မန္တလေးတိုင်းဒေသကြီးရှိ မန္တလေးဆေးတက္ကသိုလ်ကျောင်းသည် ပထမနှစ်ဆေးကျောင်းသား ၅၀၀ ကျော်အား စာသင်ခန်း ၂ ခန်း၊
ဒုတိယနှစ်ကျောင်းသားကျောင်းသူ ၇၆၈ ဦးခန့်အား စာသင်ခန်း ၂ ခန်း၊ တတိယနှစ်ကျောင်းသားကျောင်းသူ ၄၆၀ ဦးခန့်အား စာသင်ခန်း ၂ ခန်းနှင့် စတုတ္ထနှစ် အပိုင်း(က) ကျောင်းသားကျောင်းသူ ၄၂၀ ခန့်အား စာသင်ခန်း ၂ ခန်းတို့ဖြင့် ဆေးပညာရပ်များအား သင်ကြားပို့ချလျက်ရှိရာ ကျောင်းသားဦးရေနှင့် ဆရာ ဆရာမအချိုးကွာခြားခြင်း၊ စာသင်ခန်း နည်းပါးခြင်းများကြောင့် ကျူရှင်ထပ်မံတက်ခဲ့ကြရခြင်းတို့ဖြင့် အချိန်ကုန် ငွေကုန်ကာ ဆေးပညာအား သင်ယူလျက်ရှိ နေကြရသည့်အပြင် ဆရာတစ်ဦးလျှင် ကျောင်းသား ၂၀ ဦးနှုန်းနှင့် Guardian စနစ်ဖြင့် ထိန်းကျောင်း ဆောင်ရွက်ခြင်း သည်လည်း မူ ရှိသော်လည်း လက်တွေ့ ဆောင်ရွက်မှုအားနည်းနေကြောင်း ကြားသိနေရခြင်းတို့ကြောင့် မန္တလေးတိုင်း ဒေသကြီးရှိ မန္တလေးဆေးတက္ကသိုလ် ကျောင်းသားကျောင်းသူများ ပညာသင်ကြားရာတွင် နိုင်ငံတကာအဆင့်မီရန် ကျောင်းသားနှင့် စာသင်ခန်းအချိုး မျှတရန်နှင့် Guardian စနစ် အမှန်တကယ် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိတို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဆေးသိပ္ပံပညာ ဦးစီးဌာနလက်အောက်ရှိ ဆေးတက္ကသိုလ်များသို့ ၂၀၀၁ ခုနှစ်မှစ၍ နှစ် စဉ် ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၄၀၀ ဦး
လက်ခံခဲ့ရာ ဆေး တက္ကသိုလ်(မန္တလေး)သို့ နှစ်စဉ်ပျမ်းမျှ ကျောင်းသား ကျောင်းသူ ၇၀၀ ဦးခန့် တက်ရောက် ပညာသင်ကြားခွင့် ရခဲ့ကြပါကြောင်း၊ ဆေးတက္ကသိုလ် (မန္တလေး)တွင် ပထမနှစ်သင်တန်းမှ နောက်ဆုံးနှစ် အပိုင်း(က) သင်တန်း အထိ သင်တန်း ၄ ခုအတွက် သင်တန်းတစ်ခုလျှင် ကျောင်းသား ၂၅၀ ဆံ့ စားသင်ခန်း ၂ ခန်းစီဖြင့် သင်ကြားပေးလျက်ရှိရာတွင် ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသား များ အားလုံးကို စာသင်ခန်းအတွင်း၌ တစ်ပြိုင်တည်း စာသင်ခြင်းမျိုးမဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ရမည့်အုပ်စု၊ စာသင်ခန်းများတွင် စာသင်ရမည့်အုပ်စုဟူ၍ အုပ်စုများခွဲပြီး၊ နံနက်ပိုင်းနှင့် ညနေပိုင်းခွဲ၍ စာသင်ချိန်၊ လက်တွေ့ လုပ်ဆောင်ချိန် စသည်ဖြင့် ကျောင်းသားများအား အချိုးကျ ခွဲထုတ်ပြီး ဘာသာရပ်အလိုက် အချိန်ဇယားများ ရေးဆွဲ၍ အလှည့်ကျ သင်ကြားပေး လျက်ရှိပါကြောင်း၊ တတိယနှစ်နှင့် နောက်ဆုံးနှစ် အပိုင်း(က) ကျောင်းသားများကိုလည်း သင်ကြားရေးဆေးရုံ များသို့ လက်တွေ့လုပ်ဆောင်စေသော အုပ်စု၊ ဒေသန္တရမြို့နယ် များသို့ ကွင်းဆင်းသွားစေသော အုပ်စု၊ စာသင်ခန်းတွင် စာသင်ကြားစေသော အုပ်စုဟူ၍ အုပ်စုများခွဲပြီး နံနက်ပိုင်းနှင့် ညနေပိုင်း အလဲအလှယ် အပြန်အလှန် သင်ကြားပေးလျက် ရှိပါကြောင်း၊
