ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပါဝင်သော ပင်လောင်းမြို့နယ်သည် တိုင်းရင်းသားပေါင်းစုံ စည်းလုံးညီညွတ်စွာ နေထိုင်သော မြို့တစ်မြို့ဖြစ်ပြီး မြို့အရှည် ၅ မိုင်ခန့်ရှည်လျားပြီး ရပ်ကွက် ၁၀ ကွက်ဖြင့် ဖွဲ့စည်းထားပြီး ဖွံ့ဖြိုးမှုနောက်ကျပါကြောင်း၊ ရင်းမှီး ရပ်ကွက်သည် ပင်လောင်းမြို့ နယ် တောင် ဘက် အစွန်ဆုံး၊ အမှတ်(၄) လေ့ကျင့်ရေး တပ်နှင့် အမှတ်(၃၃၁) အမြောက်တပ်တို့ ကပ်လျက်ရှိပြီး ၎င်းတို့၏ သားသမီးများသည် ရင်းမှီးအလယ်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသော်လည်း ဆုံးခန်းတိုင် ပညာသင်ကြားနိုင်ရန် ၃ မိုင်ခန့်ဝေးသော ပင်လောင်း (အ.ထ.က) သို့ သွားရောက်၍ ပညာ သင်ကြားနေကြရပါကြောင်း၊ ယခုအခါ ရင်းမှီးအခြေခံပညာ အလယ်တန်းကျောင်း အခြေအနေသည် အထက်တန်းကျောင်းခွဲအဆင့်နှင့်လျော် ညီသော ကျောင်းသား အင်အား အဆောက်အဦ၊ ပရိဘောဂ၊ ကျောင်းပိုင်မြေနှင့် အခြား အင်္ဂါရပ်များ ပြည့်စုံသည့်အပြင် အောင်ချက် ကောင်းမွန်သော ကျောင်းတစ်ကျောင်းလည်းဖြစ်ခြင်း၊ ပတ်ဝန်းကျင် တွင် အခြေခံပညာ မူလတန်းကျောင်းများ လုံလောက်စွာတည်ရှိပြီး ကျောင်းသားဦးရေ ၅၀၀ ခန့် ပညာသင်ကြားလျက်ရှိခြင်း၊ ကျောင်းအကျိုးတော်ဆောင် မိဘ၊ ဆရာ၊ ရပ်ကွက်သူရပ်ကွက် သားများ၊ ဒေသခံ တိုင်းရင်းသားများသည်လည်း ပညာရေးကို အထူးအားပေးလျက်ရှိခြင်းတို့အပြင် အဆိုပါကျောင်း အဆင့်မြှင့် ရန် ပြည်ထောင်စုဝန်ကြီးဌာနမှ တင်ပြပြီးသည်ကိုလည်း သိရပါကြောင်း၊ သို့ဖြစ်ပါ၍ ပင်လောင်းမြို့ပေါ်ရှိ ရင်းမှီး အခြေခံပညာအလယ်တန်း ကျောင်းအား အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အဖြစ် မည်သည့်ဘဏ္ဍာရေးနှစ် တွင် အဆင့်မြှင့်တင် ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာနသည် ကျောင်းများကို အဆင့်တိုးမြှင့်ပေးရန် ပထမဦးဆုံး အနေဖြင့် ကျောင်းသားဦးရေ၊ နယ်မြေဒေသ အခြေအနေတို့ကို သက်ဆိုင်ရာမြို့ နယ်၊ ခရိုင်၊ ပြည်နယ်/တိုင်းဒေသကြီးနှင့် ဦးစီးဌာန အဆင့်ဆင့်က အသေးစိတ် စိစစ်ပြီး ပညာသင်နှစ် ၁ နှစ်တွင် တစ်ကြိမ် ကျောင်းအဆင့်တိုးမြှင့်ပေးခြင်းများကို ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်ပေး ရခြင်းဖြစ်ကြောင်း၊ ထိုကဲ့ သို့ ဆောင်ရွက်ရာတွင်လည်း ပညာသင်နှစ် ၁ နှစ်လျှင် တစ်ကြိမ် မက ဆောင်ရွက်ပါက အဆင့် တိုးမြှင့်ခြင်း နှင့်အတူ ပေါ်ထွက်လာသော လစ်လပ်နေရာများအတွက် ဆရာ/ဆရာမများ ပြောင်းရွှေ့ပေးရခြင်း၊ ရာထူး တိုးမြှင့်ပေးရခြင်းတို့ကြောင့် သင်ကြားရေးအစီအစဉ်များကို ထိခိုက်နိုင်သည့် အတွက် ပညာသင်နှစ် ၁ နှစ်တွင် တစ်ကြိမ်သာ ဆောင်ရွက်ပေး ရခြင်း