မိမိအနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ သောက်သုံးရေ ခက်ခဲသော အောက်ပါကျေးရွာများတွင် ရေရရှိရေး
လုပ်ငန်းများ ဆောင်ရွက်ပေး ရန် အစီအစဉ်ရှိ/မရှိ မေးမြန်း လိုပါကြောင်း၊ ရွှေတောင်မြို့နယ်အတွင်း အိမ်ခြေ ၆၀၈၊ လူဦးရေ ၂၁၆၃ ဦးနေထိုင်သော ပေါင်းချုပ် ကျေးရွာအုပ်စု အင်္ဂူ၊ တည်ကြီးကုန်း ကျေးရွာများနှင့် အိမ်ခြေ ၃၅၀၊ လူဦးရေ ၂၀၀၀ နေထိုင်သော ထန်းကုန်းကျေးရွာအုပ်စု၊ ဝါးတောသာကျေးရွာတို့သည် သန့်ရှင်းသော သောက် သုံးရေ အခက်အခဲ များနှင့် နှစ်စဉ်ကြုံတွေ့ ခံစားနေကြရပါသောကြောင့် အဆိုပါကျေးရွာများ၌ ၄ လက်မ စက်ရေတွင်း တစ်တွင်းစီကို နိုင်ငံတော်မှ တူးဖော် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို လည်းကောင်း၊ ရွှေတောင် မြို့နယ်ရှိ ညောင်စာရေး ကျေးရွာအုပ်စုသည် အိမ်ခြေ ၇၉၆ အိမ်၊ လူဦးရေ ၂၉၈၄ ဦး နေထိုင်လျက်ရှိပြီး သောက်သုံးရေရှားပါးမှုကြောင့် ဒေသခံများက စက်ရေတွင်းများတူးဖော်သော်လည်း အောင်မြင်မှု မရရှိဘဲ အခက်အခဲများနှင့်သာ ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် အဆိုပါကျေးရွာ၌ နီးစပ်ရာရေထွက်ပင်ရင်း၊ ရေသွယ်လုပ်ငန်း (သို့) သင့်တော်ရာ ရေရရှိရေး လုပ်ငန်းကို နိုင်ငံတော်မှ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အထက်ပါရေရရှိရေး လုပ်ငန်းများသည် ရွှေတောင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ရန်ပုံငွေဖြင့် ဆောင်ရွက်မည်ဆိုပါက သက်မှတ် ရာခိုင်နှုန်းထက်ကျော်လွန် သုံးစွဲရမည် ဖြစ်သည့်အပြင် ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်း အပြီးဆောင်ရွက်ရာ၌ အဆင်မပြေနိုင်သောကြောင့် နိုင်ငံတော်မှ ထောက်ပံ့ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ် ရှိပါက ဆောင်ရွက်ပေးနိုင်မည့် အချိန်ကာလကို သိရှိလိုကြောင်း မေးမြန်းပါသည်။
၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရန်ပုံငွေ ၃၅၈.၇ သန်းဖြင့် ပဲခူးတိုင်း အတွင်းရှိ မြို့နယ်ပေါင်း ၁၉ မြို့နယ်၊ ကျေး ရွာပေါင်း ၃၀တို့တွင် တွင်းတိမ် ၂ တွင်း၊ စက်ရေတွင်း ၁၃ တွင်း၊ လက်တူးတွင်း ၄ တွင်း၊ မြေသားရေကန် ၁၁ ကန် လုပ်ငန်းစုစုပေါင်း ၃၀ ကို ယမန်နှစ် က ဆောင်ရွက်ပေးခဲ့ပါကြောင်း၊
၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင်လည်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၂၁ မြို့နယ်နှင့် ကျေးရွာပေါင်း ၃၆ ရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ရန်ပုံငွေ ၃၁၁.၅ သန်းဖြင့် တွင်းတိမ် ၁၅ တွင်း၊ စက်ရေတွင်း ၁၁ တွင်း၊ လက်တူးတွင်း ၃ တွင်း၊ မြေသားရေကန် ၆ ကန်နှင့် အခြားရေရရှိရေး လုပ်ငန်း ၁ ခု စုစုပေါင်း ၃၆ ခု ကိုဆောင်ရွက်ရန်လျာထားသည့်အနက် ပဲခူးတိုင်းဒေသ ကြီး၊ ညောင်စာရေးကျေးရွာအုပ်စု ဆင်သေကျေးရွာမှာ စက်ရေတွင်း ၁ တွင်း၊ မယားမာန်ကျေးရွာအုပ်စု၊ အင်ဗျားကျေးရွာတွင် တွင်းတိမ် ၁ တွင်း စုစုပေါင်းကုန်ကျငွေ ၂၀.၅ သန်းဖြင့် လည်းကောင်း၊ ၂၀၁၃-၁၄ ဖြည့်စွက်ရန်ပုံငွေတွင် အင်္ဂူကျေးရွာနှင့် တည်ကြီးကျေးရွာများတွင် စက်ရေတွင်း ၁ တွင်းစီကို ခန့်မှန်းကုန်ကျငွေ ၃၅ သန်းဖြင့် လည်းကောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရန်ပုံငွေမှ ထန်းကုန်း ကျေးရွာအုပ်စုနှင့် ဝါးတောသာကျေးရွာအတွက် စက်ရေတွင်း ၁ တွင်းနှင့် ညောင်စာရေး ကျေးရွာအုပ်စု၊ ညောင်စာရေး ကျေးရွာတွင် ၁ တွင်း စုစုပေါင်း ၂ တွင်း ကို ခန့်မှန်းကုန်ကျငွေ ၃၅ သန်းဖြင့် လျာထား၍ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
