ပြည်ပမှ သင်္ဘောများဖြင့် တင်သွင်းလာသော စားအုန်းဆီများကို ဆိပ်ကမ်းတွင် FDA မှ စိစစ်ပြီး အရည်အသွေး ကောင်းမွန်ပြီး သက်မှတ်အဆင့်မီမှသာလျှင် သင်္ဘောမှချခွင့်ပြုသည်ဟု သိရှိရပါသည်။ ၎င်းသင်္ဘောမှ ချခွင့်ရသော စားအုန်းဆီများကို ဆိပ်ကမ်းရှိ ပိဿာပေါင်း ၄ သောင်းခန့်ဆံ့သည့် ဆီသိုလှောင်ကန် ၇ ကန်ထဲသို့ ပိုက်များနှင့် ထည့်သွင်းသိုလှောင်ပြီး တစ်ပြည်လုံးသို့ ဖြန့်ချီနေကြောင်းကိုလည်း ကြားသိရပါသည်။
ပြည်ပမှတင်သွင်းလာသော စားအုန်းဆီများကို ရန်ကုန်မြို့ရှိ တချို့ဆီကန်များမှ တစ်ပြည်လုံးရှိ လက်လီ လက်ကားဆိုင်များသို့ ဖြန့်ဖြူးရောင်းချရာတွင် အလေးချိန်လျော့နည်းနေခြင်း၊ အရောင်အသွေးပြောင်းနေခြင်း၊ အနံ့ဆိုးများ ထွက်နေခြင်း၊ စည်းသတ်မှတ်ထားသော Cloud Point 8 ထက်အရည်အသွေးလျော့၍ ကြည်လင်မှုမရှိဘဲ မှုန်နေခြင်း၊ ဆီလှောင်ကန်မှ ထုတ်စအချိန်တွင် ကြည်လင်စေပြီး နှစ်ရက်သုံးရက်ခန့်အကြာတွင် ဆီများ မှုန်မိုက်၍ ပြစ်ချွဲနေခြင်းကို မန္တလေးအပါအဝင် နယ်မြို့များမှ တင်ပြလာပါကြောင်း၊ လွန်ခဲ့သော ၅ လ၊ ၆ လ ခန့်က စားအုန်းဆီတင်လာသော သင်္ဘောမှ ဆီကိုနုတ်၍ ရေရောသောဖြစ်ရပ်နှင့် ၂၀၁၃ ခုနှစ်၊ ဇူလိုင်၊ သြဂုတ်လများအတွင်း ထပ်မံဖြစ်ပျက်ခဲ့သောဖြစ်ရပ်များကြောင့် စားသုံးသူများ၏ ကျန်းမာရေးကို ပိုမိုဆိုးရွားစေခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ဖော်ပြပါဖြစ်ရပ်များသည် ဆီတင်သွင်းသောကုမ္ပဏီတချို့၏မှားယွင်းမှုများ၊ ဆီကန်ရောက်မှဖြစ်သော မှားယွင်းမှုများ သို့မဟုတ် မျှော်မှန်းမရသော အခြားမှားယွင်းမှုများ စသည်တို့ကို သက်ဆိုင်ရာ၏ ဝန်ကြီးဌာနများမှ ဖော်ထုတ်အရေးယူရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ပြည်ပမှ စားအုန်းဆီများ တင်သွင်းခြင်းကို လွတ်လပ်စွာ စနစ်တကျခွင့်ပြုပေးလျက်ရှိရာ အရည်အသွေးစံချိန်စံညွှန်းများ မှန်ကန်ရေးနှင့် စည်းစနစ်ကျနစွာ တင်သွင်းရေးကို ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ အရည်အသွေးမြင့် စားသုံးဆီများ အသုံးပြုနိုင်ရေးအတွက် ၂၀၁၁ ခုနှစ် သြဂုတ်လမှစတင်၍ စားအုန်းဆီ အရည်အသွေးကို Cloud Point 10 မှ Cloud Point 8 သို့ ပြောင်းလဲတင်သွင်းစေပြီး Iodine Value (IV) ကိုလည်း ၅၆ မှ ၅၈ သို့ အဆင့်မြှင့်ပြင်ဆင် သတ်မှတ်တင်သွင်းစေလျက်ရှိပါသည်။
