(ဃ)အသေးစား စီးပွားရေး လုပ်ငန်းများ တိုးတက်ရေးနှင့်ပြန်လည်ရှင်သန်ရေးအတွက် မည်သို့စီမံချက်များရှိသည်ကို သိလိုသည်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ (၁၄.၁၀.၂၀၁၃)

ဦးသိန်းထွန်းဦး (အမရပူုရ)လွန်ခဲ့သော လ ၃၀ အတွင်း ပြည်တွင်းအသေးစား စီးပွားရေးလုပ်ငန်းများ ကျဆင်းခြင်း၊ ရပ်ဆိုင်းသွားခြင်း၊ တချို့လုပ်ငန်းများ ၇၀၊ ၈၀ ရာခိုင်နှုန်းခန့်အထိ ရပ်ဆိုင်းသွားခြင်းများကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင် အသေးစား လုပ်ငန်းသည် လုပ်ငန်းရှင်အားလုံး၏ ၉၀၊ ၉၅ ရာခိုင်နှုန်းရှိခြင်းကြောင့် အသေးစား၊ အလတ်စားလုပ်ငန်းများ တိုးတက်ရှင်သန်မှ မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ အသေးစားလုပ်ငန်း ရှင်များ အမြန်ဆုံး ပြန်လည်ရှင်သန်ရန်လိုအပ်သလို ၂၀၁၅ ခုနှစ်၌် စတင်မည့် AFTA တွင် စီးပွားရေးယှဉ်ပြိုင်မှု ပိုမိုပြင်းထန်လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အသေးစားစီးပွားရေးလုပ်ငန်းများ ပြန်လည်ရှင်သန်ရန် လက်ရှိလုပ်ကိုင်နေသော အသေးစားစီးပွားရေး လုပ်ငန်းရှင်များ၏ လုပ်ငန်း မကောင်းသောအခြေအနေ ရှိပါက အခွန်ကင်းလွတ်ခွင့်ကို ၅ နှစ်ခန့်ပေးခြင်း၊ ငွေကြေးအထောက်အပံ့ အလို့ငှာ သက်သာသောအတိုးနှုန်းဖြင့် နှစ်လတ်နှစ်ရှည်ချေးပေးခြင်း၊ တိုးတက်သောခေတ်နှင့် လျော်ညီသည့် နည်းပညာများ ရရှိနိုင်သော အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း စသည့်အချက်များကို ထည့်သွင်းစဉ်းစားသင့်ပြီး မြန်မာနိုင်ငံတွင် အရေအတွက်အများဆုံးဖြစ်သော အသေးစား စီးပွားရေးလုပ်ငန်းများ တိုးတက်ရေးနှင့် ပြန်လည်ရှင်သန်ရေးအတွက် မည်သို့ စီမံချက်များရှိသည်ကို သိရှိ လိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

နိုင်ငံတော်ရှိ စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော်ဖြစ်သော အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ ဒုတိယဝန်ကြီး ဦးမျိုးအောင်စီးပွားရေး ဝန်းကျင်ကောင်းကို ဖန်တီးရန်နှင့် စဉ်ဆက်မပြတ်ရှင်သန်နိုင်စွမ်းရှိစေရန် မူဝါဒများချမှတ်ရေးဆွဲခြင်း၊ စားသုံးသူ အကာအကွယ် ပေးရေးဥပဒေများ၊ ထုတ်ကုန်ပစ္စည်းများ၏ စံချိန်စံညွှန်းဥပဒေများ၊ မူပိုင်ခွင့်ဥပဒေများ ပေါ်ထွန်းရေးကို အားပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ ယနေ့ မြန်မာ့ရုပ်မြင်သံကြားတွင် ကြော်ငြာနေသော အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများအတွက် Free to Start SME ကြော်ငြာများ၊ အခွန်ကင်းလွတ်ခွင့်၊ လုပ်ငန်းမှတ်ပုံတင်ကင်းလွတ် ခွင့်ဖော်ပြခြင်းနှင့် ပတ်သက်ပြီး အခွန်ကင်းလွတ်ခွင့်ပြုမည်ဆိုပါက တစ်နိုင်ငံလုံးရှိ စီးပွားရေးလုပ်ငန်းများကို အခွန်ကင်းလွတ်ခွင့်ပေးရမည် ကဲ့သို့ဖြစ်ပြီး မှတ်ပုံတင်ကင်းလွတ်ခွင့်ကိုလည်း ခွင့်ပြုလိုက်ရပါက အဆိုပါစီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်သည့် သတင်း အချက်အလက် များကို ရရှိနိုင်မည် မဟုတ်ပါ။ ၎င်းစီးပွားရေးဆိုင်ရာအချက်အလက်များမရရှိပါက လုပ်ငန်းအလိုက် စီမံကိန်းရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းကိစ္စရပ်များ ဆောင်ရွက်ရာတွင် အခက်အခဲများရှိလာနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေး လုပ်ငန်းများ မှတ်ပုံတင်ခြင်းကို ကင်းလွတ်ခွင့်မပြုသင့်ဘဲ အသေးစားလုပ်ငန်းများအတွက်သာ အခွန်ကင်းလွတ်ခွင့် သို့မဟုတ် ရာခိုင်နှုန်းမည်မျှ လျှော့ပေါ့ပေးမည်ကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

