(က)ကောလင်းမြို့နယ်တွင် ရေလှောင်တာတမံ ဆည်စီမံကိန်းတစ်ခုခုကို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၇.၁၀.၂၀၁၃)

ကောလင်းမြို့နယ်သည် ယခင်ကာလကတည်းက မိုးကောင်းလယ်များဖြစ်သော ဝါးတောများပေါပြီး ဦးခိုင်မောင်ရည် (အလုံ)ဆန်စပါးပဲမျိုးစုံနှင့် နှမ်းအထွက်များသော ဒေသဖြစ်သကဲ့သို့ အုပ်ချုပ်ရေးဒေသ၏ အခြေခံမြို့တစ်မြို့လည်းဖြစ်ခဲ့ပါကြောင်း၊ ယခုအခါ မိုးခေါင်မှု များ ကြုံရသည့်အပြင် လယ်ကွင်းများတွင် ပက်ကြားအက်မှုများနှင့် နွေရာသီတွင် လူနှင့် တိရိစ္ဆာန်များ  သောက်သုံးရေ ပြတ်လပ်သည်အထိ ကြုံတွေခဲ့ရပါကြောင်း၊  မိုးတွင်းတွင် အထက်ပိုင်းဒေသများ၌  မိုးသည်းထန်စွာ ရွာသွန်းပါက ကော လင်းမြို့တွင် မိုးမရွာသော်လည်း ညသန်းခေါင်ကျော်အချိန်မှ ရေကြီးခြင်း မျိုး ကြုံတွေ့ခဲ့ရပါကြောင်း။  ၁၉၉၅ခုနှစ် အောက်တိုဘာလတွင် မိုးများသဖြင့်  ကောလင်းမြို့နှင့် ဝန်းသိုမြို့နယ်များတွင်  ရေကြီးမှုများဖြစ်ပေါ်ကာ လူအသေ အပျောက်ရှိသည်အထိ ရေကြီးနစ်မြုပ်ဒဏ်ကို ခံစားခဲ့ရပါကြောင်း၊ ၂၀၁၁-၁၂ခုနှစ်များတွင်လည်း တစ်မြို့လုံး၏ ငါးပုံလေးပုံခန့် အထိ ရေလွှမ်းမိုးမှုခံခဲ့ရကာ ယခုအချိန်ထိ နှစ်စဉ်နှစ်တိုင်း ရေနှစ်မြုပ်မှုဖြစ် လျက်ရှိပါကြောင်း၊ ယခု အခြေအနေအရ­­­­ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှာလည်း ထိုဒေသနှင့်ပတ်သက်ပြီး အခြားစီမံကိန်းများ ဆောင်ရွက်နေသော်လည်း ကောလင်းမြို့နယ်၏ အောက်ဖော်ပြပါ လိုအပ်ချက်များကြောင့် ကောလင်းမြို့နယ် ၏အထက်ဝန်းသို မြို့နယ်ဧရိယာအစပ်လောက်တွင် ရေလှောင် တမံတစ်ခုတည်ဆောက်ပေးရန် မဖြစ်မနေလိုအပ်သည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် ကောလင်းမြို့နယ်၏ ပတ်လည်ဒေသတောတောင်များ၊ အထက်ပိုင်းဒေသများမိုးကြီးပါက ကောလင်းမြို့နယ် ကျေးရွာများ နှစ်စဉ်ရေ နစ်မြုပ်ခြင်းမှ ကာကွယ်ပေးနိုင်ရန်၊ မိုးစပါး စိုက်ပျိုးရေး ရေခက်ခဲမှုများ ကြုံတွေ့ချိန်တွင်  အထောက်အကူပြုနိုင်ရန်၊ မိုးကုန်လျှင် လယ်များ ရေခန်းခြောက်သဖြင့် ဆောင်းသီးနှံစိုက်ပျိုးခွင့် ဆုံးရှုံးနေရမှုများ အထောက်အကူပြုနိုင်ရန်၊ မြို့ပေါ်ရပ်ကွက်များ ကျေးရွာများရှိ ချောင်း၊မြောင်းရေများ ခန်းခြောက်ခြင်း အပေါ်မြေဆီလွှာ များ ရေခန်းခြောက်ခြင်းများကြောင့် ရေတွင်းများ ရေမထွက်ခြင်း သောက်ရေသုံးရေ ပြတ်လပ်မှုများ ဖြစ်ပေါ်ခြင်းနှင့် ပင်မချောင်းကြီးများကို မှီခိုဖြစ်ထွန်းခဲ့ရတဲ့ နွေသီးနှံပင်များ စိုက်ပျိုးခွင့် နည်းပါးလာရာမှ လုံးဝ ရပ်တန့်သွားခြင်း များကို ပြန်လည်ရှင်သန်ခွင့် ရနိုင်ရန်အတွက် ရေလှောင်တာတမံ စီမံကိန်းတစ်ခုခု ကို  နိုင်ငံတော်မှ ဆောင် ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။


