(ဂ)လယ်ယာသုံးစက်ကရိယာများအားတောင်သူများ သုံးစွဲနိုင်ရန် ဈေးနှုန်းများ လျှော့ချရေးနှင့် မြန်မာ ကျပ်ငွေ ဈေးနှုန်းဖြင့် တောင်သူများ နား လည်နိုင်သည့် ဝေါဟာရများဖြင့် ဖြေကြားပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၇.၁၀.၂၀၁၃)

ဦးသန်းထွန်း (ဒီပဲယင်း)ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကိုတည်ဆောက်အံ့ဆိုသည့်  ဆိုင်းဘုတ်အောက်က နိမ့်ကျနေပါ သည်ဟု  သတ်မှတ်ခြင်း ခံနေရသော မြန်မာ့ ပညာရေးစနစ်၊ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်ဆိုသည့် ဆိုင်း ဘုတ်အောက်က ကစားပွဲတိုင်းနီးပါး ရှုံးနေရသည့် မြန်မာ့ လက်ရွေး စင် ဘောလုံး အသင်း၊ လျှပ်တစ်ပြက် လောကနိဗ္ဗာန် တည်ဆောက်အံ့ဆိုသော ဆိုင်းဘုတ်နှင့် အမှောင်ထဲတွင်ရှိနေသော မြို့ရွာကြီးများရှိသကဲ့သို့ ယခင်လက်မှု လယ်ယာ မှ ခေတ်သစ်စက်မှု လယ်ယာဆီသို့ ဆိုသော ကြွေးကြော်သံနှင့် ဗလာ နတ္ထိဟောင်းလောင်းဖြစ်နေသည့် စက်မှုလယ်ယာ ထွန်စက်စခန်းများကို ယခုတိုင်မြင်တွေ့နေရဆဲဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ပက လယ်ယာသုံး စက်ကိရိယာများ တင်သွင်းရာတွင် ကုန်သွယ်ခွန်ပေးဆောင်ရန် မလိုသော် လည်း ဈေးနှုန်းလျှော့ကျခြင်း မရှိသောကြောင့် လယ်ယာသုံးစက် ကိရိယာ များကို မော်တော်ယာဉ်ဈေးနှုန်း များကဲ့သို့ တောင်သူများ သုံး စွဲနိုင်သော ဈေးနှုန်း များ ဖြစ်ပေါ်စေရန် နိုင်ငံတော်က မည်သို့စီမံဆောင်ရွက်ထားပါကြောင်းကို တောင်သူများ သိရှိ နားလည်နိုင် သည့် ဝေါဟာရများဖြင့် ပြန်လည်ဖြေကြားပေးပါရန် မေးမြန်းပါသည်။


ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

ဒုတိယဝန်ကြီး ဦးခင်ဇော်တောင်သူလယ်သမားများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများ ကျယ်ပြန့်စွာ သုံးစွဲနိုင်ရေးနှင့် ပတ်သက်၍ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနသည် ဌာနပိုင်စက်ကိရိယာများဖြင့် ဝန်ဆောင် မှုပေးခြင်း၊ တောင်သူများစက်ကိရိယာများ ကိုင်တွယ်မောင်းနှင်ခြင်းနှင့် ပြုပြင် ထိန်းသိမ်းခြင်း သင်တန်းများကို အခမဲ့သင်ကြား လေ့ကျင့် ပေးခြင်း၊ စက်ကိရိယာများသုံးစွဲနိုင်မည့် စက်မှုလယ်ယာစနစ် လယ်ကွက်များ ဖော် ထုတ်ပေးခြင်း များကို အဓိက ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ နိုင်ငံတော် အစိုးရသစ် ကာလတွင် ဈေးကွက်စီးပွားရေး စနစ်ကို ပြောင်းလဲကျင့်သုံးလျက် ရှိရာ လယ်ယာသုံးစက်ကိရိယာများကို ပြည်ပမှ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်း ချခြင်းများအတွက် ပုဂ္ဂလိကပိုင်းမှ သတ်မှတ် ထားသော စည်းကမ်းများနှင့် အညီ လွတ်လပ်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာသုံးစက် ကိရိယာများ ၏ ဈေးနှုန်းများ လျော့ချနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေး ဝန်ကြီးဌာနတို့မှ ဖြေလျော့ဆောင်ရွက်မှု များကို အောက်ပါ အတိုင်း ပြုလုပ်ခဲ့ပါကြောင်း၊ နိုင်ငံတော်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူဖြစ်စေရန် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် လယ်ယာသုံးစက်ကိရိယာများ၊ လယ်ယာသုံးစက် ပစ္စည်းများကို ပြည်ပမှ တင်သွင်းခြင်းနှင့် ပြည်တွင်းထုတ်လုပ်ရောင်းချမှုတို့အပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန်ကို ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ၂၂-၇-၂၀၁၂ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၂၈၈/၂၀၁၂) ဖြင့် ၁-၇-၂၀၁၂ ရက်နေ့မှ ၃၁-၃-၂၀၁၃ ရက်နေ့အထိ ကင်းလွတ်ခွင့်ပြုခဲ့ခြင်း၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် လယ်ယာသုံးစက် ကိရိယာများ၊ လယ်ယာသုံးစက် ပစ္စည်းများတို့ကို ပြည်ပမှ၊ တင်သွင်းခြင်းနှင့် ပြည်တွင်း၌ ပြန်လည်ရောင်း ချခြင်း၊ ပြည်တွင်းထုတ်လုပ် ရောင်းချခြင်း အပေါ်ကျသင့်မည့် ကုန်သွယ်လုပ်ငန်းခွန်ကို ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၇-၅-၂၀၁၃ ရက်နေ့ နေ့စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၇၃၅/၂၀၁၂) ဖြင့် ၁-၄-၂၀၁၃ ရက်နေ့မှ ၃၁-၃-၂၀၁၄ ရက်နေ့အထိ ကင်းလွင့်ခွင့်ပြုထားခြင်း၊ လယ်ယာသုံးစက် ကိရိယာများအတွက် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်သည် ၅ ရာခိုင်နှုန်း ဖြစ်ကြောင်း ပြန်လည် ရှင်းလင်းဖြေကြားခဲ့ခြင်း၊ လယ်ယာကဏ္ဍတွင် လယ်ယာသုံးစက်ကိရိယာများအတွက် လိုအပ်ချက်များကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ရန် အတွက် နိုင်ငံတော်ပိုင်း အနေဖြင့် ရန်ပုံငွေကန့်သတ်ချက်များရှိသောကြောင့် ပုဂ္ဂလိကကဏ္ဍမှ စက်မှုလယ်ယာ ဝန်ဆောင်မှုလုပ်ငန်းများ၊ လယ်ယာသုံး စက်ကိရိယာ ဖြန့်ဖြူးရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ ဆောင်ရွက် လာစေရန်နှင့် လယ်ယာသုံးစက်ကိရိယာများကို တောင်သူများ ကျယ်ပြန့်စွာ သုံးစွဲနိုင်ရန် ဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့်လည်း မိမိဒေသတွင်းရှိ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ အင်အားကိုရယူ၍ စက်မှုလယ်ယာ ကူးပြောင်းရေးနှင့် တောင်သူများ လယ်ယာသုံးစက်ကိရိယာများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေးကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံတော်အစိုးရသစ်ကာလတွင် အရည်အသွေး