ဖြစ်ပါသည့်အတွက် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ် ရင်းမှီး ရပ်ကွက်ရှိ ရင်းမှီး အခြေခံပညာ အလယ်တန်းကျောင်းအား အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အဖြစ် တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိနိုင်ရန်အတွက် သက်ဆိုင်ရာကျောင်းများမှ မြို့နယ်ပညာရေးမှူးသို့လည်းကောင်း၊ မြို့နယ်ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူးရုံး၊ ထိုမှ တစ်ဆင့် ပြည်နယ် ပညာရေး မှူးရုံးများသို့လည်းကောင်း ဦးစားပေးအဆင့်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့် စိစစ် တင်ပြထားရန် လိုအပ်ပါကြောင်း ဖြေကြားပါသည်။
ဦးခွန်မောင်သောင်း (ပင်လောင်း)မှ ဆက်စပ်မေးခွန်းကို မေးမြန်းပါသည်။
ဦးခွန်မောင်သောင်း(ပင်လောင်း)
ရင်းမှီးကျောင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဖြစ် ရရှိရန် မြို့နယ်ပညာရေးမှူး၊ ကျောင်းကော်မတီ များမှ သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြထားပြီးဖြစ်ကြောင်း၊ ရင်းမှီးကျောင်းသည် ကျောင်းအင်္ဂါ လက္ခဏာရပ်နှင့် ပြည့်စုံသောကြောင့် ကျောင်းအဆင့်မြှင့်တင်ပေးရန် မည်သည့်ဘဏ္ဍာရေးနှစ်တွင် စီစဉ်ဆောင်ရွက်ပေးမည်ကိုသိလိုကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်
အထက်တန်းကျောင်းခွဲအဖြစ် တိုးမြှင့်ရန် ကျောင်းသားဦးရေ ၃၀၀ နှင့်အထက်ရှိရမည့်အပြင် ကျောင်းအဆောက် အဦ၊ ပရိဘောဂပြည့်စုံမှု၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုရေး၊ ရာသီဥတု စသည်တို့ကို ထည့်သွင်းစဉ်းစား ရပါကြောင်း၊ ယခု ပညာသင်နှစ်တွင် ပင်လောင်းမြို့၊ ရင်းမှီး အခြေခံပညာ အလယ်တန်း ကျောင်းတွင် စုစုပေါင်း ကျောင်းသားဦးရေ ၂၆၃ ဦးရှိသည်ကို သိရပါကြောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကျောင်း အဆင့်တို့ကို နှစ်စဉ် ဖေဖော်ဝါရီလ ဝန်းကျင်တွင် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယခု ရင်းမှီးအခြေခံပညာ အလယ်တန်းကျောင်းကို အဆင့်တိုးမြှင့်ရန် မြို့မိ မြို့ဖ၊ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတို့ ဆွေးနွေးတိုင်ပင်ပြီး ဦးစားပေးကိုက်ညီရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အခြေခံ ပညာကျောင်းပေါင်း ၄၃၀၀၀ ကျော်ရှိသည့် အတွက်ကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များမှ တင်ပြလာသည့်အခါ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ကြီး များ၏ ဦးစားပေးနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ တင်ပေးလိုက်သော ဦးစားပေးအဆင့်များ တူညီရန်လိုမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
