(ဃ)ပန်းလှိုင်မြစ် တိမ်ကောမှုအတွက် နောက်ဆက်တွဲ ဆိုးကျိုးများ အချိန်မီထိန်းသိမ်းကာကွယ်နိုင်ရန် ပန်းလှိုင်မြစ်ကြောင်းထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အလျင်အမြန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂.၁၀.၂၀၁၃)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ တွံတေးမြို့နယ်၊ ထန်းတပင်မြို့နယ် များနှင့် ဆက်စပ်လျက်ရှိနေသော ပန်းလှိုင်မြစ်သည် ဦးခိုင်မောင်ရည် (အလုံ )ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွက် ကုန်စည်စီးဆင်းရာ လမ်းကြောင်း တစ်ခု ဖြစ်ပြီး လှိုင်မြစ်ကို တိုးလျှိုပေါက်ရှိခဲ့ရာမှ ယခုအချိန်တွင် မြစ်တိမ်ကောလာမှုသည်  ဆိုးရွားသည့် အခြေအနေကို ရောက်ရှိခဲ့ ပါကြောင်း၊  မြစ်ကြောင်းမှ နှုန်းပို့ချမှု၊ သောင်ဖြစ်ထွန်းမှုများ လာခြင်းတို့အပြင် ရေလမ်းကြောင်းပိတ်ခြင်း၊ ရေလမ်းလွဲခြင်းများကို ကိုယ်ကျိုးစီးပွားအတွက်  ဥပဒေနှင့်ဆောင်ရွက်ခြင်းများ စသည်ဖြင့် အမျိုးမျိုးပြုလုပ်နေခဲ့ခြင်းကြောင့် ရေမြောင်းလောက်သာ ရေစီးဆင်းနိုင်ခဲ့ပြီး ထိုကဲ့သို့ မြစ်ကြောင်းတိမ်ကောလာခြင်းကြောင့် မြစ်အတွင်း မိုးရေ စီးဆင်းမှုနှင့် ရေထွက်ပေါက်များ မရှိတော့ဘဲ ရေကြီးရေလျှံမှုများ ပိုမိုဆိုးရွားလာခဲ့ကာ လှိုင်သာယာမြို့နယ် အလုံနှင့် ကြည့်မြင်တိုင် တစ်ဖက်ကမ်း ရပ်ကွက်များ၊ ကျေးရွာများ၊ တွံတေးမြို့နယ်များတွင် ရေမြှုပ် ဧရိယာများ ပိုမိုများပြားလာခြင်း၊ လှိုင်သာယာ မြို့နယ် တောင်ဘက်ခြမ်းရှိ ကျွန်းကြီးရွာ၊ အပြင်ဘရန်၊ တွင်းဘရန်၊ အနော်ရထာ စက်မှုဇုန်၊ မေဥယျာဉ်အိမ်ရာ၊ ရွှေသံလွင်စက်မှုဇုန်တို့ အပြင် ဇုန်(၅)၊ နည်းပညာတက္ကသိုလ် ဝန်းကျင်တို့တွင်လည်း ရေလွှမ်းမိုးမှုများ ကြာရှည် ဖြစ်ပေါ်လျက်ရှိပါကြောင်း၊  နည်းပညာတက္ကသိုလ် ကျောင်းသူကျောင်းသားများအနေဖြင့် ရေလွှမ်းနေသော စာသင်ခန်းထဲတွင်ပင် စာမေးပွဲဖြေနေခြင်းကိုလည်း ကြားသိရသည့်အပြင် မြို့ရွာစက်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲရှိနေခြင်း၊ မြေယာကျူးကျော်မှုများ၊ မှုခင်းများ၊ ဥပဒေမဲ့ နေထိုင်မှုများ၊ အုပ်စုဖွဲ့ မတရားပြုမှုများလည်း ဖြစ်ပေါ်လျက်ရှိနေသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် အနီးကပ် တည်ရှိနေပါသော်လည်း တစ်နေ့တခြား ဆိုးရွားလာနေပြီး တခြားဆိုးကျိုးများလည်း ဖြစ်ပေါ် လာနိုင်သောကြောင့် အောက်ပါမေးခွန်းကို မေးမြန်းလိုပါကြောင်း၊