အသေးစားနှင့် အလတ်စားလုပ်ငန်းများအား ငွေကြေးအထောက်အပံ့ပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီး ဌာနနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများမှ ဆောင်ရွက်ပေးလျက်ရှိရာ သမဝါယမအသင်းအဖွဲ့များအနေနှင့် အသင်းသား ၅ ဦးမှ ၁၀ ဦး အထိပါဝင်သော ကနဦးအဖွဲ့များဖွဲ့စည်း၍ အသင်းသားတစ်ဦးကို ဆုငွေ ၅၀၀၀ ကျပ်စီ ထည့်ဝင်စေပြီး အသင်းဝင်များအား ပြန်လည်ငွေထုတ်ချေးပေးခြင်း၊ သမဝါယမအသင်းသား အိမ်ထောင်စုတစ်စုကို ပျမ်းမျှဝင်ငွေ ၁၀၀၀၀၀ နှုန်း ထုတ်ချေးခြင်း၊ အသင်းဝင်များအား ချေးငွေ ၁၀ ရာခိုင်နှုန်းကို စုဆောင်းစေခြင်းဖြင့် ၄၊ ၅ နှစ်အတွင်း ထပ်မံငွေချေးရန်မလိုဘဲ မိမိဖာသာရပ်တည်နိုင်စေရန် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ပြည်ပထက်သက်သာသော အတိုးနှုန်း ၈.၅ ရာခိုင်နှုန်းနှင့် အသေးစား၊ အလတ်စားလုပ်ငန်းရှင် ၆၂ ဦးအား ငွေကျပ် ၁၀ ဘီလီယံကို အချိန်ကာလ ၃ နှစ်အတွက် ထုတ်ချေးပေးခြင်းများကို ဆောင်ရွက်ထားပြီး ပြည်ပအထောက်အပံ့ဖြစ်သော Aids, Grant, Concessional  Loan များ ရရှိရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သက်သာသောအတိုးနှုန်း ဝ.၀၁ ရာခိုင်နှုန်းနှင့်Two Step Loan System ဖြင့် ငွေထုတ်ပေးနိုင်ရေးကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆွေးနွေး လျက်ရှိပြီး ညှိနှိုင်းဆွေးနွေးမှုများအောင်မြင်ပြီးစီး၍ ခွင့်ပြုချက်ရရှိပါက ပြည်တွင်းအသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ပိုမိုသက်သာသော အတိုးနှုန်းနှင့် နှစ်ရှည်ချေးငွေများကို ထုတ်ချေးပေးနိုင်မည်ဖြစ်ကြောင်း၊ နည်းပညာဆိုင်ရာပံ့ပိုးမှုအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ ပညာရေးအစီအစဉ်များ ဆောင်ရွက် ရန် ကမ်းလှမ်းလာပါက အမျိုးသားစီမံကိန်းနှင်‌့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှလည်း တက်ကြွစွာပါဝင်၍ ကဏ္ဍအလိုက် လိုအပ်သောနည်း ပညာများ ကို ဖြန့်ဝေပေးခြင်း များ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်မှုဝန်ကြီးဌာနရှိ အသေးစားနှင့် အလတ်စားလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနအနေဖြင့် လုပ်ငန်းရှင်များမှ နည်းပညာဆိုင်ရာလိုအပ်ချက်များကို မေးမြန်းပါက တိုက်ရိုက်ဖြေကြားပေးနေသည့်အပြင် လိုအပ်ပါက ဒေသအထိ လက်တွေ့ကွင်းဆင်းအကူ အညီပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဂျာမနီအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ GDZ နှင့်ပူးပေါင်း၍ ဒေသအလိုက် ထုတ်ကုန်များအား အဆင့်မြင့်ပြည်ပထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေး အတွက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသေးစားနှင့် အလတ်စားဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနနှင့် GDZ တို့မှ နည်းပညာရှင်များသည် ပြင်ဦးလွင်မြို့သို့ ကိုယ်တိုင်ကွင်းဆင်း၍ ခရမ်းချဉ်သီးအချည်ရည် ထုတ်လုပ်မည့် Polot Test စမ်းသပ်အောင်မြင်ခဲ့ပြီးဖြစ်၍ ၎င်းနည်းပညာကို အသေးစားနှင့်အလတ်စား လုပ်ငန်းများသို့ ဆက်လက်ဖြန့်ဝေနိုင်ရေးအတွက် ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲများကျင်းပပေးခြင်း PUM Netherlands ကျွမ်းကျင်ပညာရှင်များနှင့်ပူးပေါင်း၍ အသေးစား၊ အလတ်စားလုပ်ငန်းများအတွက် လိုအပ်သည့် စက်ပစ္စည်းများ၊ ငွေကြေးအထောက်အပံ့များ နည်းပညာများရရှိရေးအတွက် Assessment Workshop များကို ရန်ကုန်နှင့် မန္တလေးမြို့များတွင်ကျင်းပ၍ ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေနှင့်လည်း တိုင်းဒေသကြီး၊ပြည်နယ်အလိုက် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ ထုတ်လုပ်ခွင့်သက်တမ်းကို ယခင်က ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီး မတ်လ ၃၁ ရက်နေ့ အထိသာ ခွင့်ပြုပေးရာမှ ပြေစာသက်တမ်းထုတ်ပေးသည့်နေ့တွင် တစ်နှစ်အထိ ပြင်ဆင်သတ်မှတ်ပေးထား ပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ ပြည်ပအကူအညီများ လက်ခံရရှိမှုအခြေအနေ၊ အခြေခံအဆောက်အဦများ တိုးတက်တည်ဆောက်မှုအခြေအနေစသည့်အချက်များအပေါ် မူတည်ပြီး အသေးစား၊ အလတ်စားလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်း အဖွဲ့အစည်းများနှင့် နိုင်ငံသားများက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပူးပေါင်းဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း ဖြေကြားပါသည်။