ဖြေကြားသူ
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန-၄၊ ဒုတိယဝန်ကြီး ဦးအောင်သိမ်း
အဖြေ

ဒုတိယဝန်ကြီး ဦးအောင်သိမ်းကောလင်းမြို့နယ် ရေနစ်မြှုပ်မှုကာကွယ်ရေး၊ စိုက်ပျိုးရေ လုံလောက်မှု ရရှိရေး၊ ဆောင်းသီးနှံ၊ နွေသီးနှံများ စိုက်ပျိုးခွင့် ရနိုင်ရေးနှင့် နွေရာသီရေရှားပါးမှု မဖြစ်စေရေးတို့အတွက် အထောက်အကူပြုနိုင်ရန် ဝန်းသိုမြို့ နယ်၊ ဒေါင်းမြူးချောင်းရေလှောင် တမံစီမံကိန်းအား တည်ဆောက်ရေး ၄ မှ ကြိုတင်လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်းနှင့် သစ်ဖြူ ပင်ရေလှောင် တမံ တည်ဆောက်နိုင်ရန် ကြိုတင်စူးစမ်း လေ့လာမှု များ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြား ရှင်းလင်းဖြေကြားပါသည်။

ဦးခိုင်မောင်ရည် (အလုံ)က ဆက်စပ်မေးခွန်းကို မေးမြန်းပါသည်။

သမ္မတရုံးဝန်ကြီးဌာန၏ ဖြေကြားချက် အရ ဒေါင်းမြူး စီမံကိန်း ဆောင်ရွက်နေ သည်ဟု သိရှိရပါကြောင်း၊ အဆိုပါ စီမံကိန်းသည် ဝန်းသိုဧရိယာကိုသာ အကျိုးပြုနိုင်ပါကြောင်း၊ ယခု ကောလင်းမြို့နယ်ကို အကျိုးပြုနိုင်ရန် ကောလင်းနှင့် ဝန်းသိုအကြားရှိသော နန်းလိုင်းချောင်းကို အခြေပြုှ တည်ဆောက်နိုင်မှ ရနိုင်မည် ဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရေး ဆည်မြောင်း ဝန်ကြီးဌာနမှ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး surveyလုပ်ထားမှု တစ်ချို့ ရှိသည်ဟုကြားသိရသည့်အတွက် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အနည်းငယ်ဖြေကြားပေးစေလိုကြောင်း တင်ပြမေးမြန်းသွားပါသည်။

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ၄၊ ဒုဝန်ကြီး ဦးအောင်သိမ်း

မိမိတို့အနေဖြင့် နန်းလိုင်းချောင်းပေါ်တွင် စူးစမ်းလေ့လာမှု သေချာစွာအကောင်အထည်မှု မပြုလုပ် ရသေးသော်လည်း ဦးခိုင်မောင်ရည်(အလုံ)က တင်ပြသည့်အတွက်  မိမိအနေဖြင့်  သက်ဆိုင်ရာ စစ်ကိုင်းတိုင်း ဆည်မြောင်းဦးစီးဌာနကို မေးမြန်းပြီး နန်းလိုင်းချောင်းပေါ်တွင် တည်ဆောက်နိုင်မည့် အနေအထားတစ်ခုကို စူးစမ်းလေ့လာ၍ ဆက်လက် တင်ပြသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။