သံတွဲမြို့နယ်အတွင်း ၂၀၀၄-၀၅ စာသင်နှစ်ကတည်းက ဘွဲ့တစ်ခုခုရရှိပြီး အလယ်တန်းဆရာဖြစ် သင်တန်း အောင်မြင်ပြီးသူ ဆရာ/ဆရာမအချို့ကို ဆရာအင်အားလိုအပ်ချက်အရ အထက်တန်းပြ အစမ်းခန့် ဆရာ/ဆရာမများအဖြစ် မိမိတာဝန်ကျ နေသည့်ကျောင်းမှ အခြားကျောင်းကို တာဝန်ပေး ခန့်ထားခဲ့ပါကြောင်း၊ အမှတ် (၁) အခြေခံပညာဦးစီးဌာန၊ ရန်ကုန်မြို့၏ ၂၀၀၄ ခုနှစ်၊ ဇူလိုင် ၃၀ ရက်စွဲပါ စာအမှတ်၊ ဌာနခွဲ ၂(က)/၂၉၉/ခထ(အစမ်းခန့်)၂၀၀၄ နှင့် ပြန်တမ်း အမှတ် ၃၁၅(ခ)၊ ၃၁၅(ဂ) တို့တွင် ဆရာ/ဆရာမ ၂၄ ဦးပါဝင်ပြီး သံတွဲမြို့နယ်မှ ဆရာ/ဆရာမ ၁၃ ယောက်မပါရှိဘဲ ၎င်းတို့သည် တာဝန်ချ ထားပေးသော ကျောင်းများတွင် အထက် တန်းပြ(အစမ်းခန့်)များအဖြစ် ယနေ့အထိ တာဝန် ထမ်းဆောင်ခဲ့ ပါကြောင်း။
သို့သော် ၂၀၀၄ ခုနှစ်မှ ယခု ၂၀၁၃ ခုနှစ်အထိ ၉ နှစ်ခန့်ကြာမြင့်ခဲ့သော်လည်း အထက်တန်းပြ(အစမ်းခန့်) ဆရာ/ဆရာမ အဖြစ်သာ ဆက်ပြီး တာဝန်ထမ်းဆောင်နေရခြင်း၊ အထက်တန်းပြ(အမြဲတမ်း) အဖြစ် ယနေ့ထိအမိန့်စာထပ်မံ ထွက်မလာ သည့်အပြင် လစာမှာလည်း အထက်တန်းပြလစာ မခံစားရဘဲ အလယ်တန်းပြလစာကိုသာ ယနေ့အထိ ခံစားနေ ရခြင်း၊ လစာ ထုတ်ယူရာတွင်လည်း မူလ တာဝန်ကျခဲ့သော ကျောင်းများသို့ လစဉ်သွား၍ ထုတ်ယူနေရခြင်းတို့အပြင် ယခုအချိန်၌် ပညာရေးဝန်ကြီးဌာနက အခြေခံပညာ ဆရာ/ဆရာမများကို သတ်မှတ်လုပ်သက်ပြည့်မီလျှင် အဆင့်မြင့် လစာတိုးမြှင့် ခံစားခွင့်ပြုသည့်အချိန်တွင် အထက်ဖော်ပြပါ ဆရာ/ဆရာမများ အနေဖြင့် အလွန်နစ်နာလျက် ရှိနေပါကြောင်း၊ အချို့သော ဆရာ/ဆရာမများသည် ပင်စင်ယူသွားကြသဖြင့် ပင်စင်ယူချိန်တွင် အလယ်တန်းပြဆရာလစာနှင့် ပင်စင်ယူခဲ့ရပါကြောင်း။
ယခု ၂၀၁၃-၁၄ ပညာသင်နှစ်အတွင်းတွင်လည်း တချို့သောဆရာ/ဆရာမများမှာ အလယ်တန်းပြ လစာနှင့်ပင် ပင်စင်ယူရ မည်ဖြစ်ရာ-
(က) ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဆရာ/ဆရာမများကို ရာထူးတစ်ဆင့်မြင့်(အစမ်းခန့်) အဖြစ်ခန့်ထားရာတွင် အစမ်းခန့်ကာလအဖြစ် မည်ကဲ့သို့သတ်မှတ်ထား၍ မည်သည့်အချိန်တွင် အမြဲတမ်းအဖြစ် ခန့်အပ်ပါမည်နည်း။
