(က)မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့ရွာဖွံ့ဖြိုးမှု အထောက်အကူပြုအဖွဲ့တို့နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ (၃.၁၀.၂၀၁၃)

ခေတ်စနစ်ပြောင်းလဲလာသည်နှင့်အမျှ ပြည်သူ့ဗဟိုပြုအုပ်ချုပ်ရေးလမ်းကြောင်းကို နိုင်ငံတော်အစိုးရသစ်က အကောင်အထည်ဖော်လျက်ရှိရာ ၂၈-၃-၂၀၁၃ ခုနှစ် နေ့စွဲပါ နိုင်ငံတော်သမ္မတရုံး၏ စာအမှတ် ၁၀၀(၅)/၇/ သမ္မတရုံးအရ နိုင်ငံနှင့်အဝန်း မြို့နယ်အသီးသီးတွင် မြို့နယ်ဖွံ့ဖြိုးမှု အထောက်အကူပြု ကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့ကို မြို့မိမြို့ဖများ ပါဝင်သော အရပ်ဖက်အဖွဲ့အစည်းပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားကြောင်းကို လေ့လာသိရှိရပါသည်။

သို့သော် မြို့မိမြို့ဖများပါဝင်သောအဖွဲ့အစည်းများအနေဖြင့် လက်တွေ့နယ်ပယ်တွင် အုပ်ချုပ်ရေး အဖွဲ့အစည်းများ နှင့် အခြားဌာနများပါဝင်သော မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၏ လွှမ်းမိုးမှုအောက်တွင် ရုပ်ပြသဘောဆောင်နေခြင်း၊ နိုင်ငံဝန်ထမ်းလုပ်ငန်းများနှင့် ကျွမ်းကျင်မှုမရှိခြင်းတို့ကြောင့် လုပ်ငန်း လုပ်ကိုင်လုပ်ဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံတွေ့နေကြရသည့်အတွက် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများတွင် အဆင်ပြေစေရန် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များထံ ချည်းကပ် အကူအညီ တောင်းခံလာကြပါသည်။ ထို့ကြောင့် မိမိအနေဖြင့် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း၊

  • မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မြို့ရွာဖွံ့ဖြိုးမှုအထောက်အကူပြုကော်မတီတို့၏ ရပိုင်ခွင့်နှင့် တာဝန် များကို သိရှိလိုပါကြောင်း။
  • ၎င်းအဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လည်းကောင်း၊  ပြည်သူများက ၎င်းတို့ထံ ဆက်သွယ်ရာတွင် လည်းကောင်း၊ အစည်းအဝေးများကျင်းပရာတွင် လည်းကောင်း ချောမော အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်အတွက် ရုံးခန်း (သို့) အဆောက်အအုံများ နေရာသတ်သတ်မှတ်မှတ် စီစဉ်ပေးရန် အစီအစဉ်ရှိ/မရှိ။
  • အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း အဆိုပါကော်မတီနှင့် အဖွဲ့များ၏ ဆောင်ရွက်ချက်များ အသက်ဝင်ခြင်း ရှိ၊မရှိ တို့ကို သိရှိလိုကြောင်း မေးမြန်းပါသည်။   
ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန-၂ ဦးစိုးမောင်
အဖြေ
၁။ မြို့နယ်စည်ပင်သာယာရေးကော်မတီများအား အောက်ပါအတိုင်း ဖွဲ့စည်းထားရှိရန် နိုင်ငံတော်သမ္မတရုံးကပြည်ထောင်စု
ဝန်ကြီးဌာနများအားလုံး၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့အားလုံး နေပြည်တော် ကောင်စီနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ 
တိုင်း/ဒေသ ဦးစီးအဖွဲ့အားလုံးကို ၂၆-၂-၂၀၁၃ ရက်တွင် အကြောင်းကြားထားပြီးဖြစ်ပါသည်။

(က)

မြို့မိမြို့ဖများမှရွေးချယ်သောပုဂ္ဂိုလ်

ဥက္ကဋ္ဌ

(ခ)

လူမှုရေး(သို့မဟုတ်) စီးပွာ‌ရေးအဖွဲ့အစည်းမှ ကိုယ်စားလှယ် ၁ ဦး

အဖွဲ့ဝင်

(ဂ)

