နိုင်ငံတော်သည် ယာဉ်အိုယာဉ်ဟောင်းများကို အရည်အသွေးမီယာဉ်များနှင့် အစားထိုးပေးခြင်းအားဖြင့်ကဏ္ဍအသီးသီးတွင် အဆင်ပြေစေရန် ဆောင်ရွက် လျက် ရှိသည်ကို တွေ့ရသော်လည်း မြို့ပေါ်နှင့် နယ်အချို့တွင် ဌာနဆိုင်ရာနှင့် ပုဂ္ဂလိကပိုင် နှစ်လွန်ယာဉ်အိုယာဉ်ဟောင်းများ အစားထိုး လဲလှယ်ရန် ကျန်နေသေးကြောင်း၊ နေပြည်တော်ရှိ အစိုးရဝန်ကြီးဌာန အချို့တွင် နှစ်လွန် ယာဉ်များ အသုံးပြုဆဲဖြစ်နေသည်ကို တွေ့မြင် နေရခြင်းမှာ အမြင် မတင့်တယ်သည့်အပြင် ယာဉ်အန္တရာယ်ရှိခြင်း၊ SEA GAME ကျင်းပရန် ရှိနေခြင်း၊ ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ တာဝန်ယူရမည့် အချိန်အခါနှင့် ကြုံကြိုက်နေခြင်းတို့ကြောင့် ယာဉ်အိုယာဉ်ဟောင်းများ၊ သတ်တမ်းလွန် ယာဉ်များနှင့် နယ်မြို့များရှိ ဌာနဆိုင်ရာနှင့် ပုဂ္ဂလိကယာဉ်များ၊ နေပြည်တော်ရှိ ဝန်ကြီးဌာန အသီးသီးတွင် ယာဉ်အိုယာဉ်ဟောင်းများကို မည်သို့ဆောင်ရွက် မည်နှင့် မည်သည့်အချိန်တွင် နောက်ဆုံးထား ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် မှတ်ပုံတင်သက်တမ်း နှစ် ၂၀ ကျော်သော မော်တော် ယာဉ်များကို ပိုင်ရှင်များ၏ ဆန္ဒအရ မှတ်ပုံတင်ဖျက်သိမ်းချင်လျှင် မှတ်ပုံတင် ဖျက်သိမ်း အပ်နှံစေပြီး အစားထိုးတင်သွင်းခြင်းစီမံချက်ကို ၁၁-၉-၂၀၁၁ ရက်မှစ၍ ဆောင်ရွက်ခဲ့ပြီး မှတ်ပုံတင်သက်တမ်း နှစ် (၂၀)ကျော်သည့် ယာဉ်များကို (စ) အက္ခရာမှ နောက်ဆုံး (သ) အက္ခရာအထိ စဉ်ဆက်မပြတ် အပ်နှံဆောင်ရွက်စေခဲ့သည်မှာ ၂ နှစ်ခန့် ရှိပြီဖြစ်ကြောင်း၊ ယာဉ်အို ယာဉ်ဟောင်း များ ဖျက်သိမ်းပြီး အစားထိုးတင်သွင်းခွင့်စီမံချက်ကို ပြည်နယ်/တိုင်း ဒေသကြီး ရုံးများနှင့် နေပြည်တော်ရုံးအပါအဝင် စုစုပေါင်း (၁၈)ရုံးတွင် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ထိုနည်းတူ တပ်မတော်နှင့်ဌာနဆိုင်ရာများမှ လေလံ တင်ပြီး ပြန်လည် မှတ်ပုံတင်ခွင့်ပြုထားသည့် ယာဉ်များအနက် ဖျက်သိမ်းလိုသော ယာဉ်များကို အပ်နှံဆောင်ရွက်စေခြင်း၊ လက်ရှိအသုံးပြုနေသော အငှားယာဉ် Taxi များ ဟောင်းနွမ်းနေခြင်းကြောင့် အစားထိုးတင်သွင်းလိုပါက Taxi ယာဉ် အဖြစ်သာ တင်သွင်းအသုံးပြုရန် ကန့်သတ်ချက်နှင့် မည်သည့်အက္ခရာယာဉ်မဆို အပ်နှံဆောင်ရွက်စေခြင်းများ ပြုလုပ်ပေး လျက်ရှိပါကြောင်း။
၁-၁၀-၂၀၁၃ရက်နေ့အထိ အပ်နှံပြီးယာဉ်ပေါင်း (၁၁၁၀၆၂) စီး ရှိပါသည်။ တိုင်းနှင့်ပြည်နယ်များတွင် စုစုပေါင်း ယာဉ်အမျိုးအစားအလိုက် လူစီးယာဉ် (၁၀၁၉၅၅)စီး၊ ကုန်တင်ယာဉ် (၆၇၇၅)စီးနှင့် ခရီးသည်တင်ယာဉ် (၂၃၃၂)စီးအပ်နှံ ဖျက်သိမ်း၍ လူစီးယာဉ် (၉၅၇၃၁)စီး၊ ကုန်တင်ယာဉ် (၄၆၅၉)စီး၊ ခရီးသည်တင်ယာဉ် (၁၈၂၀)စီး၊ စုစုပေါင်း (၁၀၂၂၁၀)စီးတို့ကို အစားထိုးပြန်လည်တင်သွင်းပြီး ကနဦးမှတ်ပုံတင် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊
ပုဂ္ဂလိကပိုင် ယာဉ်အိုယာဉ်ဟောင်းများကိုသာ အစားထိုးအပ်နှံ ဆောင်ရွက်စေခြင်းဖြစ်သည့်အတွက် ဌာနပိုင်ယာဉ်များကို အပ်နှံဆောင်ရွက်စေခြင်း မရှိသေးပါကြောင်း၊ ဌာနပိုင်ယာဉ်များ ပြင်ဆင်ခြင်း၊ ပြုပြင်ခြင်း၊ အသစ်ဝယ်ယူခြင်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ဘဏ္ဍာငွေအသုံးစရိတ်ဖြင့် ဆောင်ရွက်၍ ရပါကြောင်း၊ ဌာနပိုင်ယာဉ်များမှာ ဟောင်းနွမ်းပြီး အသုံးပြု၍မရလျှင် လုပ်ထုံးလုပ်နည်းအတိုင်း ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနမှတစ်ဆင့် နိုင်ငံတော် သမ္မတရုံးထိ အဆင့်ဆင့်တင်ပြပြီး ဌာနပိုင်ယာဉ်စာရင်းမှ လျှော့ချကာ သံရည်ကျိုစက်သို့ ပို့ဆောင်၍ ဖျက်ဆီးအပ်နှံရေး ဆောင်ရွက်သည့် လုပ်ငန်းစဉ်ကို ဆောင်ရွက်လျက်ရှိပြီး မှတ်ပုံတင်သက်တမ်း နှစ် ၂၀ ကျော်ယာဉ်များ ဖျက်သိမ်းခြင်းကို နောက်ဆုံးကာလ သတ်မှတ်ထားခြင်း မရှိပါကြောင်း၊ လက်ရှိဆောင်ရွက်နေသော စီမံချက်ကို နိုင်ငံတကာတွင် ဆောင်ရွက် နေသော စနစ်များနှင့်အညီ ယာဉ်ထုတ်လုပ်ခဲ့သည့် သက်တမ်းကိုအခြေခံ၍ နှစ်ကာလသတ်မှတ်ပြီး Recycling System တစ်ခု သတ်မှတ်ကာ တိုင်းပြည်၏ ဂုဏ်သိက္ခာမြင့်မားစေရန်နှင့် ယာဉ်များ Road Safety ဖြစ်ရန် သတ်မှတ်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ယခုအခါ ပြင်ပတွင် သက်တမ်းမည်မျှကြာသော်လည်း မြန်မာနိုင်ငံ၌ မှတ်ပုံတင်သည့် သက်တမ်းနှင့်သာ ဆုံးဖြတ်ခြင်းဖြစ်သောကြောင့် ယာဉ်၏သက်တမ်း မည်မျှကြာသည်ကို ဆုံးဖြတ်၍မရပါကြောင်း၊ အနာဂတ်တွင် ယာဉ်၏သက်တမ်းကို ထုတ်လုပ်သည့်ခုနှစ်ဖြင့် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ နိုင်ငံတကာတွင် ထုတ်လုပ်သော ယာဉ်သက်တမ်းကို အခြေခံပြီး Passengers နှင့် Commercial Vehicles ဟု ခွဲခြားပြီး နှစ်ကာလ သတ်မှတ် တွက်ချက်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သတ်မှတ်သက်တမ်းရောက်ရှိချိန်တွင် မှတ်ပုံတင်ဖျက်သိမ်းခြင်းများ ဆောင်ရွက်လျက် ရှိသည့်အတွက် မည်သည့် အချိန်တွင် နောက်ဆုံးထား၍ ဆောင်ရွက်ရန် သတ်မှတ်ထားခြင်း မရှိသည်ကို လေ့လာ သိရှိရ ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်းများတွင် လက်ရှိမော်တော်ယာဉ် ၄၀၆၆၉ စီး ရှိသည့်အနက် ၂၅၅၃၃ စီးသည် မှတ်ပုံတင်သက်တမ်း နှစ် ၂၀ အထက် ယာဉ်အိုယာဉ်ဟောင်းများဖြစ်ပြီး အဆိုပါယာဉ်တွေကို တစ်ပြိုင်နက် ဖျက်သိမ်းကာ အစားထိုးလဲလှယ်မည်ဆိုပါက နိုင်ငံတော်ဘတ်ဂျက် သန်းပေါင်းများစွာ ကုန်ကျမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မည်သည့်အချိန်တွင် မည်သို့ဆောင်ရွက်နိုင်မည် ဆိုသည်မှာ နိုင်ငံတော်၏ ဓနအင်အားနှင့် လုပ်ငန်းဦးစားပေး အခြေအနေပေါ်တွင် မူတည်မည်ဖြစ်ပါကြောင်း၊ ယခုအခြေအနေအရ အစိုးရရုံးဌာနများ၏ မော်တော်ယာဉ်များအနက် ပြုပြင်သုံးစွဲနိုင်သော မော်တော်ယာဉ်များကို ပြန်လည်ပြုပြင်သုံးစွဲလျက်ရှိပြီး ပြန်သုံးစွဲရန်မသင့်ပါက နိုင်ငံပိုင်ယာဉ်စာရင်းမှ ပယ်ဖျက်ပြီး သံရည်ကျိုဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အထိ စုစုပေါင်း ၈၅၄ စီးကို အပ်နှံစေပြီး သံရည်ကျိုဖျက်ဆီးစာရင်းမှ ပယ်ဖျက်ပြီး ဖြစ်ပါကြောင်း။
ပြည်ထောင်စုဝန်ကြီးဌာနအဖွဲ့အစည်းများသည် ယာဉ်အိုယာဉ်ဟောင်းများနေရာတွင် အစားထိုးအသုံးပြုနိုင်ရန်နှင့် ဖွဲ့စည်းပုံ အရ ထပ်မံတိုးချဲ့၍ လိုအပ်သည့်နေရာများတွင် အသုံးပြုရန် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ကားသေး ၉၁၈ စီး၊ မှန်လုံကားလတ် ၂၇၀ စီး၊ မှန်လုံကားကြီး ၁၇၅ စီး စုစုပေါင်း ၁၃၆၃ စီးဝယ်ယူရန် ဘတ်ဂျက်တင်ပြထားသည်ကို တွေ့ရှိရသည့်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများကို ထုတ်ပေးရမည့် မော်တော် ယာဉ်များနှင့် စပ်လျဉ်းပြီး ထပ်မံထုတ်ပေးနိုင်သည့် ယာဉ်များကိုထုတ်ပေး၍ မထုတ်ပေးနိုင်ပါက သက်ဆိုင်ရာ ဝန်ကြီးဌာနများသည် မိမိအစီအစဉ်ဖြင့် ဘတ်ဂျက် တင်ပြပြီး ဘဏ္ဍာရေးနှစ်အလိုက် ဝယ်ယူဖြည့်ဆည်းရန် ခွင့်ပြုထားပါကြောင်း၊ ထို့ကြောင့် အစိုးရရုံးဌာနများရှိ ယာဉ်အို ယာဉ်ဟောင်းများကို ဘဏ္ဍာရေးနှစ်အလိုက် ယာဉ်သစ်များဖြင့် အစားထိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပေါ် မူတည်ပြီး မော်တော်ယာဉ်ဝယ်ယူရန် နှစ်စဉ်ရန်ပုံငွေ လျာထားတင်ပြပြီး ယာဉ်အို ယာဉ်ဟောင်းများ ဖျက်သိမ်းခြင်းနှင့် အစားထိုးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။