ထို့ပြင် ကျောင်းသားများ၏ စာသင်ကြားမှု အရည်အသွေး၊ ကျောင်းခေါ်ချိန်တို့ကို ကြီးကြပ်ရန် အတန်း တစ်တန်းစီ၌ရှိသော ကျောင်းသား- ဆရာဦးရေ အချိုးအလိုက် ဆရာ ဆရာမများအား Guardian များအဖြစ် ခန့်အပ် ပေးထားသော်လည်း လက်တွေ့တွင် သင်ကြားရေး တာဝန်များကြောင့် ကြီးကြပ်မှု အားနည်းလျက်ရှိပါကြောင်း၊ သင်ကြားရေးအတွက် အဆင်ပြေစေရန် ဆောင်ရွက်ပေးလျက် ရှိသော် လည်း ကျောင်းသားများ၏ အရည်အသွေး ပိုမို တိုးတက် မြင့်မားလာစေရေးကို ဆောင်ရွက်ပေးရန် လိုအပ်လျက် ရှိရာ ယင်းကိစ္စကို နဝမအကြိမ်မြောက် ဆေးပညာ သင်ကြားရေးနှီးနှောဖလှယ်ပွဲတွင် တင်ပြဆွေးနွေးပြီး ဆေး တက္ကသိုလ်များသို့ ဝင်ခွင့်ပြုဦးရေကို လျော့ချရန် ထောက်ခံ အကြံပြုပါသဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးအမှတ်စဉ်(၁၄/၂၀၁၁)သို့ တင်ပြပြီး ကျောင်းသား ကျောင်းသူများ၏ အရည်အသွေးပိုမိုမြင့်မားရေး လုပ်ငန်းစဉ်ပါ ရေတိုလုပ်ငန်းအဖြစ် ၂၄၀၀ ဦးမှ ၁၂၀၀ ဦးသို့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ စာသင်နှစ်မှ စတင် လျော့ချခဲ့ရာ ဆေးတက္ကသိုလ်(မန္တလေး)သို့ ကျောင်းသား ကျောင်းသူ ၃၇၉ ဦး သာ ဝင်ခွင့်ရရှိခဲ့ပါကြောင်း၊
ထို့ကြောင့် မန္တလေးတိုင်းဒေသကြီးရှိ ဆေးတက္ကသိုလ်(မန္တလေး) ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရာ တွင် ယခင်ကထက် ကျောင်းသားနှင့် စာသင်ခန်းအချိုး၊ ကျောင်းသားနှင့် ဆရာအချိုး ပိုမိုမျှတကောင်းမွန် လာမည်ဖြစ်ပြီး၊ Guardian စနစ်ကိုလည်း ယခင်ကထက် ပိုမိုကောင်းမွန်ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်သွားရန် တက္ကသိုလ်များနှင့်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။
ဦးသိန်းထွန်းဦး(အမရပူရ)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်
သက်ဆိုင်ရာဝန်ကြီးဌာနမှ ယခင်ကလည်း အချိုးကျ ခွဲဝေထားသည်ဟု ပြန်လည်ဖြေကြားထားရာ လက်တွေ့တွင် ထိုကဲ့သို့ ခွဲဝေ ကျင့်သုံးခြင်းနှင့်ပတ်သက်ပြီး ဆန်းစစ်မှုပြုလုပ်ခြင်း ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