သက်ဆိုင်ရာလုပ်ငန်းအလိုက်ကျွမ်းကျင်ပညာရှင်၊ပညာအခြေပြု အဖွဲ့အစည်းများမှကိုယ်စားလှယ် ၁ ဦး

အဖွဲ့ဝင်

(ဃ)

မြို့မိမြို့ဖများမှကိုယ်စားလှယ် ၁ဦး

အဖွဲ့ဝင်

(င)

ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

အဖွဲ့ဝင်

(စ)

ဒုတိယဦးစီးမှူး၊ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ

အဖွဲ့ဝင်

(ဆ)

အမှုဆောင်အရာရှိ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့

အတွင်းရေးမှူး

၂။       ယင်းကော်မတီကို အောက်ပါလုပ်ငန်းတာဝန် ၃၃ ခု ကို ပေးအပ်ထားပါသည်။

(က)

မြို့ပြနှင့်ကျေးလက်ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲဆောင်ရွက်ခြင်း။

(ခ)

ရေပေးရေးလုပ်ငန်းများဆောင်ရွက်ခြင်း။

(ဂ)

သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျေးလက် စည်ပင်သာယာရေး နယ်နိမိတ် အတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း။

(ဃ)

မိလ္လာလုပ်ငန်းများဆောင်ရွက်ခြင်း၊ အများသုံးသန့်စင်ခန်းများတည်ဆောက်ခွင့်ပြုခြင်း။

(င)

လမ်းမီးပေးရေးလုပ်ငန်းများဆောင်ရွက်ခြင်း။

(စ)

စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများတည်ထောင်ခြင်း၊ ကြီးကြပ်ခြင်း၊ ပြင်ဆင်ထိန်းသိမ်း ခြင်း။

(ဆ)

ပုဂ္ဂလိကပိုင်ဈေးများတည်ထောင်ခြင်း၊ကြီးကြပ်ခြင်း။

(ဇ)

ကျွဲနွားပွဲဈေးများ တည်ထောင်ခြင်း၊ ကြီးကြပ်ခြင်း။

(ဈ)

လမ်းဘေးဈေးဆိုင်များကြီးကြပ်ခြင်း။

(ည)

မုန့်ဖိုများ၊ စားသောက်ဆိုင်များကြီကြပ်ခြင်း။

(ဋ)

အန္တရာယ်ရှိစေနိုင်သော လုပ်ငန်းများကြီးကြပ်ခြင်း။

(ဌ)

မီးဘေး၊ရေဘေး၊ လေဘေး၊ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအထောက် အကူပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း။

(ဍ)

သားသတ်ရုံများတည်ထောင်ခြင်း၊ စားသုံးရန် ခြေလေးချောင်းတိရစ္ဆာန်များ သတ်ဖြတ်ခွင့်ပြုခြင်း၊ အသားရောင်ချခြင်းကို ကြီးကြပ်ခြင်း ။

(ဎ)

ကူးတို့လုပ်ငန်းများ စီမံခန့်ခွဲခြင်း။

(ဏ)

အပေါင်ဆိုင်လုပ်ငန်းများကြီးကြပ်ခြင်း။

(တ)

အနှေးယာဉ်များစီမံခန့်ခွဲခြင်း။

(ထ)

လမ်းတံတားများတည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း။

(ဒ)

လမ်းစည်းကမ်းနှင့် လမ်းအသုံးချမှုသတ်မှတ်ခြင်း၊ လမ်းအမည်သတ်မှတ်ခြင်း၊ အဆောက်အအုံအမှတ်သတ်မှတ်ခြင်း။

(ဓ)

စည်ပင်သာယာရေးအဖွဲ့ပိုင်အဆောက်အအုံများဆောက်လုပ်ခြင်း၊ ပြင်ဆင်ထိန်း သိမ်းခြင်း။

(န)

ပုဂ္ဂလိကအဆောက်အအုံများဆောက်လုပ်ခွင့်ပြုခြင်း၊ ကြီးကြပ်ခြင်း၊ အန္တရာယ်ရှိ စေနိုင်သော အဆောက်အအုံများ ဖျက်သိမ်းစေခြင်း။

