(ဆ)မြောင်မြို့နယ်အတွက်အရေးတကြီးလိုအပ်နေသည့် မီးသတ်ကားတစ်စီး ရရှိရေးအတွက်မည်ကဲ့သို့ စီစဉ်ထားကြောင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၁၁.၁၀.၂၀၁၃)

ဦးအုန်းငွေ (မြောင်) မြောင်မြို့နယ်၏ မီးပေးကြိုတင်ကာကွယ်ရေးအတွက် လက်ရှိ ၃ ယူနစ် မီးသတ်တပ်ဖွဲ့တွင် မီးသတ်ကား ၂ စီးရှိသော်လည်း  ယင်းတို့မှာ အမည်ခံ သာ ဖြစ်နေပါကြောင်း၊ ယင်းမီးသတ်ကားများသည် ၁၉၇၅ ခုနှစ် လမ်းစဉ်ပါတီ ကာလတွင် ဟီးနိုးကားဖရိန်ဝယ်ပြီး ဒေသအစီအစဉ်ဖြင့် ကန်ရိုက်၍ တင် ထားသော ရေသယ်ကားတစ်စီးနှင့် ၂၀၀၉ ခုနှစ်တွင် မြို့နယ်အတွင်း ရှိ ကျေးရွာ များမှ ဝိုင်းဝန်းထည့်ဝင် စုဆောင်းငွေဖြင့် ဝယ်ယူထားသော ရေဂါလံ ၁၁၀၀ ဆန့် ပြည်တွင်းစက်မှုဇုန်ထုတ် မီးသတ်ကား တစ်စီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ယင်းမီးသတ်ကားများဖြင့် မီးငြိမ်းသတ်ရာတွင် အခက်အခဲရှိသောကြောင့် နီးစပ်ရာမြင်းမူ၊ ချောင်းဦးမြို့များသို့ အကူအညီတောင်းမှသာ မီးကိုနိုင်နိုင်နင်းနင်း ငြိမ်းသတ်နိုင်သော အနေအထားရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မြောင်မြို့နယ်တွင် မလွဲမသွေ လိုအပ်နေသော မီးသတ်ကား ၁ စီး ရရှိရေးအတွက် သက်ဆိုင် ရာပြည်ထောင်စုဝန်ကြီးဌာနမှ မည်ကဲ့သို့ စီစဉ် ပေးထားကြောင်းနှင့် မည်သည့် အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းစစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်တွင် မြို့ပေါ် ၄ ရပ်ကွက်၊ အိမ်ခြေ ၁၇၇၉ လုံး၊ အိမ်ထောင်စု ၁၉၅၀ စု၊ လူဦးရေ ၉၀၃၀ ဦး၊ ဌာနဆိုင်ရာအဆောက်အဦ ၃၁ လုံး၊ စက်ရုံအလုပ်ရုံ ၇ လုံး ရှိပါသည်။ ဆယ်နှစ်အတွင်း မီးလောင်မှု ၂၁ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၄၉၈၉၀၀၀ ခန့်ဆုံးရှုံးခဲ့ ပါကြောင်း၊ မြောင်မြို့နယ် မီးသတ်တပ်ဖွဲ့ကို လက်ရှိ ၃ ယူနစ်အဆင့် ဖွဲ့စည်းပုံခွင့်ပြုထားရှိရာ စခန်းတာဝန်ခံအပါအဝင် တပ်ဖွဲ့ဝင် ၈ ဦး၊ အေရိုးလပ် မီးသတ်ယာဉ် ၁ စီး၊ ဟီးနိုး ကေအမ်မီးသတ်ယာဉ် ၁ စီး၊ စုစုပေါင်း မီးငြိမ်းသတ် ယာဉ် ၂ စီး၊ အပေါ့စားမီးသတ်စက် ၁ လုံးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၄၀၁ ဦးတို့ဖြင့် မီးဘေး ကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်ရေး လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိပါကြောင်း။

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်သည် လက်ရှိ ၃ ယူနစ်အဆင့် ဖွဲ့စည်းပုံ ခွင့်ပြုထားသည့်အတွက်  ဖွဲ့စည်းပုံအရ မီးသတ်ယာဉ် ၃ စီး ထားရှိရမည်ဖြစ်ပြီး ယူနစ် သတ်မှတ်ချက် ပြည့်မီစေ ရန်အတွက် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် မီးသတ်ယာဉ် ၁ စီး ဖြည့်ဆည်းပေးရန် ဘဏ္ဍာငွေခွင့်ပြုမိန့် ရရှိပြီးဖြစ်ပါကြောင်း၊ ခွင့်ပြုရန်ပုံငွေဖြင့် မီးသတ်ယာဉ်ဝယ်ယူရေး စီမံဆောင်ရွက်လျက်ရှိရာ ဝယ်ယူပြီးပါက မီးသတ် ယာဉ် ၁ စီးကို ၂ လခန့်အတွင်း ထုတ်ပေးသွားနိုင်မည်ဖြစ်ကြောင်း ဖြေကြားပါသည်။