၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၉)အရ ပြည်သူ့ကိုယ်စားလှယ်များကို ပြည်သူများက ရွေးချယ်တင်မြှောက်ခဲ့သည်မှာ ကြားဖြတ်ရွေးကောက်ပွဲအပါအဝင် ယနေ့အထိ လေးကြိမ်ရှိပြီ ဖြစ်ပါကြောင်း၊ အကြိမ်တိုင်းတွင် အဓိကတွေ့ရှိရသည်မှာ မဲစာရင်းများ မှားယွင်းခြင်း၊ သေဆုံးသူက မဲစာရင်းထဲတွင်ပါရှိပြီး အိမ်တွင်ကျန်ရှိသူက မဲစာရင်းတွင်မပါရှိခြင်း၊ အချို့က တစ်အိမ်လုံး ပျောက်နေခြင်း၊ ရွေးကောက်ပွဲနေ့တွင် ၁၈ နှစ်ပြည့်သည့် ကလေးများကိုလုံးဝမထည့်ထားခြင်း တို့ကို အချို့နေရာများတွင် အများအပြား တွေ့ရှိရပါကြောင်း၊ အဘယ်ကြောင့်ဆိုသည်ကို ကြည့် သည့်အခါ အချက်(၂)ချက်တွေ့ပါကြောင်း၊ ပထမအချက်က မဲစာရင်းကောက်သည့် အခက်အခဲ ဖြစ်ပါကြောင်း၊ မဲစာရင်းကောက်ယူရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်/ကျေး စာရေး များကို ကောက်ယူခိုင်းပါကြောင်း၊ ကျေးရွာကော်မရှင်များကို ဝိုင်းဝန်းပူးပေါင်းပြီး အမှန်တရားရရှိ ရေးအတွက် ဆောင်ရွက်ခိုင်းသော်လည်း ကျေးရွာကော်မရှင်အများစုသည် ရပ်ကွက်၊ကျေးရွာ အထွေထွေအုပ်ချုပ်ရေးဦးစီးစာရေးများကိုသာ ခိုင်းသည့်အခါ အချို့က စေတနာပါပါနှင့်လုပ်သော် လည်း အချို့က ၎င်းတို့အလုပ်မဟုတ်ဟုသဘောထားပြီး ဖြစ်သလိုကောက်ယူလာသည်ကို တွေ့ရှိ ရပါကြောင်း၊ နောက်တစ်ချက်က ရွေးကောက်ပွဲနီးမှ မဲစာရင်းများကိုကောက်ယူပြီး ယခင်မဲစာရင်း အဟောင်းအတိုင်း ပြုပြင်ခြင်းမရှိသည့်အခါ မှားယွင်းသည့်အချက်များကို တွေ့ရှိရခြင်း ဖြစ်ပါ ကြောင်း၊ ယခင်က ကော်မရှင်လုပ်ငန်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ယူပြီး လုပ်ဆောင်ပါကြောင်း၊ ယခုနောက်ပိုင်းတွင် ကော်မရှင်က မြို့နယ်တွင် ကော်မရှင်ရုံးများဖွင့်လှစ်ပြီး ဦးစီးဌာန ဦးစီးအရာရှိ တစ်ယောက်နှင့် ဝန်ထမ်းနှစ်ယောက်၊ သုံးယောက်ထားပါကြောင်း၊ ထို့ကြောင့် ၎င်းအခက်အခဲများကို ၎င်းတို့ဘာသာ၎င်းတို့ပြင်ဆင်နိုင်သည့်အခြေအနေ မတွေ့ရှိ ရခြင်း ဖြစ်ပါကြောင်း၊ ကောက်ယူပြီးသည့်မဲစာရင်းကို ပြန်လည်ပြင်ဆင်နိုင်သည့် လူအင်အားက လည်း မရှိပါကြောင်း၊ ထို့အတူ ရွေးကောက်ပွဲနီးလာသည့်အခါတွင်လည်း မဲစာရင်းများကပ်သည့် အခါ တချို့ရွာကြီးများ၊ရပ်ကွက်ကြီးများက ရှည်လျားသော်လည်း တစ်နေရာထဲတွင် ထားရှိ ပါကြောင်း၊ သွားကြည့်သည့်နေ့ကျမှ မဲစာရင်းတွင် မပါရှိခြင်း၊ တချို့ သွားကြည့်သည့်လူများက ကျပ်သည့်အခါ မကြည့်ဘဲပြန်လာကြခြင်းစသည့် အခက်အခဲများစွာ တွေ့ရှိရပါကြောင်း၊ ယခုအခါ သည် စစ်မှန်သော ဒီမိုကရေစီနိုင်ငံကို ထူထောင်နေသောအချိန်ဖြစ်ပါကြောင်း၊ အခြေခံကျသည့် လွှတ်တော်ကိုယ်စားလှယ်များကိုရွေးချယ်ရာတွင် မဲစာရင်းသည် အဓိကကျသည့်အချက် ဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ မှားယွင်းနေပါက ဒီမိုကရေစီ၏ပုံရိပ်ကို များစွာထိခိုက်လာပါကြောင်း၊ ထို့ကြောင့် မဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်ရရှိရေးအတွက် ကော်မရှင်အနေဖြင့်မည်ကဲ့သို့ စီမံ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၃၉၉ ပုဒ်မခွဲ (ဃ) ပါ ပြဋ္ဌာန်းချက်အရလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ ပုဒ်မခွဲ (င)နှင့် ပုဒ်မ ၁၈ ပုဒ်မခွဲ(ဃ)ပါ ပြဋ္ဌာန်းချက်အရ လည်းကောင်း မဲဆန္ဒရှင်များ မဲစာရင်းကို ပြုစုရန်နှင့် ပြင်ဆင်ရန်တာဝန်ရှိပါကြောင်း၊ မဲစာရင်းပြုစုရာတွင် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၃ အရ မြို့နယ်၊ ကော်မရှင်အဖွဲ့ခွဲများနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲများသည် သတ်မှတ်ထားသည့်အတိုင်း မဲစာရင်းများကို ပြုစုရပြီး သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၅ အရ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်သည် မဲစာရင်းပြုစုရာတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကလည်းကောင်း၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနကလည်းကောင်း