ချမ်းမြသာစည်လေယာဉ်ကွင်းကြီးကို မြို့အင်္ဂါရပ်နှင့်အညီ ခမ်းနား ထည်ဝါစွာ အစိုးရမှ မည်သို့ဆောင်ရွက်မည်နည်းဆိုသည့် မေးခွန်းကို
ပထမ အကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း အဖြစ် မေးမြန်းခဲ့ရာ ပို့ဆောင်ရေး ဝန်ကြီးဌာနမှ အရပ်ဘက်လေယာဉ်မောင်း သင်တန်းကျောင်းနှင့် Flying Class ဖွင့်လှစ်မည်ဖြစ်သောကြောင့် မြို့ကျက်သရေဆောင် လေကြောင်း ပညာပေးဌာနကြီး ဖြစ်ပေါ်လာမည်ဟု ၂၁-၁-၂၀၁၂ ရက်နေ့တွင် ဖြေကြားခဲ့ပါသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် မပြီးသေးသည့် လုပ်ငန်းများအတွက် ဖြေကြားချက်အရ နိုင်ငံတကာ အဆင့်မီ ပြည် တွင်းလေယာဉ်မောင်း သင်တန်းကျောင်း ဖွင့်လှစ်နိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင်သို့ တင်ပြရာ ၄-၅-၂၀၁၂ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုသတင်း အချက်အလက် စုဆောင်း ရှာဖွေမြှင့်တင်ရေးအဖွဲ့၏ ၁၂/၂၀၁၂ အစည်းအဝေးမှ အဆိုပြု တင်ပြချက်များအပေါ် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ရန် ညွှန်ကြားခဲ့သဖြင့် ပြုပြင်ဆောင်ရွက်ဆဲဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် မပြီးပြတ်သေးသည့် လုပ်ငန်းများအတွက် မြန်မာ့လေကြောင်းမှ လေယာဉ်ငယ်များဖြင့် ချမ်းမြသာစည်လေဆိပ်တွင် အခြေပြု၍ အထက်ဗမာပြည်ခရီးစဉ်များ တိုးချဲ့ပြေးဆွဲရန် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်း ၅၀ ဖြင့် တင်ပြတောင်းခံပြီး ခွင့်ပြုချက် ရရှိပါက လေယာဉ်ပြေးလမ်းကြောင်း မြောက်ဘက် Touch ထောင့်ဇုံ အတွင်း ပျက်စီးနေသော ပေ ၂၅၀ အား စည်းလောင်းခြင်း ပြုလုပ်၍ ဆောင်ရွက်မည်ဟု ဖြေကြားခဲ့ပါသည်။
ချမ်းမြသာစည် လေယာဉ်ကွင်းကြီးသည် ၂၀၀၀ ခုနှစ် ၉ လပိုင်း အထိသာ လေယာဉ် အတက်အဆင်းပြုလုပ်ခဲ့ပြီး ယခုအချိန်အထိ လေယာဉ် အတက်အဆင်း မပြုလုပ်တော့ပါ။ လက်ရှိအခြေအနေအရ လေယာဉ်ကွင်းကြီးအား အသုံးမပြုတော့သည်မှာ ၁၀ နှစ်ကျော် ၁၃ နှစ်နီးပါးရှိပြီဖြစ်၍ ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်လျက် ရှိပါသည်။ နိုင်ငံတကာအဆင့်မီ တံတားဦး လေဆိပ်ကြီးရှိသည့်အပြင် ချမ်းမြ သာစည် လေယာဉ်ကွင်းကြီးသည် မန္တလေးမြို့တော်ကြီး၏ အချက် အချာ နေရာတစ်ခုဖြစ်ရာ ပြည်သူများအတွက် အန္တရာယ်ဖြစ်မည်ကိုလည်း စိုးရိမ်သောကြောင့် လေယာဉ်မောင်း သင်တန်းကျောင်းများ တည်ရှိသင့်သည့် နေရာတစ်ခု မဟုတ်ဟု အများပြည်သူများက ယူဆနေကြပါကြောင်း၊ နိုင်ငံတော်အတွက် အဓိကလိုအပ်ချက်ဖြစ်သည့် ကမ္ဘာ့အဆင့်မီ ပညာရေး ဆိုင်ရာတက္ကသိုလ်များ သို့မဟုတ် ကမ္ဘာ့အဆင့်မီ ကျန်းမာရေးဆိုင်ရာ တက္ကသိုလ် များ၊ နိုင်ငံတော်ပိုင် ဆေးရုံကြီးများ ပေါ်ထွန်းရာနေရာကြီး အဖြစ်လည်းကောင်း၊ မန္တလေးမြို့သူမြို့သားများ၏ ကျက်သရေဆောင် ပြည်သူ့ရင်ပြင်ကြီးကဲ့သို့နေရာမျိုးသာ ဖြစ်သင့်သည်ဟု မြို့သူ မြို့သားများက ထင်မြင် ယူဆနေကြပါသည်။
သို့ပါ၍ မိမိမေးမြန်းလိုသည်မှာ ချမ်းမြသာစည် လေယာဉ်ကွင်းကြီးအား လေယာဉ်မောင်းသင်တန်းကျောင်း Flying Class လေယာဉ်ငယ်ကွင်း အဖြစ်မပြုလုပ်တော့ဘဲ မဟာမန္တလေးမြို့တော်ကြီး၏ ကျက် သရေဆောင် ပြည်သူ့ရင်ပြင်အဖြစ်လည်းကောင်း၊ ထိုသို့ မဖြစ်နိုင်ပါက နိုင်ငံတော် အတွက် လိုအပ်လျက်ရှိသော ပညာရေးဆိုင်ရာတက္ကသိုလ်များ၊ ကျန်းမာရေးဆိုင်ရာ တက္ကသိုလ်များ၊ နိုင်ငံတော်ပိုင် ခေတ်မီဆေးရုံများ တည်ရှိသည့် နေရာကြီး ဖြစ်သင့်ကြောင်းနှင့် ၎င်းကဲ့သို့ ရှိနိုင်/မရှိနိုင် သိရှိလိုကြောင်း မေးမြန်းပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်လေယာဉ်ကွင်းသည် အလျား ၆၅၀၀ ပေ၊ အကျယ်ပေ ၁၀၀ ရှိသော ဂျက်လေယာဉ်များ ဆင်းသက်နိုင် သည့် နိုင်လွန်ကတ္တရာခင်း လေယာဉ်ကွင်းကြီးဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားခဲ့သည့် သမိုင်းဝင် လေယာဉ်ကွင်း တစ်ကွင်းလည်း ဖြစ်ပါသည်။ လွတ်လပ်ရေးရရှိပြီးချိန်တွင် အောက်မြန်မာပြည်၌ ချမ်းမြသာစည် လေယာဉ်ကွင်းတို့ကို တည်ဆောက်ဖွင့်လှစ် အသုံးပြုခဲ့ပြီး အထက်မြန်မာပြည်၏ အချက်အခြာ ကျသော လေယာဉ်ကွင်းအဖြစ် လွတ်လပ်ရေးရပြီးချိန်မှ ၂၀၀၀ ပြည့်နှစ် အထိ ၅၂ နှစ် သက်တမ်းအသုံးပြုခဲ့သော သမိုင်းဝင်တန်ဖိုးကြီးမားသည့် လေယာဉ်ကွင်း တစ်ကွင်းလည်း ဖြစ်ပါသည်။
