ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့်ယခုအခါတွင် ကျန်းမာရေးဌာနနှင့် ဌာနခွဲအသစ်များ ဖွင့်လှစ်ပြီး စံကိုက်အဆောက်အဦ
များ ဆောက်လုပ်ပေးလျှက် ရှိသော်လည်း ယခင်က ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်ခဲ့သော ကိုယ်ထူကိုယ်ထ ကျေးလက်ကျန်းမာရေးဌာန များနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲများသည် ဥပဓိရုပ်မကောင်းတော့ခြင်း၊ ကျန်းမာရေး ဌာနမှ ဆောက်လုပ်လျက်ရှိသော စံကိုက်အဆောက်အဦပုံစံများနှင့် ကိုက်ညီမှု မရှိတော့ခြင်းကြောင့် အသစ်ပြန်လည် တည်ဆောက်ပေးရန် ဒေသခံပြည်သူများ က တင်ပြလာပါကြောင်း၊ ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် ပန်းသာ ကျေးရွာကျေးလက် ကျန်းမာရေးဌာနခွဲနှင့် ကွန်းတောင်းကျေးရွာကျေးလက် ကျန်းမာရေး ဌာနခွဲ၊ ခမ်းပါတ်မြို့နယ်ခွဲ ကမ္မကြီးကျေးရွာ ကျေးလက် ကျန်းမာရေးဌာနခွဲ၊ မြို့သစ်မြို့နယ်ခွဲ၊ ဖိုင်လင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနနှင့် သနန်စံပြကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတို့အား ကျန်းမာရေးဌာန၏ စံကိုက်အဆောက်အဦသစ်များ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ တမူးမြို့ ခုတင် ၁၀၀ ဆေးရုံအတွက် အရေးပေါ်လူနာတင်ယာဉ် ၁ စီး ပံ့ပိုးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်များတွင် ထည့်သွင်းဆောင်ရွက် ပေးမည်ကိုသိရှိလိုပါကြောင်းမေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် ပန်းသာကျေးရွာ၊ ကွန်းတောင်း ကျေးရွာ၊ ခမ်းပါတ်မြို့နယ်ခွဲ
ကမ္မကြီးကျေးရွာများရှိ ကျေးလက်ကျန်းမာရေးဌာနခွဲများ၊ မြို့သစ်မြို့နယ်ခွဲ၊ ဖိုင်လင်းကျေးရွာနှင့် သနန်စံပြကျေးရွာတို့ရှိ ကျေးလက် ကျန်းမာရေးဌာန အဆောက်အဦများ ဆောက်လုပ်ပေးနိုင်ရန် အတွက် ကျန်းမာရေးဦးစီးဌာနမှ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေများ အဆိုပြုလျာထားပြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားရန် စီစဉ်ထားရှိပြီး ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံအတွက် လက်ရှိအချိန်တွင် အရေးပေါ်လူနာတင် ယာဉ်ထောက်ပံ့ပေးနိုင်သည့် အခြေအနေ မရှိသေးသော်လည်း ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွင် အသုံးပြုရန် ဝယ်ယူဖြည့်ဆည်းထားသည့် အရေးပေါ်လူနာတင်ယာဉ်များအား အားကစားပြိုင်ပွဲ ပြီးဆုံးသည့်အခါ လူနာတင်ယာဉ်လိုအပ်သော ဗဟိုအဆင့်ဆေးရုံကြီး များနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်ဆေးရုံကြီးများ၊ ခရိုင်အဆင့်ဆေးရုံများသို့ လုပ်ငန်းလိုအပ်ချက်အရ ဦးစားပေးအစီ အစဉ်အတိုင်း ထောက်ပံ့ပေးနိုင်ရေးအတွက် စီစဉ်ထားရှိပြီး ဖြစ်ပါကြောင်း ဖြေကြားပါသည်။