ပန်းလှိုင်မြစ်တိမ်ကောမှုကြောင့်  မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများ ရေကြီးရေလျှံမှု ဖြစ်ခြင်း၊ ပန်းလှိုင်မြစ်ကြောင်း တစ်လျှောက် ကုန်စည်စီးဆင်းမှု အခက်အခဲဖြစ်ခြင်း၊ ဂေဟစနစ်များ ပျက်စီးရခြင်းနှင့် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်ရခြင်းများကို အချိန်မီ ထိန်းသိမ်းကာကွယ်နိုင်ရန် ပန်းလှိုင်မြစ်ကြောင်း ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အလျင်အမြန် ဆောင်ရွက် ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


ဖြေကြားသူ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်ယော်
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်ယော်ပန်းလှိုင်မြစ်သည် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့အနီး ဧရာဝတီမြစ်မကြီးမှ ခွဲထွက်ကာ ညောင်တုန်း မြို့နယ် မဲဇလီကျေးရွာတွင် ပန်းလှိုင်မြစ်နှင့် ကုက္ကိုဝမြစ် အဖြစ်ခွဲ၍ စီးဆင်းပါကြောင်း၊  ပန်းလှိုင်မြစ်သည် စုစုပေါင်းအလျား ၃၄ မိုင်ခန့် ရှည်လျားပြီး မဲဇလီကျေးရွာ အောက်ဘက် ငှက်ပျောကျွန်း၊ ခတ္တိယ၊ မြဂဲ၊ စံတယော်၊ တက်သစ်ရွာများကို  ဖြတ်သန်းလျက် ဆင်မလိုက် သင်္ဘောကျင်းအနီးတွင်  လှိုင်မြစ်နှင့် ပေါင်းဆုံစီးဆင်းပါကြောင်း၊  မဲဇလီရွာ အောက်ဘက် ၁ မိုင်အကွာ အုန်းပင်စုရွာမှ စ၍ စံတယော်ရွာအထိ အလျား ၁၆ မိုင်သည် ရေစီးရေလာ မကောင်းဘဲ အနည်များ ပို့ချသဖြင့် ၂၀၀၅ ခုနှစ်ခန့်မှစ၍ တဖြည်းဖြည်း တိမ်ကောလျက်ရှိပါကြောင်း၊ ထို့အပြင် ပန်းလှိုင်မြစ်အတွင်း စီးဝင်သောချောင်းများအနက် ပုဇွန်၊ ဖိုးတော၊ ကျွဲတရွတ်၊ ခနောင်၊ စံတယော် စသည့်ချောင်းတို့သည်လည်း မြစ်ကြမ်းပြင် မြင့်တက်၍ ရေစီးရေလာ မကောင်းခြင်း၊ ရေတံခါးများ တပ်ဆင်ထားသော ချောင်းများဖြစ်သည့် မြစ်ကလေး၊ ခနောင်ပေါ်၊ ခတ္တီယ၊ ထိုးဝါး စသည့် ချောင်းတို့မှာလည်း ပန်းလှိုင် မြစ်တိမ်ကောမှုနှင့်အတူ ရေတံခါးများတွင် နုံးများ ပိတ်ဆို့နေသောကြောင့်  ဖွင့်/ပိတ်ခြင်းများ ဆောင်ရွက်နိုင်ခြင်း မရသည်ကို တွေ့ရှိရပါကြောင်း၊

ယခင်က ပန်းလှိုင်မြစ်သည် ရေယာဉ် ဝင်/ထွက် သွားလာနိုင်သော မြစ်တစ်ခုဖြစ် ခဲ့သော်လည်း မြစ်ကမ်းဝဲယာ ဘေးများတွင် ကျူများ၊ ကိုင်းများ ပေါက်ရောက် ပိတ်ဆို့ခြင်း၊ ရေကြောင်းပိတ်၍ ကျားပိုက်များ ထောင်ခြင်းတို့ကြောင့် ရေစီးရေလာ မကောင်းဘဲ နုံးများ တစ်နှစ်ထက်တစ်နှစ် ပိုမို၍ ပို့ချလာခဲ့ခြင်း၊ ထို့အပြင် ပန်းလှိုင်မြစ်၏ မြစ်ညာဘက် တိမ်ကောနေမှုကြောင့် မြစ်ညာဘက်မှ စီးဆင်းသည့် ရေစီးကြောင်း မရှိတော့ဘဲ ဒီရေ အကျိုးသက်ရောက်သည့် မြစ်ဖြစ်သည့် အားလျော်စွာ ရေပြည့်ချိန်တွင်သာ တက်သစ်ရွာအနီးအထိ စက်လှေငယ်များ သွားလာနိုင်ပါကြောင်း၊  ရေတက်နှင့်အတူ ပါလာသောသဲနုံးများ ရေပြန်အကျတွင် ပြန်လည်စီးပါခြင်းမရှိဘဲ အနည်ထိုင်ပို့ချမှုများကြောင့် မြစ်ကြောင်းသည် တစ်နှစ်ထက် တစ်နှစ်ပို၍ တိမ်ကောလာရခြင်းဖြစ်ပါကြောင်း၊  ပန်းလှိုင်မြစ်ကို ဖိုးတောအင်း၊ မလက်တိုအင်း၊ လက်ကြားအင်းနှင့် တွံတေးမြို့နယ်အတွင်းရှိ အင်းများမှ စိုက်ပျိုးရေး ပိုလျှံရေများအား မြစ်အတွင်းသို့ စွန့်ထုတ်ရာ Drain အဖြစ် ယခင်က အသုံးပြုခဲ့ကြသော်လည်း ယခုအခါ ပိုလျှံရေများ မစွန့်ထုတ်နိုင်ခြင်းကြောင့် အဆိုပါအင်းများအတွင်းရှိ ကျေးရွာများနှင့် ပန်းလှိုင် မြစ်ကမ်းတစ်လျှောက် ကျေးရွာများတွင် မိုးရာသီတွင် ရေကြီးရေလျှံခြင်း၊ စိုက်ပျိုး၍မရနိုင်ခြင်း၊ ငါးမွေးမြူရေးကန်များပျက်စီးခြင်း စသည်တို့ဖြင့် ကြုံတွေ့ကြရခြင်းဖြစ်ပါကြောင်း၊ ပန်းလှိုင်မြစ် ရေစီး ရေလာ ကောင်းမွန်စေရန် ဆောင်ရွက်မည် ဆိုပါက မြစ်ကြောင်းများအား ပြန်လည်တူးဖော်ခြင်း၊ ပိုလျှံရေ စွန့်ထုတ်သည့် ချောင်းငယ်များ တူးဖော်ခြင်း၊ ရေထိန်းတံခါးများ ပြန်လည်ပြုပြင်ခြင်းနှင့် ရေထိန်းတံခါးအသစ်များ တည်ဆောက်ခြင်း လုပ်ငန်းများပါ တစ်ဆက်တည်း ဆောင်ရွက်ရမှာ ဖြစ်သည့်အတွက် လုပ်ငန်းပမာဏကြီးမားခြင်း၊ ကုန်ကျစရိတ် များပြားခြင်း တို့ကြောင့် နှစ်အလိုက် စီမံချက်ရေးဆွဲ ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ကြောင်း၊ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ရေအရင်း အမြစ်နှင့် မြစ်ချောင်းဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ အတွင်းရှိ မြစ်ကြီးများတွင်သာ ရေလမ်းကြောင်း ကောင်းမွန်ရေးအတွက် မြစ်ကြောင်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများအား ဘဏ္ဍာငွေ ရရှိမှုအပေါ်မူတည်၍ ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး  ပန်းလှိုင်မြစ်ကြောင်း ပြုပြင် ထိန်းသိမ်းရေးအတွက် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ သတ်မှတ်ထားခြင်း မရှိပါကြောင်း၊  သို့ရာတွင် ယင်းနေရာများအား အသေးစိတ် ကွင်းဆင်းတိုင်းတာ၍ ရေလမ်းကြောင်း ကောင်းမွန်ရေး အတွက် ဆောင်ရွက်သင့်သော အစီအမံများ ဆောင်ရွက်နိုင်ရန်နှင့် နှစ်အလိုက် ရန်ပုံငွေရရှိရေးအတွက် တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုပေါ် မူတည်၍ စီမံချက်ရေးဆွဲ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။