တပ်မတော်အစိုးရ လက်ထက်တွင် တံတားဦးနှင့် ဟံသာဝတီ တို့၌ နိုင်ငံတကာအဆင့်မီ လေဆိပ်ကြီး ၂ ခု တည်ဆောက်ရန် စီမံခဲ့ကြရာ တံတားဦးမြို့တွင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ် ၁ ခုသာ တည်ဆောက်နိုင်ခဲ့ပြီး ဟံသာဝတီလေဆိပ်ကြီးကို တည်ဆောက်နိုင်ခြင်း မရှိခဲ့ပါ။ ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် ဖွင့်လှစ်ပြီးနောက် နိုင်ငံတကာလေကြောင်းလိုင်းများအား လေဆိပ် အသစ်ကြီးတွင် ဆင်းသက်စေပြီး ချမ်းမြသာစည်လေယာဉ်ကွင်းကို ပြည်တွင်းလေယာဉ်များ ဆက်လက်အသုံးပြုရန် ဆုံးဖြတ်ခဲ့ပါ သည်။ သို့ရာတွင် ထိုစဉ်ကရှိနေသည့် နိုင်ငံတော်၏ နိုင်ငံရေးနှင့်စီးပွားရေး အခြေအနေအရ နိုင်ငံ တကာလေယာဉ်များ ဆင်းသက်မှု အလွန်နည်းပါးသည့်အတွက် ပြည်တွင်းလေယာဉ်များပါ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ဆင်းသက်စေခဲ့ပါသည်။ ယခုအခါ နိုင်ငံတကာလေယာဉ် များ ဆင်းသက်လာမှု ပိုမိုများပြားလာသည့်အတွက် ချမ်းမြသာစည် လေယာဉ်ကွင်းအား နိုင်ငံတော် ပိုင် မြန်မာ့လေကြောင်း၏ လေယာဉ် ငယ်များ အခြေပြုပြေးဆွဲရန် စီစဉ်ထားရှိပြီးဖြစ်ပါကြောင်း။
ယင်းသို့လေကြောင်းလိုင်းများ ပြေးဆွဲနိုင်ရန်အတွက် အမေရိကန်နိုင်ငံမှ လူ ၁၀ ယောက်စီး ကာရဗင် လေယာဉ် ၂ စီး ဝယ်ယူထားရှိပြီး ယခုလအတွင်း ပိုင်းလော့များ သင်တန်းတက်ရောက်၍ သယ်ဆောင် မည် ဖြစ်ပါသည်။ လေယာဉ်ငယ်များ အခြေပြုပြေးဆွဲရန်လုပ်ငန်း လက်တွေ့ အကောင် အထည်ဖော်ကာ မန္တလေးအခြေစိုက် ပျံသန်းပြေးဆွဲပြီး ကျောက်ထု၊ လားရှိုး၊ ပူတာအို၊ ခန္တီး စသည့် လေယာဉ်ကွင်းငယ်များကို ခရီးသည်အရေအတွက်အရ ဖြည့်စွက်ပြေးဆွဲနိုင်ရန် စီမံဆောင်ရွက်ပြီး ဖြစ်ကြောင်း။
ထို့အပြင် မြန်မာနိုင်ငံမှ နေ့စဉ်ဖြတ်ကျော် ပျံသန်းလျက်ရှိသော အပြည်ပြည်ဆိုင်ရာ လေယာဉ် အစီး ၁၅၀ ခန့် ဆုံရပ်/သတင်းပို့ရပ် ဖြစ်သည့် ချမ်းမြသာစည်လေယာဉ်ကွင်းတွင် လေကြောင်းလမ်းညွှန် စက်ကြီးများ တပ်ဆင်ထားရှိပြီး အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့ချုပ်၏ အသိအမှတ်ပြု ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ လေယာဉ်ကွင်းတွင် အထက်မြန်မာနိုင်ငံတစ်ခုလုံး ရာသီဥတုအခြေအနေ ကို စောင့်ကြပ်ကြည့်ရှုနိုင်ရန် ဧရိယာအချင်း ၉၀၀ ကီလိုမီတာအထိ လွှမ်းခြုံကြည့်ရှုနိုင်သော အမေရိကန်ဒေါ်လာ ၁၂ သန်း တန်ဖိုးရှိ မိုးလေဝသ ရေဒါစခန်းကြီးတစ်ခုကို ဂျပန်နိုင်ငံ JICA ၏ အကူအညီဖြင့် တည်ဆောက်သွားရန် စီမံထားရှိပြီးဖြစ်ပါကြောင်း။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မန္တလေးမြို့တွင် ဆေးသိပ္ပံပညာ ဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ် ၆ ခု ဖွင့်လှစ်ထားရှိပြီးဖြစ်၍ ဆေးဘက်ဆိုင်ရာတက္ကသိုလ် ထပ်မံဖွင့်လှစ်ရန် အစီအစဉ်မရှိ ပါကြောင်းနှင့် ဆေးရုံ ၁၁ ရုံ ဖွင့်လှစ်ထားရှိပြီးဖြစ်၍ မန္တလေးမြို့သစ်နှင့် ၃၅ လမ်းတို့တွင် ဆေးရုံတည်ဆောက်နိုင်ရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး ချမ်းမြသာစည်လေဆိပ်တွင် ဆေးရုံနှင့် တက္ကသိုလ်များ တည်ဆောက်ဖွင့်လှစ်ရန် အစီအစဉ်မရှိကြောင်း၊ သို့ဖြစ်ပါ၍ ချမ်းမြသာစည်လေယာဉ်ကွင်းသည် မန္တလေးမြို့၏ ကျက်သရေဆောင် နန်းမြို့ရိုးနှင့် မန္တလေးတောင်ကဲ့သို့ မြန်မာနိုင်ငံ၏ လေကြောင်းပို့ဆောင်ရေး သမိုင်းဝင်တန်ဖိုးကြီးမားသော ကျက်သရေ ဂုဏ်ဆောင် နေရာတစ်ခုအဖြစ် ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် နိုင်ငံပိုင်လေယာဉ်များ ဆင်းသက်အသုံးပြုခြင်း၊ အထက်မြန်မာပြည် မိုးလေဝသရေဒါစခန်း ဆောက်လုပ်ခြင်း၊ အပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်းများ၏ Reporting Point အဖြစ် ဆက်လက် ထိန်းသိမ်းခြင်းနှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း၏ အရန် လေယာဉ်ကွင်းအဖြစ် ဆက်လက်ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
ချမ်းမြသာစည် မဲဆန္ဒနယ်မှ ဦးတင်မောင်က ဆက်စပ်မေးခွန်းမေးမြန်း
အခုခေတ်အခြေအနေအရ လေယာဉ်ကွင်းပတ်ဝန်းကျင်ရှိ အဆောက်အဦများမှာ အင်မတန်မြှင့်မားနေပါသည်။ ယခင်က မြို့အပြင် ဖြစ်သည့်အတွက် လေယာဉ်များ လွတ်လပ်စွာ ဆင်းသက်နိုင်ပြီး ယခုအခါ စည်ကားသည့် မြို့လယ်ဖြစ်သည့်သောကြောင့် ပြည်သူများအတွက် အလွန်အန္တရာယ်ရှိပါကြောင်း၊ ၎င်းလေယာဉ်ကွင်းကြီးသည် မှတ်တမ်းတင်ရန် နေရာကြီးဖြစ်သော်လည်း လေယာဉ်ဆင်းသက်ရန်အတွက် မသင့်တော်ကြောင်း ထပ်ဆင့်တင်ပြပါသည်။
ဥက္ကဋ္ဌ
ထပ်မံဖြေဆိုရမည့် မေးခွန်းမဟုတ်သည့်အတွက် တင်ပြချက်ပေါ်မူတည်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနက စဉ်းစားသုံးသပ်ပြီး ဆက်လက်ဆောင်ရွက်ရန် ဖြစ်ပါကြောင်းညွှန်ကြားခဲ့ပါသည်။