(ပ)

ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ကျေးလက်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း နယ်နိမိတ် ပိုင်းခြားသတ်မှတ်ကြေငြာ၍ ယင်းနယ်နိမိတ်အတွင်း ပုဂ္ဂလိပိုင် အဆောက် အအုံများ ဆောက်လုပ်ခွင့်ပြုခြင်း၊ကြီးကြပ်ခြင်း။

(ဖ)

မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်နှင့် ဤဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ပ) အရ သတ်မှတ် ကြေညာထားသော ဒေသ နယ်နိမိတ်အတွင်း ကျူးကျော်အိမ်များ၊ ကျူးကျော်အဆောက် အအုံများ၊ ကျူးကျော်ရပ်ကွက်များ ဖျက်သိမ်းခြင်း။

(ဗ)

အခကြေးငွေယူ၍ အခန်းလိုက် ငှားရမ်းသော အဆောက်အအုံများ၊ ဘော်ဒါဆောင်များ ဖွင့်လှစ်ခွင့်ပြုခြင်း၊ ကြီးကြပ်ခြင်းနှင့် စည်ပင်သာယာရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာများ၊ တည်းခိုခန်းများစစ်ဆေးခြင်း။

(ဘ)

တိရစ္ဆာန်များထားရှိခြင်းကို ကြီးကြပ်ခြင်း၊ လေလွင့်သွားလာနေသော တိရစ္ဆာန်များကို ဖမ်းဆီး ထိန်းသိမ်းစီမံခန့်ခွဲခြင်း၊ တိရစ္ဆာန်အသေကောင်များကို သုတ်သင်ရှင်းလင်း စေခြင်း။

(မ)

လေလွင့်သွားလာနေသော ရူးသွပ်သူ၊ကုဋ္ဌနူနစွဲကပ်သူနှင့်တောင်းရမ်းစားသူများကို ဖမ်းဆီး၍ သက်ဆိုင်ရာသို့ အပ်နှံခြင်း။

(ယ)

ပန်းဥယျာဉ်၊ ပန်းခြံ၊ကစားကွင်း၊ ရေကူးကန်၊ ရေချိုးဆိပ်၊အပန်းဖြေနေရာများ တည်ထောင် ခြင်း၊ စီမံခန့်ခွဲခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း။

(ရ)

သုဿာန်များသတ်မှတ်ခြင်း၊ ကြီးကြပ်ခြင်းနှင့် သြင်္ဂိုလ်စက်များ တည်ထောင်ခြင်း၊ ပြင်ပြုထိန်းသိမ်းခြင်း။

(လ)

အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် သုဿာန်များကို ဖျက်သိမ်းခြင်း၊ ဖျက်သိမ်းသည့် သုဿာန်မြေများကို အခြားနည်းအသုံးပြုခြင်း။

(ဝ)

ဆိုင်ဘုတ်နှင့်ကြော်ငြာများစိုက်ထူခြင်း၊ ခိြတ်ဆွဲခြင်းအားကြီးကြပ်ခြင်း။

(သ)

ယာဉ်ရပ်နားစခန်းများ သတ်မှတ်ခြင်း၊ ကြီးကြပ်ခြင်း။

(ဟ)

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်ပင်သာယာရေး လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်း။

(ဠ)

အစိုးရအဖွဲ့နှင့်ဝန်ကြီးဌာနက အခါလားလျော်စွာ သတ်မှတ်ပေးသည့် လုပ်ငန်း တာဝန်များကို ဆောင်ရွက်ခြင်း။

(အ)

အများပြည်သူအကျိုးပြု အခြားစည်ပင်သာယာရေးလုပ်ငနးျများကိုဆောင်ရွက်ခြင်းတို့ ဖြစ်ပါသည်။

 


 

၃။ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီကိုလည်းပဲ နိုင်ငံတော်သမ္မတရုံးအနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊
ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ နေပြည်တော်ကောင်စီ အားလုံးကို ၂၆-၂-၂၀၁၃ ရက်နေ့တွင် ဖြန့်ဝေပြီး အောက်ပါ
အတိုင်းဖွဲ့စည်းထားရန် အကြောင်းကြားထားပြီးဖြစ်ပါသည်။