ပြည်ပမှ စားအုန်းဆီများတင်သွင်းရန်အတွက် လိုင်စင်စတင်လျှောက်ထားရာတွင် ကုန်ရောင်းချသည့် နိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနမှ သက်သေခံလက်မှတ် Health Certificate နှင့် စားအုန်းဆီနမူနာကို မြန်မာနိုင်ငံရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA သို့ ပေးပို့စစ်ဆေးပြီး ခွင့်ပြုထောက်ခံမှသာလျှင် သွင်းကုန်လိုင်စင် ထုတ်ပေးလျက်ရှိပါကြောင်း၊ ပြည်ပဆိပ်ကမ်း၌ သင်္ဘောမတင်မီ အသိအမှတ်ပြု အပြည်ပြည်ဆိုင်ရာ ကုန်စည်/ရေကြောင်းစစ်ဆေးရေးအဖွဲ့အစည်းနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဌာနတစ်ခုခုမှ ပြည်သူများ စားသုံးရန်သင့်ကြောင်း Fit for Human Consumption FDA အပါအဝင် အရောင်းအဝယ် စာချုပ်ပါစံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးထောက်ခံချက်များ ရရှိပြီးမှသာ မြန်မာနိုင်ငံသို့ တင်ပို့စေ ပါကြောင်း၊ ရန်ကုန်ဆိပ်ကမ်းကို ဆီသင်္ဘောများရောက်သည့် အခါ မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှု လုပ်ငန်းကုမ္ပဏီလီမိတက် MITS သို့ နမူနာ (Sample) များ စနစ်တကျထုတ်ယူစေပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့သိပ္ပံနှင့်နည်းပညာ သုတေသနဦးစီးဌာန MSTRD နှင့် ကျန်းမာရေးဝန်ကြီး ဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA များသို့ တစ်ပြိုင်တည်းပေးပို့စေ၍ ဓာတ်ခွဲအစစ်ဆေးခံပြီး အရည်အသွေး စံချိန်စံညွှန်းမီကြောင်း စစ်ဆေးတွေ့ရှိမှသာ ဆီကန်အတွင်းသို့ ထည့်သွင်းစေပါကြောင်း၊ မြန်မာ့ကုန်စည်စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်အနေဖြင့် သင်္ဘောမှ ဆီကန်သို့ ဆီမချမီ ဆီသိုလှောင်ကန်များ၊ ဆီပိုက်လိုင်းများအတွင်း စစ်ဆေးဆောင်ရွက်ပြီးမှ တင်သွင်းစေလျက် ရှိပါကြောင်း၊ ဆီသိုလှောင်ကန်ထဲသို့ ထည့်သွင်းထားသော စားအုန်းဆီနမူနာများကို ကန်အလိုက် ကိုယ်စားပြု ရယူပြီး စုပေါင်းနမူနာပြုလုပ်ကာ သင်္ဘောမှနမူနာနှင့် ဆီသိုလှောင်ကန်မှနမူနာများကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA သို့ ပေးပို့ပြီးတော့ထပ်မံစစ်ဆေးစေပါကြောင်း။