(ခ) အမြဲတမ်းခန့်အပ်ခဲ့သော၊ ကုန်လွန်ခဲ့သောကာလများအတွက် နစ်နာမှုမရှိစေရန် ပင်စင်ယူထားပြီးသူများနှင့် ပင်စင်ခံစားခွင့်များအပါအဝင် မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်ပါမည်နည်း တို့ကိုမေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာနမှ သင်ကြားရေးဆရာ လိုအပ်သော အခြေခံပညာအထက် တန်းကျောင်းများတွင် ဘာသာရပ် လိုအပ်ချက်နှင့် အထ
က်တန်းပြ Section နေရာ လိုအပ်ချက်များအရ လုပ်သက်ရင့်ဘွဲ့ရ အလယ်တန်းပြဆရာ၊ ဆရာမများ ကို ၎င်းတို့၏ ဆန္ဒအရ အထက်တန်းပြ (အစမ်းခန့်) အဖြစ် တစ်နိုင်ငံလုံးအတိုင်း အတာနှင့် အခြေခံပညာကျောင်းများ၌ ၂၀၀၄ခုနှစ်တွင် စတင်ခန့် ထား ဆောင်ရွက်ခဲ့ပါသည်။ အထက်တန်းပြ (အစမ်းခန့်) ရာထူးသည် အလယ်တန်းပြရာထူး သာဖြစ်ပြီး လိုအပ်ချက်များအရ အလယ်တန်းပြဆရာများကို အထက်တန်းအဆင့်၌ တက်ရောက်သင်ကြားနိုင်ရန်အတွက် သတ်မှတ်ထားသည့် ရာထူးအခေါ်အဝေါ်တစ်ရပ် ဖြစ်ပါသည်။ အထက်တန်းပြ(အစမ်းခန့်) သည် ကျောင်း၏ အထက်တန်း အဆင့်တွင် တက်ရောက်သင်ကြားနိုင်ခြင်း၊ B.Ed စာမေးပွဲကို ယှဉ်ပြိုင်ဖြေဆိုရန် မလိုဘဲ B.Ed သင်တန်း တိုက်ရိုက် တက်ရောက်သင်ကြားခွင့်ရှိခြင်း စသည့် အခွင့်အရေးကောင်းများ ရရှိမည် ဖြစ်သည်။ သို့ရာတွင် အထက်တန်းပြ ရာထူး တို့မြှင့်တာဝန် ထမ်းဆောင်လိုပါက အခြားအလယ်တန်းပြနှင့် မူလတန်းကျောင်းအုပ်များနည်းတူ လျှောက်လွှာ တင်ပြရမည် ဖြစ်ပြီး ဆန္ဒပြုဒေသ၊ ဘာသာရပ်ကိုက်ညီမှုနှင့် ရာထူးတိုးမြှင့်ရန် သတ်မှတ်ချက်များအတိုင်း စီစစ်ရွေးချယ် ခံရမည် ဖြစ်ပါသည်။ အစမ်းခန့်ကာလ(သတ်မှတ်လ၊ သတ်မှတ်နှစ်)ပြည့်ချိန်တွင် အမြဲတမ်း ခန့်အပ်ရမည် ဟူသော ညွှန်ကြားချက်၊ စည်းမျဉ်းချမှတ်ထားခြင်း မရှိပါကြောင်းတင်ပြအပ်ပါသည်။
ထို့ကြောင့် အထက်တန်းပြ (အစမ်းခန့်)များသည် လိုအပ်ချက်အရ အလယ်တန်းပြများကို ၎င်းတို့ဆန္ဒရှိပါက အထက်တန်း များတွင် သင်ပြနိုင်ရန် ရာထူးသတ်မှတ် ခေါ်ဝေါ်ရန် ခန့်ထားခြင်း ဖြစ်ပါကြောင်း၊ အစမ်းခန့် ကာလ သတ်မှတ်ချက် မရှိပါကြောင်း၊ အထက်တန်းပြရာထူးသည် ရာထူးတိုးလျှောက်ထားခွင့်ရှိသူများ နည်းတူ လျှောက်ထားမှုများ ကိုသာ သတ်မှတ်စည်းမျဉ်းစည်းကမ်းနှင့်အညီ ရွေးချယ်ခန့်ထားခဲ့ပါကြောင်းနှင့် ပင်စင်ရထားပြီးသူ၊ ပင်စင်ခံစားခွင့်ရှိသူများ အပါအဝင် အထက်တန်းပြ (အစမ်းခန့်) များ၏ ပင်စင်ခံစားခွင့် နှင့်ပတ်သက်၍ မူလရာထူးဖြစ်သည့် အလယ်တန်းပြများနည်းတူ ခံစားခွင့်ရရှိမည် ဖြစ် ပါကြောင်း ဖြေကြားပါသည်။