(က)

ကော်မတီဝင်ပုဂ္ဂိုလ်များ၏ အများဆန္ဒအရ ရွေးချယ်တာဝန်ပေးအပ်သူက

ဥက္ကဋ္ဌ

(ခ)

မြို့မိမြို့ဖနှင့်ရပ်ကွက်ကျေးရွာအုပ်စုကိုယ်စားလှယ်များမှအများဆန္ဒဖြင့် ရွေးချယ်တာဝန်ပေးအပ်သူ

အဖွဲ့ဝင်

(ဂ)

လူမှုအဖွဲ့အစည်းကိုယ်စားလှယ်

အဖွဲ့ဝင်

(ဃ)

စီးပွားရေးအသင်းအဖွဲ့ကိုယ်စားလှယ်

အဖွဲ့ဝင်

(င)

အလုပ်သမားကိုယ်စားလှယ်

အဖွဲ့ဝင်

(စ)

တောင်သူလယ်သမားကိုယ်စားလှယ်

အဖွဲ့ဝင်

(ဆ)

ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

အဖွဲ့ဝင်

(ဇ)

အမှုဆောင်အရာရှိ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့

အဖွဲ့ဝင်

(ဈ)

မြို့မိမြို့ဖ၊ လူမှုရေး၊ စီးပွားရေးကိုယ်စားလှယ်များမှ အများဆန္ဒဖြင့် ရွေးချယ် တာဝန်ပေးအပ်သူ

အတွင်းရေးမှူး

၄။       ယင်းကော်မတီတွင်လည်း လုပ်ငန်းတာဝန် ၉ ရပ် သတ်မှတ်ပေးထားပါသည်။

 

(က)

မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့နယ်အတွင်းနေထိုင်ကြတဲ့ ပြည်သူများရဲ့ လူမှုအကျိုး စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးဆောင်ခြင်း၊ ဆောင်ရွက်သင့်သည့် ကိစ္စရပ်များ အားဝိုင်းဝန်းဆွေးနွေးအဖြေရှာခြင်း၊ ရပ်မိရပ်ဖဒေသခံများနှင့် ပူးပေါင်း၍ မြို့ပြ ကျေးရွာဖွံ့ဖြိုးမှုလုပ်ငန်းများဆောင်ရွက်ခြင်း၊

(ခ)

မြို့နယ်ဌာနဆိုင်ရာများအား ဥပဒေ၊ နည်းဥပဒေနှင့်အညီ အပ်နှင်းထားသော လုပ်ငန်း တာဝန်များကို မထိခိုက်စေဘဲ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွား ရေးလိုအပ်ချက်တို့ကို ဆွေးနွေးညှိနှိုင်းအကြံပြုခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အထောက်အကူပြုပူးပေါင်းဆောင်ရွက်ခြင်း၊

(ဂ)

ရပ်ကွက်နှင့်ကျေးရွာအုပ်စု ပြည်သူများ လူထုလူတန်းစားအလွှာအသီးသီးမှ တင်ပြလာ သည့် လူမှုစီးပွားရေးတိုးတက်ရန် လိုအပ်ချက်များနှင့် မြို့ပြကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် တွေ့ဆုံညှိနှိုင်းသည့် အစည်းအဝေး တွင် ဆွေးနွေးပူးပေါင်းဖြေရှင်းဆောင်ရွက်ခြင်း၊

(ဃ)

မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရေးဆွဲ၍ လိုအပ်ချက်များ ဆွေးနွေးအကြံပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့်နေရာများရှိပါက လူမှုစီပွားရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုရှိ/မရှိစိစစ်ရာ၌ ဆွေးနွေးညှိနှိုင်းအကြံပြုခြင်း၊

(င)

