(စ)နိုင်ငံတော်မှသတ်မှတ်ထားသော ရှေးဟောင်း ဇုန်များနှင့်လယ်ယာမြေများပေါ်သို့ မတိုးချဲ့ရေး အတွက် Future Plan ရှိ/ မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၁၁.၁၀.၂၀၁၃)

ဦးအောင်ကြိုင် (ညောင်ဦး)နိုင်ငံအတွင်းတွင် မြို့များကျေးရွာများ တိုးချဲ့ရာ၌ လယ်ယာမြေ များနှင့် ရှေးဟောင်း ဇုန်များကို ကျူးကျော်ခြင်း မရှိစေရန် အတွက် မေးမြန်း မည် ဖြစ်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ် ၁၉၀ ခန့်က ကုန်းဘောင်ခေတ် ဘကြီးတော် လက်ထက်တွင် စာတမ်းများစစ်တမ်းများအရ လူ ဦးရေ ၈ သန်း၊ လွန်ခဲ့သော နှစ် ၆၀ခန့်က ၁၆သန်း၊ ယနေ့ သန်း ၆၀ ကျော်၊ နောက်နှစ် ၅၀ ရှိလျင်သန်း ၁၀၀ ခန့်ထိ လူဦးရေ တိုးလာ မည်ဖြစ်သော် လည်း လယ်ယာမြေများ တိုးလာခြင်းမရှိပါကြောင်း၊  ယနေ့ တစ်နိုင်ငံလုံးတွင် စိုက်ပျိုးနိုင်သော မြေဧကသန်း ၂၁ သန်းကျော်သာရှိပါကြောင်း၊ လူဦးရေတိုးလာသည်နှင့်အမျှ အိမ်ထောင်စုအသစ်များအတွက် အိမ်များ တိုးလာမည်ဖြစ်ရာ ယခုကပင် အချို့ကျေးရွာများသည် အိမ်များပြည့်ကျပ် လာပြီဖြစ်၍ မဖြစ်မနေတိုးချဲ့ရန်များ ရှိနေပါကြောင်း၊ ထိုသို့တိုးချဲ့လာပါ က နိုင်ငံတော်မှ သတ်မှတ်ထားသော ရှေးဟောင်းဇုန် များနှင့် စိုက်ပျိုးမြေ လယ်ယာ‌မြေများပေါ်သို့ မတိုးချဲ့ရေးအတွက် မည်ကဲ့သို့ အစီအမံများ FuturePlan ရှိ/မရှိကို သိရှိ လိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေပုဒ်မ ၃၀ ပုဒ်မခွဲ(က)တွင် ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်မြေကို အခြား နည်းဖြင့် အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေစီမံခန့် ခွဲမှု အဖွဲ့၏ စိစစ် ထောက်ခံချက်ဖြင့် ခွင့်ပြုနိုင်သည်ဟုလည်းကောင်း၊ ပုဒ်မ ၃၀ ပုဒ်မခွဲ(ခ)မှာ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့သည် လယ်မြေများမှ တစ်ပါး လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် ခွင့်ပြုနိုင်သည်ဟု လည်းကောင်း၊ အများပြည်သူ အကျိုးငှာ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုရန်လျှောက်ထားချက်နှင့် စပ်လျဉ်း၍ ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါကြောင်း၊

