အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများအား ဆောင်ရွက်ပေးနေသော စက်မှုဝန်ကြီးဌာနရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး
ဌာနမှ စက်မှု မှတ်ပုံတင်စာရင်းများအား မြို့နယ်များသို့ ပေးပို့နိုင်ခြင်းရှိ/မရှိ။ စက်မှု လုပ်ငန်း ဆောင်ရွက်နေ သူအဖြစ် ထောက်ခံချက်ထုတ်ပေးနိုင်ခြင်းရှိ/မရှိ။ မထုတ်ပေးနိုင်ပါက မည်သည့်အတွက် မထုတ်ပေးနိုင်ကြောင်းနှင့် အဆိုပါ အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းဆောင်ရွက်နေသူအဖြစ် ထောက်ခံချက် လက်မှတ်ထုတ်မပေးနိုင်လျှင် အဆိုပါဌာနမှ အသိအမှတ်ပြုထားသော စက်မှု မှတ်ပုံတင်လက်မှတ် မူရင်း/မိတ္တူများဖြင့် တင်ပြလာပါက စက်မှုလုပ်ငန်း များ ဆောင်ရွက် နေသူအဖြစ် အထောက်အထား ဖြစ်ကြောင်း အသိပေးကြေညာ စာ ထုတ်ပြန်နိုင်ခြင်းရှိ/မရှိ။ မရှိပါက မည်သည့်အတွက် ကြောင့်ဖြစ်သည်ကို သိလိုပါကြောင်းနှင့် စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများအားအဆင့်ဆင့် မည်သို့မည်ပုံ ချေးငှား နိုင်ပါကြောင်း ရှင်းလင်းတင်ပြပေးပါရန်နှင့် ယနေ့မြန်မာ့ ရုပ်မြင်သံကြားတွင် တင်ဆက်ပြသနေသော အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းကြော်ငြာနှင့် ယနေ့အကောင် အထည်ဖော်ဆောင်ရွက်နေသော အသေးစား၊ အလတ်စားစက်မှုလုပ်ငန်း ပေါ်လစီများ ကိုက်ညီမှုရှိ/မရှိ သိလို ပါကြောင်းမေးမြန်းပါသည်။
စက်မှုဝန်ကြီးဌာန၏ တိုင်းဒေသကြီး/ပြည်နယ်နှင့် ကောင်စီနယ်မြေများရှိ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှူး ရုံးများသည် ပုဂ္ဂလိကစက်မှု လုပ်ငန်း များဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍တိုင်းဒေသ ကြီး/ ပြည်နယ်နှင့် ကောင်စီ နယ်မြေ စက်မှုလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့များ အစည်း အဝေး များကို လစဉ်ကျင်းပညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ၎င်းအစည်း အဝေးများ တွင် ဒေသတွင်းရှိ စက်မှုလုပ်ငန်းများစာရင်းကို အသိပေးဖြန့်ဝေလျက်ရှိသည့် အပြင် လိုအပ်ချက်အရ တောင်းခံလာပါကလည်း ထပ်မံဖြန့်ဝေပေး လျက်ရှိနေသဖြင့် မြို့နယ်များအလိုက် စက်မှုလုပ်ငန်းမှတ်ပုံတင်ထားသည့် စာရင်း များကို ထုတ်ပြန်ပေးနိုင်ပါကြောင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနအနေဖြင့် ပုဂ္ဂလိက စက်မှုလုပ်ငန်းဥပဒေအရ မှတ်ပုံတင်ထားသော ပုဂ္ဂလိကစက်မှုလုပ်ငန်းများအား လုပ်ငန်းပိုင်ရှင်အမည်နှင့် လုပ်ငန်းဆိုင်ရာ အချက်အလက်များကို ပြည့်စုံစွာဖော်ပြထားသော ပုဂ္ဂလိက စက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ် ထုတ်ပေးထားပါကြောင်း၊ ပုဂ္ဂလိကစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ် သည် ပြည့်စုံလုံလောက်သောအချက်များ ပါရှိသည့်အတွက် ဘဏ်များအနေဖြင့် ချေးငွေထုတ်ပေးရန် သင့်/မသင့် ကွင်းဆင်းစစ်ဆေးသည့်အခါ အဆိုပါမှတ်ပုံတင်လက်မှတ်သည် စက်မှုလုပ်ငန်းဆောင်ရွက်နေသူ အဖြစ် ထောက်ခံ ထားခြင်းဖြစ်ပါသောကြောင့် သီးခြားထောက်ခံချက်ကို ထပ်မံထုတ်ပေးရန် လိုအပ်မည် မဟုတ်ပါကြောင်း၊ မြို့နယ်အလိုက် စက်မှုလုပ်ငန်းစာရင်းများကိုလည်း