ပြုစုထားသည့် မဲစာရင်းကို ရယူအခြေခံပြီး ပြုစုရပါကြောင်း၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများ၏ အတွေ့ အကြုံကိုအခြေခံပြီး ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည့်စုံမှန်ကန်သော မဲစာရင်းရရှိ ရေးအတွက် လစ်လပ်သည့်မဲဆန္ဒနယ်နှင့် အကျုံးဝင်သောမြို့နယ်များ၌ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှ မဲစာရင်းကိုအခြေခံပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး နောက်ဆုံးအခြေအနေနှင့်ကိုက်ညီသော မဲစာရင်းပြုစုခြင်းလုပ်ငန်းကို အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ကောက်ယူရရှိသောမဲစာရင်းကိုလည်း ရပ်ကွက် သို့မဟုတ် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများ၊ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတိုင်းတွင် မဲစာရင်းများကပ်ထား ကြေညာနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊
ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရေးအတွက် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာချိန်တွင် မဲဆန္ဒရှင်များက မဲဆန္ဒရှင်စာရင်းကို ကြည့်ရှုစစ်ဆေးပြီး မိမိအမည်မပါရှိပါက ပုံစံ(၃) ဖြင့် မဲဆန္ဒရှင်စာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မဲပေးပိုင်ခွင့်မရှိသူများပါနေလျှင် ပုံစံ(၄)ဖြင့် မဲဆန္ဒရှင်စာရင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်ခြင်း၊ အချက်အလက်များမှားယွင်းနေလျှင် ပုံစံ (၄-ဂ)ဖြင့် မဲဆန္ဒရှင်စာရင်းနှင့်စပ်လျဉ်း၍ ပြင်ဆင်လွှာ တင်သွင်းခြင်းများကို ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်များက မဲဆန္ဒရှင်စာရင်းကို လာရောက်ကြည့်ရှုပြီး တောင်းဆိုခြင်း၊ ကန့်ကွက်ခြင်း ပြင်ဆင်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့မှလည်းကောင်း၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်းကောင်း ပညာပေးစည်းရုံးလှုံ့ဆော်မှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နောင်ကျင်းပမည့်ရွေးကောက်ပွဲ များတွင်လည်း မဲဆန္ဒရှင်စာရင်းကောက်ယူရာ၌ မှန်ကန်ပြည့်စုံသောမဲဆန္ဒရှင်စာရင်းရရှိရေး အတွက် နိုင်ငံတော်၏ဘဏ္ဍာငွေခွင့်ပြုချက်နှင့်အညီ ထိရောက်အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်ရန် လျာထားစီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းကဲ့သို့လျာထားစီမံချက်အရ တိုင်းဒေသကြီး/ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ၊ ခရိုင်ကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအသီးသီးတို့က ကြီးကြပ်ကွပ်ကဲမှုဖြင့် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသည် ဆက်စပ်ပတ်သက်လျက်ရှိသော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးရုံးများရှိ လူဦးရေစာရင်းကိုအခြေခံ၍ ပြုစုသွားမည်ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်မှုရှိစေရန်အတွက် သေဆုံးသွားသူများ၊ အသက် ၁၈ နှစ်ပြည့်ပြီးသူများ၊ ပြောင်းရွှေ့သွား သူများနှင့် ပြောင်းရွှေ့ရောက်ရှိလာသူများအတွက် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ပူးပေါင်း ဆောင်ရွက်၍ မဲဆန္ဒရှင်စာရင်းကို ကောက်ယူသွားမည်ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်စာရင်း ကပ်ထား ကြေညာချိန်တွင်လည်း နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဝင်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ မီဒီယာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများတို့က ပူးပေါင်းပါဝင် ဆောင်ရွက်ကြမည်ဆိုပါက ပိုမိုပြည့်စုံသောမဲဆန္ဒရှင်စာရင်းရရှိမည်ဖြစ်ပြီး ဥပဒေပြဋ္ဌာန်းချက်ပါ အတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲဆန္ဒရှင်စာရင်းထဲပါရှိပြီး မဲပေးနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