မြို့နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ပုဂ္ဂလိကကဏ္ဍ၏စွမ်းဆောင်မှုသည် အဓိက ဖြစ်သည့်အတွက် စီးပွားရေးကုန်ထုတ်လုပ်မှု လုပ်ငန်းနယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက် လာစေရန် တီထွင်ကြံဆပူးပေါင်းဆောင်ရွက်ခြင်း၊ သမဝါယမအသင်းများ၊ ကုမ္ပဏီများ၊ အများပိုင်ကုမ္ပဏီများ၊ စီးပွားရေးအသင်းအဖွဲ့များ တိုးချဲ့ဖွဲ့စည်းခြင်းဖြင့် အသေးစား နှင့်အလတ်စား စီးပွားရေးလုပ်ငန်းများတိုးတက်စေရန် အားပေးမြှင့်တင်ပူးပေါင်း ဆောင်ရွက်ခြင်း၊

(စ)

ပညာရေး၊ ကျန်းမာရေးနှင့် လူသားအရင်အမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ ကော်မတီအတွင်း ညှိနှိုင်း၍ဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးနိုင်သည့်ကိစ္စရပ်များကို အကြံပြုညှိနှိုင်း ဆောင်ရွက်ခြင်း၊

(ဆ)

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ်များ အကောင် အထည်ဖော်ဆောင်ရွက်ရာ၌ ပူးပေါင်းဆောင်ရွက်ခြင်း၊

(ဇ)

မြို့နယ်အတွင်း၌ နိုင်ငံတကာအထောက်အပံ့ဖြင့်ဆောင်ရွက်သော လုပ်ငန်းများတွင် ပြည်သူတို့၏အကျိုးစီးပွားကို ထိရောက်မှုရှိစေရန် ပူးပေါင်းဆောင်ရွက်ခြင်း၊

(ဈ)

မြို့နယ်အတွင်းရှိ ပြည်သူများ၏  အမှန်တကယ်ဆုံးရှုံးနစ်နာမှုများရှိလာပါက မြို့နယ် စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြ၍ ဝိုင်းဝန်ကူညီဖြေရှင်းဆောင်ရွက်ပေးခြင်းတို့ဖြစ်ပါ တယ်။

၅။ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၏ ရပိုင်ခွင့် အနေဖြင့် စရိတ် ချီးမြှင့်ငွေနှင့် လစာများ ကို
သက်ဆိုင်ရာ မြို့နယ်အသီးသီးတို့မှ နှစ်စဉ်ရရှိသော ဝင်ငွေအပေါ်မူတည်ပြီး သာမန် အသုံးစရိတ်ဖြင့် သတ်မှတ်ပေးနိုင်ပါကြောင်း၊
ထိုသို့သတ်မှတ်ရာတွင် နှစ်စဉ်ရရှိသော ဝင်ငွေ၏ ၃၀ ရာခိုင်နှုန်းအတွင်းသာ ကျခံ သုံးစွဲရမည်ဖြစ်ပြီး မြို့နယ်/ရပ်ကွက်၊ ကျေးရွာ
အုပ်စုဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြု ကော်မတီဝင်များမှာ ဒေသခံများဖြစ်ခြင်း၊ အချိန်ပြည့် ရုံးလုပ်ငန်းဆောင်ရွက်ရန် မလို
အပ်ခြင်း၊ တစ်လတစ်ကြိမ်ပြုလုပ်သောအစည်းအဝေး၊ အခါအားလျော်စွာပြုလုပ်သော အစည်းအဝေးတို့တွင်တက်ရောက်ရခြင်းသာ
ရှိသဖြင့် ၎င်းတို့၏ရပိုင်ခွင့်နှင့်ပတ်သက်ပြီး သတ်မှတ်ဆောင်ရွက်ပေးရန် မလိုပါကြောင်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့်
မြို့ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၏ ရုံးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက်ကို မြို့နယ်စည်ပင်သာယာရေးရုံးနှင့်
အဆောက်အဦများကို အသုံးပြုဆောင်ရွက်ထားပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်တော်ကြီး မေးခွန်းအရ အချို့သော တိုင်းဒေ
သကြီးနှင့် ပြည်နယ်များတွင် အဆိုပါကော်မတီများ ဖွဲ့စည်းပြီးတက်ကြွစွာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော်လည်း 
အချို့သော တိုင်းဒေသကြီးများ အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မှု အားနည်းလျက်ရှိသည့် အတွက် သက်ဝင်လှုပ်ရှား
ဆောင်ရွက်ရန် တွန်းအားပေးဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။