းဆုံး ၄၀၀၀၀ ခန့်ရရှိသဖြင့် အကျိုးအမြတ်နည်းသော်လည်း ဒေသအများစုရှိ တောင်သူများမှာ တစ်ဧကပျမ်းမျှ အထွက်နှုန်း တင်း ၆၀ အထက်ထွက်ရှိပါကြောင်း၊ မန္တလေးမြို့ ကုန်စည်ဒိုင်ဈေးနှုန်းအရ သီးနှံပေါ်ချိန်တွင် မြေပဲဆံ တစ်ပိဿာလျှင် ၁၄၀၀ မှ ၁၆၀၀ ကျပ်အထိ ရရှိကြောင်းသိရှိရပါသည်။
မြေပဲလုံးဆံများကို ပြည်ပဝယ်လိုအားအနေဖြင့် တရုတ်နှင့်ထိုင်းနိုင်ငံမှ ဝယ်လက်များ၏ ဝယ်လိုအား လျော့နည်းမှုကြောင့် လုံးဆံဈေးနှုန်းကျခြင်း၊ ဆီစက်လုပ်ငန်းရှင်များကလည်း စားအုန်းဆီ ဈေးနှုန်းချိုပြီး မြေပဲဆီဈေးနှုန်းကျခြင်း၊ ယခင်နှစ်က လုံးဆံဈေး တစ်ပိဿာလျှင် ၂၂၀၀ ကျပ်ထိ ပေးဝယ်ခဲ့သော်လည်း ယခုနှစ်ဈေးနှုန်းကျခြင်းကြောင့် မြေပဲစိုက်တောင်သူများ အမြတ်ဝင်ငွေ လျော့နည်းခြင်းလည်း ဖြစ်နိုင်ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် မြေပဲ စိုက်တောင်သူများအတွက် တစ်ဧက တင်း ၈၀ အထက်ထွက်ရှိနိုင်သော မျိုးကောင်းမျိုးသန့်များဖြစ်သည့် သက်တမ်းတိုအထွက်ကောင်းမျိုးများ ဆင်းပဒေသာ ၇၊ ဆင်းပဒေသာ ၁၁ နှင့် တွန်တာနီမြေပဲမျိုးများကို ပွားများဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ အလားတူ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆောင်းမြေပဲ စိုက်တောင်သူများလည်း ဖော်ပြပါမျိုးကောင်းမျိုးသန့်များကို ဆောင်းမြေပဲစိုက်ချိန်တွင် ဖြန့်ဖြူးပေးလျက်ရှိပါပြီး အချို့မြေပဲစိုက်တောင်သူများ ယခင်နှစ် အထွက်နှုန်းနည်းရခြင်း၏ အဓိကအကြောင်းအရင်းမှာ စိုက်ချိန်၊ ရာသီဥတုအပူအအေး မျှတခြင်း၊ မမျှတခြင်း၊ အပင်ပြုစု စောင့်ရှောက်မှု ကွာဟခြင်းများကြောင့်ဖြစ်နိုင်ပါကြောင်း၊ ပုံမှန်အားဖြင့် ဆောင်းမြေပဲသီးနှံကို မြေနုကျွန်း၊ မြေကောင်းများ၌ စိုက်ပျိုးသည့်အပြင် ကိုင်းသမားများမှာ စိုက်ပျိုးနည်းစနစ်အပြည့်အဝ လိုက်နာ ဆောင်ရွက်ကြသဖြင့် ဆောင်းမြေပဲအထွက်နှုန်းမှာ မိုးမြေပဲအထွက်နှုန်းထက် များစွာသာလွန်ပြီး ထွက်ရှိတာကိုတွေ့ရှိရပါကြောင်း၊ မြေပဲစိုက်တောင်သူများ ပိုမိုစိုက်ပျိုးလာစေရန် နိုင်ငံတော်မှပံ့ပိုးသည့် ဆောင်းမြေပဲ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခြင်းအပြင် ဈေးကွက် စီးပွားရေးစနစ်နှင့်အညီ တောင်သူများ ပူးပေါင်းဆောင်ရွက်မှု Contract Farming စနစ်ဖြင့် ပုဂ္ဂလိကဆီလုပ်ငန်းရှင် ကုန်သည်များနှင့် ပူးပေါင်းပြီး မြေပဲစိုက်တောင်သူများအား သွင်းအားစုနှင့် စိုက်ပျိုးစရိတ်အရင်းအနှီးများ ကြိုတင်ထုတ်ပေးပြီး ထွက်ရှိလာသောမြေပဲသီးနှံကို သင့်တော်သည့် ညှိနှိုင်းဈေးနှုန်းကို ပြန်လည်ဝယ်ယူခြင်း လုပ်ငန်းများကို အသင်းအဖွဲ့များမှ ဆောင်ရွက်ခြင်းဖြင့် မြေပဲစိုက်ဧရိယာ တိုးတက်လာစေရန် စည်းရုံးဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