ကောင်းမွန်သော လယ်ယာသုံး စက်ကိရိယာများ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးကို ဦးတည်ချမှတ်ဆောင်ရွက်လျက်ရှိရာ လယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်သည့် ကုမ္ပဏီများနှင့်ပူးပေါင်း၍ အရည်အသွေးမြင့် စက်ကိရိယာများ ထုတ်လုပ်ကာ တောင်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာသုံးစက် ကိရိယာဈေးနှုန်းများ သိသာစွာ မကျဆင်းရခြင်းမှာ ပြည်ပစက်ရုံမှ ဝယ်ဈေးနှုန်းပေါ်တွင် သယ်ယူပို့ဆောင်ခများ၊ အခွန်အခများ၊ ကုမ္ပဏီ၏ အမြတ်အစွန်းများ အစရှိသည်တို့ကို ပေါင်း၍ ခေတ်အဆက်ဆက် တသမတ်တည်း သတ်မှတ်လာခဲ့ခြင်းကြောင့် ပြည်ပစက်ရုံမှ ဝယ်ယူရသော ဈေးနှုန်းအတက်အကျနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်အကျအရ အသင့်အတင့်သာပြောင်းလဲမှုရှိနိုင်ပြီး မော်တော်ယာဉ်များကဲ့သို့ အဆမတန် ကျဆင်းနိုင်မှုမရှိခဲ့ပါကြောင်းနှင့် အဆိုပါ လယ်ယာသုံး စက်ကိရိယာထုတ်လုပ်သည့်စက်ရုံများ၊ ပြည်တွင်း၌ လာရောက်ရင်းနှီးမြှုပ်နှံ၍ ကုန်ကျစရိတ်သက်သာစွာဖြင့် ထုတ်လုပ်ပြီး၊ မလိုလားအပ်သည့် စရိတ် များလျော့ချခြင်းဖြင့် ရောင်းချနှုန်း လျော့ချနိုင်မည်ဖြစ်ပါသောကြောင့် ပြည်ပ ကုမ္ပဏီများ ပြည်တွင်း၌ လာရောက်ရင်းနှီးမြှုပ်နှံရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာသုံး စက်ကိရိယာအတွက် သတ်မှတ်ကုန်သွယ်ခွန်နှုန်းထားအရ စက်တန်ဖိုး၏ ၅ ရာခိုင်နှုန်းသာ လျော့ကျနိုင်မည်ဖြစ်ရာ နိုင်ငံတော်မှ ကုန်သွယ်ခွန်ကင်းလွတ်ခွင့် ပြုခဲ့သော်လည်း ပြည်ပငွေ လဲလှယ်နှုန်းများ ပြောင်းလဲမှုဖြစ်ပေါ်လာသောကြောင့် လယ်ယာသုံးစက်ကိရိယာရောင်းဈေးနှုန်းများ သိသိ သာသာလျော့ကျမှု မရှိခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ လယ်ယာသုံးစက်ကိရိယာ ဈေးနှုန်းများ လျော့ကျနိုင်ရန် လယ်ယာသုံး စက်ကိရိယာ ထုတ်လုပ်သည့် စက်ရုံကြီးများ ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံ တည်ဆောက်လာရေး၊ အရည်အသွေးကောင်းသော လယ်ယာသုံးစက် ကိရိယာများ ထုတ်လုပ်သည့် ပြည်ပကုမ္ပဏီကြီးများ အပြိုင်အဆိုင်လာရောက် ရင်းနှီးမြှုပ်နှံ ဆောင်ရွက် ရေး၊ စက်မှုလယ်ယာဝန်ဆောင်မှုလုပ်ငန်းများ အပြိုင်အဆိုင် ပေါ်ထွန်းလာရေးတို့ကို နိုင်ငံတော်မှ ကြိုး ပမ်း ဆောင်ရွက် လျက် ရှိပါကြောင်း၊ ယခုအချိန်တွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နှင့် သမဝါယမ ဝန်ကြီးဌာန တို့မှ အရစ်ကျ ပေးချေသည့် စနစ်ဖြင့် တောင်သူများဝယ်ယူသုံးစွဲနိုင်ရန် စီစဉ် ဆောင်ရွက်ပေးလျက် ရှိပါကြောင်းကို ရှင်းလင်းဖြေကြားပါသည်။

ဖြေကြားသည့် ဌာန