တင်သွင်းလာသောစားအုန်းဆီများကို နမူနာဓာတ်ခွဲစမ်းသပ်စစ်ဆေးပြီး ကျန်းမာရေးဝန်ကြီးဌာန၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ ပြည်သူလူထုစားသုံးရန် သင့်လျော်ကြောင်း ထောက်ခံချက်ရရှိ မှသာ ပြည်တွင်းသို့ဖြန့်ဖြူးရောင်းချခွင့် ပြုပေးလျက်ရှိပါကြောင်း၊ဆီသင်္ဘောတွင်ပါသော ဆီအရည်အသွေးနှင့် ပတ်သက်၍ ဆီအနံ့ထွက်ခြင်း၊ ဆီအရည်အသွေးပိုင်းဆိုင်ရာချို့ယွင်းချက်များရှိပါက ဆီလက်ခံချယူခြင်းကို ရပ်ဆိုင်းပြီး စားအုန်းဆီသင်္ဘောများလက်ခံစစ်ဆေးရေးအဖွဲ့၊ ဆီကန်ပိုင်ရှင်၊ ဆီတင်သွင်းသည့် ကုမ္ပဏီတို့မှ နမူနာရယူ၍ မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် MITS မှတစ်ဆင့် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA သို့ထပ်၍ ပေးပို့စမ်းသပ်စစ်ဆေးစေပါကြောင်း၊ FDA မှ စားသုံးသင့်ကြောင်း ထောက်ခံချက်မရရှိမီကာလအတွင်း ယင်းဆီကန်များမှ စားအုန်းဆီများကို ထုတ်ယူဖြန့်ဖြူးခွင့် မပြုပါကြောင်း၊ ဆီသိုလှောင်ကန်အတွင်း ရောက်ရှိပြီးသော ဆီများ အရည်အသွေးမကောင်းပါက အရည်အသွေး ကောင်းမွန်စေရန် ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်စေပါကြောင်း။
အရည်အသွေးပြည့်ဝသော စားအုန်းဆီတင်သွင်းနိုင်ရန် စားအုန်းဆီတင်သွင်းမှုနှင့် ဖြန့်ဖြူရေးဆိုင်ရာကိစ္စရပ်များ စနစ်တကျဖြစ်စေရန် ကျန်းမာရေးနှင့် ညီညွတ်သောစားသုံးဆီများ စနစ်တကျ ဖြန့်ဖြူးနိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များမှ တာဝန်ရှိသူများ၊ ဆီတင်သွင်းသော ကုမ္ပဏီလုပ်ငန်းရှင်များ၊ ဆီသိုလှောင်ကုမ္ပဏီများနှင့် ပတ်သက်၍ ၂၀၁၁ ခုနှစ်တွင် ၁၁ ကြိမ်၊ ၂၀၁၂ ခုနှစ်တွင် ၁၀ ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် ၅ ကြိမ် အစည်းအဝေးများပြုလုပ်ကာ ညှိနှိုင်းဆောင်ရွက် ပေးလျှက်ရှိပါကြောင်း၊ တင်သွင်းလာသော စားအုန်းဆီများ အရည်အသွေးနိမ့်ကျနေသည်ကို စစ်ဆေးတွေ့ရှိပါက ၎င်းဆီများကို သီးခြားဆီကန်ထဲ ချယူစေပြီး အပူပေးစနစ်ဖြင့် ရေကိုအငွေ့ပြန်စေခြင်း ဖြင့်လည်းကောင်း၊ ဆီနှင့်ရေကို အလွှာလိုက် ရေကိုဖယ်ထုတ်သည့် နည်းဖြင့်လည်းကောင်း သန့်စင်ဆောင်ရွက်ပြီး နောက်ဆုံး ကျန်ရှိသော စားအုန်းဆီများကို FDA သို့ ထပ်မံပေးပို့စစ်ဆေး၍ စားသုံးသင့်ကြောင်း ထောက်ခံချက် ရရှိမှသာ ဖြန့်ဖြူးစေခဲ့ ပါကြောင်း၊ အချို့ဆီများမှာ Cloud Point 8 နှင့် ကိုက်ညီမှုမရှိဘဲ ဆီများမှုန်နေခြင်းကို တွေ့ရှိရသည့်အတွက် ဆီကန်ကို သီးခြားချယူစေပြီး သိုလှောင်ကန်များရှိ အပူပေးကွိုင်များနှင့် အပူပေးခြင်း၊ အအေးခံခြင်း၊ အနည်ထိုင်စေခြင်းများပြုလုပ်ပြီး အနည်ဖြစ်နေသော Stearin များကို ဖယ်ထုတ်သန့်စင်ကာ သန့်စင်စားသုံးဆီ (Olein) ကို FDA သို့ ထပ်မံပေးပို့ စစ်ဆေး၍ စားသုံးသင့်ကြောင်း ထောက်ခံချက်ရရှိမှသာ ဖြန့်ဖြူးစေခဲ့ပါကြောင်း၊ အချို့ဆီများမှာ အရည်အသွေးကွာခြင်းကြောင့် အချဉ်နံ့ထွက်၍ အမြှုပ်များ ဖြစ်ပေါ်နေသောဆီများကို ပြည်တွင်းရှိ သီးခြားဆီသန့်စက်များကိုပေးပို့၍ Refine ထပ်မံပြုလုပ် သန့်စင်စေပြီး စားသုံးဆီများကို FDA သို့ပြန်လည်ပေးပို့စစ်ဆေး၍ စားသုံးသင့်ကြောင်း ထောက်ခံချက်ရရှိမှသာ ဖြန့်ဖြူးစေခဲ့ခြင်းများ ဆောင်ရွက် ခဲ့ပါကြောင်း။
ပြည်သူလူထု နေ့စဉ်သုံးစွဲနေသော စားသုံးဆီသည် အရည်အသွေးပြည့်မီရန် အထူးလိုအပ်သည့်အတွက် တင်သွင်းဖြန့်ဖြူးရာတွင် အရည်အသွေးစစ်ဆေးသော လုပ်ငန်းစဉ်များချမှတ်ပြီး တင်းတင်းကြပ်ကြပ် ဆောင်ရွက်ခဲ့ ပါသည်။ သို့ရာတွင် စားသုံးသူလက်ဝယ်ရောက်နေသော လက်လီလက်ကားဖြန့်ဖြူးမှုအပိုင်းထိ တင်သွင်းကြီးကြပ် ထည့်သွင်းမှု အားနည်းနေသည်ကိုလည်း တွေ့ရှိရပါသည်။ ထို့အတွက်ကြောင့် မိမိတို့အနေဖြင့် ပြည်တွင်းမှ စားအုန်းဆီတင်သွင်းမှုများ၊ ဆီသိုလှောင်ကန်ပိုင်ရှင်များ၊ ပြည်တွင်းလက်ကားဖြန့်ဖြူး ရောင်းချသူများ၊ လက်လီဖြန့်ဖြူးရောင်းချသူများအား သက်ဆိုင်ရာကဏ္ဍအလိုက် ဆီအရည်အသွေးနှင့် ပတ်သက်၍ တာဝန်ခံရမည့်စနစ်တစ်ခုဖော်ဆောင်နိုင်ရန် ဆောင်ရွက်နေပြီဖြစ်ပါသည်။ တင်သွင်း သူများအနေဖြင့် လည်း တင်သွင်းသည့်ကဏ္ဍအလိုက် သတ်မှတ်ထားသော Quality များပြည့်မီအောင်၊ Distribution အပိုင်းတွင်လည်း သတ်မှတ်ထားသော နည်းစနစ်များ၊ ထုတ်ပိုးမှုစနစ်များဖြင့် တိတိကျကျဆောင်ရွက် သွားနိုင်ရန်စီစဉ်သွား မည်ဖြစ်ပါသည်။
ဆီအရည်အသွေးနှင့်ပတ်သက်၍ တင်သွင်းမှုကဏ္ဍတွင် သတ်မှတ်ချက်နှင့်အညီ တင်သွင်းမှုမရှိသော ကုမ္ပဏီများကို စိစစ်ဖော်ထုတ်ပြီး ကုမ္ပဏီတာဝန်ရှိသူများကို အမည်ပျက်ကြေညာမည်ဖြစ်ကြောင်းကိုလည်း အသိပေးထားပြီးဖြစ်ပါသည်။ ထို့အပြင် စားသုံးသူကာကွယ်ပေးရေးဥပဒေကိုလည်း ရေးဆွဲပေးလျက်ရှိပြီး ပိုမိုထိရောက်သော အရေးယူဆောင်ရွက်မှုများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အလေးချိန်မပြည့်မှုနှင့် ပတ်သက်၍ ယခုလက်ရှိတွင် Digital Auto Filling Machine နှင့် တိကျစွာ ချိန်တွယ်ထုတ်ပေးလျက်ရှိပြီး ထုတ်ပေးရာတွင်လည်း ဆီပေပါခွံအလွတ်များကို ဦးစွာချိန်တွယ်ပြီး ဆီအပြည့်နှင့်ပြန်လည်ချိန်တွယ်ပြီး ဝယ်ယူသည့်ကိုယ်စားလှယ်များ လက်ခံကျေနပ်ကြောင်း လက်မှတ်ရေးထိုးပြီးမှ ထုတ်ပေးစေရေးကို စီစဉ် ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။