ဖြန့်ဝေလျက်ရှိရာ အသိပေးကြော်ငြာစာ ထုတ်ပြန်ပေးရန် လိုအပ်ခြင်း မရှိပါကြောင်း၊ စက်မှုဝန်ကြီးဌာနသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေသည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများအား အထောက်အကူပေးနိုင်ရန် ရည်ရွယ်၍ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနကို ၄-၄-၂၀၁၂ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည့်အပြင် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဘဏ်ကိုလည်း ၂၂-၆-၂၀၁၂ ရက်နေ့မှစ၍ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေး ဘဏ်အဖြစ် အမည် ပြောင်းလဲ၍ စီးပွာရေးဖွံ့ဖြိုးရန် အလားအလာကောင်းမွန်သော အသေးစားနှင့် အလတ်စားလုပ်ငန်းများ အား ငွေကြေးအထောက်အပံ့ပေးနိုင်ရန် အတွက် ချေးငွေများထုတ်ချေးပေးခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်အနေနှင့် ချေးငွေများ ထုတ်ချေးရာတွင် လုပ်ငန်းရှင်က မိမိလုပ်ငန်းအတွက် ငွေချေးယူလိုကြောင်း စက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ်များနှင့်တကွ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဗဟိုဌာနသို့ တင်ပြလျှောက်ထားရပါသည်။ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ချေးငွေလျှောက်ထားသည့် လုပ်ငန်းသည် အမှန်တစ်ကယ် လုပ်ငန်းလည်ပတ်မှု ရှိ/မရှိ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် စက်မှုလုပ်ငန်းမှတ်ပုံတင် ထားခြင်းရှိ/မရှိတို့ကို စစ်ဆေးပြီး အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟို ဌာန၏ ထောက်ခံချက်နှင့်အတူ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်သို့ ပေးပို့ပြီး အဆိုပါဘဏ်မှ စစ်ဆေး၍ မှန်ကန်ပြည့်စုံပါက ချေးငွေလျှောက်လွှာကို ဖြည့်စွက်စေကာ လျှောက်ထားရ မည် ဖြစ်ပါကြောင်း၊ ချေးငွေလျှောက်လွှာနှင့်အတူ စက်မှုလုပ်ငန်းမှတ်ပုံတင် လက်မှတ်မိတ္တူ၊ လုပ်ငန်းဝင်ငွေ၊ ထွက်ငွေ၊ အရှုံးအမြတ်စာရင်း၊ ပေးဆောင်ပြီး အမြတ်ခွန်ပြေစာမိတ္တူ၊ အာမခံပေးမည့် မြေနှင့်အဆောက်အဦ၊ ပိုင်ဆိုင်မှု အထောက်အထားအပြည့်အစုံမိတ္တူ၊ အာမခံပေးအပ်သည့်အဆောက်အဦနှင့် လုပ်ငန်းပြဓါတ်ပုံ များ၊ ချေးငွေ လျှောက်ထားသူ၏ မှတ်ပုံတင်၊ သန်းခေါင်စာရင်း မိတ္တူများကို ပူးတွဲတင်ပြရမည် ဖြစ်ပါကြောင်း၊ အာမခံပေးအပ်သည့် မြေနှင့်အဆောက်အဦအား ဘဏ်ရာဖြတ်မှ ကွင်းဆင်းစစ်ဆေးပြီး အတင်းအကြပ်ရောင်းဈေး (Force Sale Value -FSV) သတ်မှတ်ပြီး ငွေကျပ်သိန်း ၂၀၀၀ အောက်ချေးငွေအမှုတွဲများကို ဘဏ်၏ ချေးငွေကော်မတီ (Credit Committee) မှ တစ်ပတ်လျှင် တစ်ကြိမ်နှင့် ငွေကျပ်သိန်း ၂၀၀၀ အထက် ချေးငွေအမှုတွဲများကို Board of Director အဖွဲ့မှ တစ်လတစ်ကြိမ်စိစစ်ဆုံးဖြတ်ပြီး ထုတ်ချေးပေး လျက်ရှိပါကြောင်းနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် ချေးငွေပမာဏကို အများဆုံးကျပ် သိန်း ၅၀၀၀ အထိ ထုတ်ချေးပေးပြီး ချေးငွေသက်တမ်းကာလသည် သုံးနှစ်ဖြစ်ပါသည်။