ယဉ်ကျေးမှုဝန်ကြီးဌာနသည် ၁၉၉၈ ခုနှစ်၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအရ ယဉ်ကျေးမှု အမွေအနှစ်ဒေသ ၄၆ ခုကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်သည့် ဒေသများအဖြစ် သတ်မှတ်ကြေညာခဲ့ပြီးဖြစ်သည့်အပြင် ယခုအချိန်တွင် လည်း မြို့ပြဧရိယာများတွင် လူနေအိမ် အဆောက်အဦများ တည်ဆောက်ခွင့်ကို ၂ ထပ် ပေ ၃၀ အမြင့်လို့ ကန့်သတ်ထားရာမှ ၃ ထပ် ပေ ၄၀ အမြင့်အထိ လျှော့ပေါ့ပေးပြီး တစ်ဖက်တွင်လည်း ယဉ်ကျေးမှုဇုန်၏ မြင်ကွင်း ဖုံးကွယ်မှု မရှိစေရန်နှင့် ထိခိုက်မှုမရှိစေရန် စီစဉ်ထားရှိကြောင်း၊ မြို့/ ရွာများ တိုးချဲ့ရန် မြို့ပြစီမံကိန်းရေး ဆွဲခြင်းများရှိလာပါက ၁၉၉၈ ခုနှစ်၊ ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ် ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၁၇ တွင်ပါရှိသော (က) ယဉ်ကျေးမှုအမွေအနှစ် ဒေသ၏မြင်ကွင်းကို ထိခိုက်ပျက်စီးစေနိုင်ခြင်း ရှိ/မရှိ၊ (ခ) ရှေးဟောင်း အထိမ်း အမှတ် အဆောက်အအုံ သို့မဟုတ် ရှေးဟောင်းနေရာနှင့် လွတ်ကင်းခြင်းရှိ/မရှိ၊ (ဂ) ပတ်ဝန်းကျင် သဘာဝ မြင်ကွင်းကို အဟန့်အတား၊ အနှောင့်အယှက်ဖြစ်နိုင်ခြင်းရှိ/မရှိ၊ (ဃ) ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံ၏ ထည်ဝါခန့်ညားမှုကို ထိခိုက်စေနိုင်ခြင်းရှိ/မရှိ၊ (င) ယဉ်ကျေးမှုအမွေအနှစ်များ၏ လုံခြုံမှုကို ထိခိုက်စေနိုင်ခြင်းရှိ/မရှိ၊ (စ) ပတ်ဝန်းကျင်ကို ညစ်ညမ်းမှုဖြစ်စေနိုင်ခြင်း ရှိ/မရှိဆိုသည့် ပြဋ္ဌာန်းချက်များကို အခြေခံစိစစ်ပြီး ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်မှုမရှိစေရန် စီမံဆောင်ရွက်မည့် ဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ သဘောထားကို ပြန်ကြားဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း။

ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက လည်း နိုင်ငံတော် အစိုးရ၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးဥပဒေများနှင့်  စည်းကမ်း သတ်မှတ်ချက်များကို ယဉ်ကျေးမှုအမွေ အနှစ်ဒေသ သတ်မှတ်ထားသော ဇုန်နယ်မြေများအတွင်း သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ ဂေါပကအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ ဧည့် လမ်းညွှန်များနှင့် ပြည်သူများ သိရှိအောင် ဖြန့်ဝေခြင်း၊ ရှင်းလင်းဟောပြောခြင်းများကို အခါအားလျော်စွာ ဆောင်ရွက်ပေးလျက်ရှိခြင်း၊  သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း နိုင်ငံတော်မှ သတ်မှတ်ထားသော ရှေးဟောင်းဇုန်များနှင့် လယ်ယာမြေများပေါ်သို့ မတိုးချဲ့စေရေးအတွက် ရှေးဟောင်းဇုန်နယ်နိမိတ် သတ်မှတ်ချက်ကို တိကျစွာ လိုက်နာစေခြင်း၊ ၎င်းနယ်နိမိတ်အတွင်း ကျူးကျော်ခြင်းမရှိစေရန် သက်ဆိုင်ရာခရိုင် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများက  ရပ်ကွက်/ ကျေးရွာများအထိ အသိပညာပေးဟောပြောခြင်း၊ စည်းကမ်းမဲ့ ကျူးကျော်ဝင်ရောက် နေထိုင်လုပ်ကိုင်သူများကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူခြင်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၁တွင်  တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့် မူဝါဒများနှင့် သော် လည်းကောင်း၊ ပြည်ထောင်စုဥပဒေများနှင့်သော်လည်းကောင်း ဆန့်ကျင်းခြင်းမရှိစေဘဲ တိုင်းဒေသကြီး (သို့) ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်းသည့် စီမံကိန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်ရ မည်ဟု ပြဋ္ဌာန်း ထားသည့်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရက တိုင်းဒေသကြီး (သို့) ပြည်နယ်အတွင်းမှာ ရှိသော မြို့၊ ရွာများတိုးချဲ့ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများနှင့် အညီ နိုင်ငံတော်က သတ်မှတ်ထားသော ရှေးဟောင်းဇုန်များနှင့် လယ်ယာမြေများအပေါ် ကျူးကျော်ခြင်း မရှိစေရန်အတွက် နောင် တိုးပွား လာမည့် လူဦးရေအတွက် လယ်ယာမြေကို အနည်းဆုံးထိခိုက်စေမည့် Town Plan, Village Plan နှစ် ၃၀ မြို့ပြစီမံကိန်း ရေးဆွဲခြင်း၊ ‌မြေသုံးစွဲမှုသက်သာစေရန်အတွက် မြို့ပြများတွင် အလျားလိုက်တိုးချဲ့ခြင်း အစား ဒေါင်လိုက်တိုးချဲ့ခြင်း စနစ်ဖြင့် တိုးပွားလာမည့် လူဦးရေအတွက် အထပ်မြင့် အဆောက်အဦများ ဆောက် လုပ်ခြင်းများကို ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။