အရည်အသွေးမှန်ကန်သော စားအုန်းဆီတင်သွင်း ဖြန့်ဖြူးသည့် ကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းများ ကွင်းဆက်မိမိဆောင်ရွက်နိုင်ရန် ဆီတင်သွင်းသူများ၊ ဆီသိုလှောင်ကန်လုပ်ငန်းရှင်များ၊ လက်ကားရောင်းချသူများ၊ ပညာရှင်များ၊ ဌာနဆိုင်ရာများပါဝင်သော Working Group ကို အမြန်ဆုံး ဖွဲ့စည်းဆောင်ရွက်ပြီး စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါသည်။ မိမိတို့တင်သွင်းသည့်အပိုင်းတွင်လည်း သတ်မှတ်ထားသော ထုတ်ပိုးမှု နည်းစနစ်ဖြင့်ကျင့်သုံးရန်နှင့် ဖြန့်ဖြူးရာတွင်လည်း ရေတိုရေရှည်စီမံချက်များ ချမှတ်ပြီး ဆောင်ရွက်လျက် ရှိကြောင်းတွေ့ရှိရပါသည်။
ထို့အတွက်ကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကြီး မေးမြန်းသည့်မေးခွန်းနှင့် ပတ်သက်၍ စားအုန်းဆီများ ပြည်ပမှတင်သွင်းဖြန့်ဖြူးရောင်းချရာတွင် အရည်အသွေးစံချိန်စံညွှန်းနှင့် ကိုက်ညီသော ဆီများ ဖြန့်ဖြူးရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရည်အသွေးမမီဘဲ တင်သွင်းလာသောကိစ္စများ တွေ့ရှိပါက ပြည်သူများထံသို့ ဖြန့်ဖြူးခွင့်မပြုဘဲ စားသုံးရန်သင့်သည် အထိ ပြုပြင်ပြီးမှသာ ဖြန့်ဖြူးရောင်းချခွင့် ပြုပါကြောင်း၊ ဖြန့်ဖြူးရာတွင်လည်း ပိုမိုစနစ်ကျသော အစီအမံများကို ကဏ္ဍအလိုက် သက်ဆိုင်သူများနှင့် ညှိနှိုင်းရေးဆွဲ၍ အရေးယူမှုများကို ပြုလုပ်လျက်ရှိပါကြောင်း၊ ယခင် ၂၀၁၂ ခုနှစ် နယ်စပ်ဒေသမှ အသုံးပြုပြီးသော မြောင်းဆီများဝင်ရောက်လာသည်ကို ကြားသိရသည့်အတွက် သက်ဆိုင်ရာဒေသ အာဏာပိုင်များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ဝင်ရောက်သည့် လမ်းကြောင်းနှင့် ဈေးကွက်များ အတွင်း စုံစမ်းဖော်ထုတ်အရေးယူ ဟန့်တားနိုင်ခဲ့သော ဖြစ်စဉ်များ ရှိခဲ့ပါကြောင်းနှင့် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးပါက အများပြည်သူအတွက် ပိုမိုထိရောက်သော အကာအကွယ်ပေးမှုနှင့် တားဆီးကာကွယ်မှုများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