ချေးငွေအမှုတွဲများကို အာမခံခိုင်မာမှုနှင့် လုပ်ငန်းကောင်းမွန်မှုအပေါ် ဒါရိုက်တာ အဖွဲ့က အဓိကဆွေးနွေး သုံးသပ်ကြပြီး အတင်းအကြပ်ရောင်းဈေးတန်ဖိုး၏ အနည်းဆုံး ၃၀ ရာခိုင်နှုန်းမှ အများဆုံး ၅၀ ရာခိုင်နှုန်းအထိ ထုတ်ချေးနိုင်ရေးကို ဆွေးနွေးဆုံးဖြတ်ပြီး ချေးငွေများကို အမြန်ထုတ်ချေးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။
အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေဘဏ်အနေဖြင့် ၃၀.၈.၂၀၁၃ ရက်နေ့အထိ ပြည်တွင်းလုပ်ငန်းရှင် ၆၀၅ ဦး တို့အား ချေးငွေကျပ် ၈၈၆၄၉.၂၆သန်း ထုတ်ချေးပေးခဲ့သည့်အပြင် နိုင်ငံတော်မှ အသေးစားနှင့် အလတ် စား စက်မှု လုပ်ငန်းဖွံ့ဖြိုးရေးဘဏ်သို့ လယ်ယာ အမတော်ကြေးကဲ့သို့ ထုတ်ချေးပေးခဲ့သောငွေကျပ် ၁၀ ဘီလီယံ ကိုလည်း ဘဏ်လုပ်ထုံးလုပ်နည်းများနှင့် အညီ အတိုးနှုန်း ၈.၅ ရာခိုင်နှုန်းဖြင့် အချိန်ကာလ သုံးနှစ်အထိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ ကောင်းမွန်သော အသေးစားနှင့်အလတ်စားလုပ်ငန်း ၆၂ ခုကို ထုတ်ချေးပေး ထားပြီး ဖြစ်ပါကြောင်း၊
စက်မှုဝန်ကြီးဌာနအနေဖြင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒ(မူကြမ်း) ကို ပြည်တွင်း ပြည်ပပညာရှင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူပညာရှင် များ နှင့်ပူးပေါင်း၍ ရေးဆွဲ လျက်ရှိသည့်အပြင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး ဥပဒေ(မူကြမ်း)ကို လည်း ရေးဆွဲပြီးဖြစ်၍ အတည်ပြု ပြဋ္ဌာန်းနိုင်ရန် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြထားပါကြောင်း၊ ရေးဆွဲလျက်ရှိသာ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ(မူကြမ်း)တွင် အသေးစားအလတ်စားများ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အခြား အာဆီယံ နိုင်ငံများနှင့် အညီ ပြင်ဆင် သတ်မှတ်ထားပါသည်။
ယင်းပြင်ဆင်သတ်မှတ်ချက်အရ ယနေ့မြန်မာ့ရုပ်မြင်သံကြားတွင် ကြော်ငြာနေသော အသေးစားနှင့်အလတ် စားများ၏ ကြော်ငြာများသည် အခွန်ကင်းလွတ်ခွင့်၊ လုပ်ငန်းမှတ်ပုံတင် ကင်းလွတ်ခွင့် ဖော်ပြထားခြင်းနှင့် ပတ်သတ်၍ တစ်နိုင်ငံလုံးရှိ စီးပွားရးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းသည် အသေးစား၊ အလတ်စား လုပ်ငန်းများ ဖြစ်သောကြောင့်၊ အခွန်ကင်းလွတ်ခွင့် ပြုမည်ဆိုလျှင် တစ်နိုင်ငံလုံးရှိ စီးပွားရေးလုပ်ငန်းများကို အခွန်ကင်းလွတ်ခွင့်ပေးရမည်သကဲ့သို့ဖြစ်နေပါကြောင်း၊ မှတ်ပုံတင် ကင်းလွတ်ခွင့်ကိုလည်း ခွင့်ပြုလိုက်ရပါက အဆိုပါစီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ရရှိနိုင်တော့မည် မဟုတ်ပါကြောင်းနှင့် စီးပွားရေးဆိုင်ရာသတင်းအချက်အလက်များကို မရရှိပါက လုပ်ငန်းအလိုက် စီမံကိန်းရေး ဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းစသည့် ကိစ္စရပ်များဆောင်ရွက်ရာတွင် အခက်အခဲများရှိလာနိုင် မည်ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းများအား မှတ်ပုံတင်ခြင်းကို ကင်းလွတ်ခွင့်မပြုသင့်၊ အသေးစား စက်မှုလုပ်ငန်းများ အတွက်သာ အခွန်ကင်းလွတ်ခွင့် သို့မဟုတ် ရာခိုင်နှုန်းမည်မျှလျှော့ပေါ့ပေးမည်ကို သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း တင်ပြပါသည်။
