ငါန်းဇွန်မြို့နယ်၊ အ.ထ.က မြို့သာတွင် လိုအပ်လျက်ရှိသော ကျောင်းဆောင်နှင့်သိပ္ပံခန်း၊ စာကြည့်တိုက် တို့ကို ချထားပေးနိုင်ခြင်းရှိ/မရှိနှင့် ပတ်သက်၍ မေးမြန်းလိုခြင်းဖြစ်ပါကြောင်း၊ အဆိုမေးခွန်းနှင့် ပတ်သက်ပြီး ၂၀၁၆-၂၀၁၇ ခုနှစ်က ကြယ်ပွင့်မပြအဖြစ် ပေ ၁၂၀ x ၃၀ ပေ RC နှစ်ထပ် ဆောက်လုပ်ပေးရန် မေးမြန်းခဲ့ရာ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ဆောက်လုပ်ပေးရန် ကတိကဝတ်ရရှိခဲ့ပါကြောင်း၊ သို့သော် ပြီးခဲ့သည့်နှစ်တွင် တစ်ထပ်ဆောင်တစ်ဆောင်ကိုသာ ဆောက်လုပ် ပေးခဲ့ပါကြောင်း၊ မြို့သာမြို့သည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြို့သာစက်မှု ဥယျာဉ်မြို့တော်စီမံကိန်း တည်ဆောက်နေသည့်မြို့၊ စည်ပင်သာယာမြို့လည်း ဖြစ်သကဲ့သို့ မြို့စီမံကိန်း လည်း စတင်ရေးဆွဲနေပြီဖြစ်ပါကြောင်း၊ မြို့သာမြို့၏ ကျောင်းသားစာရင်းသည် မူလတန်း အဆင့်တွင် ကျောင်းသားဦးရေ ၃၀ ကျော်မှ ၅၀ ကျော်အထိ၊ KG တန်းမှ စတုတ္ထတန်းအထိ အဆင်ပြေသော်လည်း ပဉ္စမတန်းတွင် ကျောင်းသားပေါင်း ၁၈၈ ယောက်ကို တန်းခွဲသုံးခုဖြင့် တစ်ခန်းလျှင် ၆၂ ဦးခန့်၊ (၆)တန်းတွင် တန်းခွဲသုံးခုဖြင့် တစ်ခန်းလျှင် ၆၈ ယောက်နှုန်းခန့်၊ (၇)တန်းတွင် ကျောင်းသား ၂၀၂ ဦးကို တန်းခွဲသုံးခုဖြင့် တစ်ခန်းလျှင် ၆၇ ဦးခန့်၊ (၈)တန်းတွင် ၂၉၃ ယောက်ကို တန်းခွဲလေးခုဖြင့် ၇၃ ဦးခန့်၊ (၉)တန်းတွင် ကျောင်းသားပေါင်း ၄၄၅ ဦး ကို တန်းခွဲငါးခုဖြင့် တစ်ခန်းလျှင် ကျောင်းသားကျောင်းသူ ၈၉ ဦးခန့်၊ (၁၀)တန်းတွင် ကျောင်းသား ၃၁၉ ဦးကို တန်းခွဲငါးခုဖြင့် တစ်ခန်းလျှင် ကျောင်းသား ၆၄ ဦးခန့် အသီးသီးသင်ယူနေကြရသည့်အတွက် စာသင်ခန်းများတွင် ကျောင်းသားများ ပြည့်ကြပ်စွာသင်ကြားနေရ ခြင်းကြောင့် ယခုနှစ်အတွက် ကျောင်းဆောင်ထပ်မံတောင်းခံရခြင်း ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် အထက် တန်း အဆင့်ကို ၁၈ စတုရန်းပေ၊ အလယ်တန်းနှင့် မူလတန်းကို ၁၂ စတုရန်းပေဖြင့် တွက်ချက်သည်ဟု သိရှိရသည့်အတွက် အဆိုပါအတိုင်း ရုံးအဆောက်အဦများအပါအဝင် ကျောင်းတွင်းအသုံးအဆောင်များကို တစ်ပါတည်းတွက်ချက်ခြင်း ရှိ/မရှိ၊ သို့မဟုတ် လက်ရှိဧရိယာကိုပါပေါင်းပြီး၍ တွက်ချက်ခြင်း ဟုတ်/မဟုတ် ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ငါန်းဇွန်မြို့နယ်၊ မြို့သာအခြေခံပညာအထက်တန်းကျောင်းသည် ပင်မဆောင်၊ ဒုဋ္ဌဝတီဆောင်၊ ချင်းတွင်း ဆောင်၊ ဧရာနဒီဆောင်၊ မလိခဆောင်၊ ရွှေကံကူဆောင်နှင့် သလ္လာနဒီဆောင်(ဆောက်လုပ်ဆဲ) စုစုပေါင်း ကျောင်းဆောင် ရှစ်ဆောင်ရှိပါကြောင်း၊ အဆိုပါ စာသင်ဆောင်များသည် ၁၈၀ ပေ x ၂၄ ပေ အုတ်ညှပ်နှစ်ထပ်ဆောင်များဖြစ်ပါကြောင်း၊ ဒုဋ္ဌဝတီဆောင်သည် ၁၂၀ ပေ x ၃၀ ပေ RC တစ်ထပ်ဆောင်၊့ ချင်းတွင်းဆောင်သည် ၁၂၀ ပေ x ၃၀ ပေ RC တစ်ထပ်ဆောင်၊ ဧရာနဒီဆောင်သည် ၁၀၀ ပေ x ၃၀ ပေ အုတ်ညှပ်တစ်ထပ်ဆောင်၊ မလိခဆောင်သည် အုတ်ညှပ် တစ်ထပ်ဆောင်၊ ရွှေကံကူဆောင်သည် ၁၂၀ ပေ x ၃၀ ပေ RC တစ်ထပ်ဆောင်၊ သလ္လာနဒီဆောင်(ဆောက်လုပ်ဆဲ)သည် ၉၀ ပေ x ၃၀ ပေ Steel Structure ဖြင့် တစ်ထပ်ဆောင်ဖြစ်ပါကြောင်း၊ မြို့သာအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူစုစုပေါင်း ၁၈၈၃ ဦးရှိသည့်အတွက် ကျောင်းသားကျောင်းသူဦးရေ ၂၀၀၀ ခန့်ရှိပြီး နှစ်စဉ်လည်း ကျောင်းသားကျောင်းသူဦးရေ တိုးတက်များပြားသကဲ့သို့ ကျောင်းသားစာသင်ခန်း အချိုးကလည်း အင်မတန်များပြားနေသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊
သိပ္ပံခန်းနှင့် စာကြည့်တိုက်များ လိုအပ်နေသည့်အပြင် အလယ်တန်းအတွက် ၁၂ စတုရန်းပေ၊ အထက် တန်းတွင် ၁၈ စတုရန်းပေနှင့် တွက်ချက်ပြီး ကျောင်းသား ၄၀ ဦးကို စာသင်ခန်းတစ်ခန်းနှုန်းဖြင့် တွက်ချကသည့်အတွက် မြို့သာအခြေခံပညာအထက်တန်းကျောင်းတွင် စာသင်ဆောင်များ၊ ထပ်မံလိုအပ်နေသည်ကို စိစစ်တွေ့ရှိရခြင်းကြောင့် မြို့နယ်ဦးစားပေးအစီအစဉ်အရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေလျာထားချက်စာရင်းတွင် အုတ်ညှပ်နှစ်ထပ်စာသင်ဆောင်ကိုလျာထား စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
