(င)- ရွှေငါးဖမ်းခြင်းကဲ့သို့သော လောင်းကစားနည်း များကို လောင်းကစားဥပဒေနှင့် တည်ဆဲဥပဒေ များအရ အရေးယူ ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၂၈.၁၀.၂၀၁၃)
မေးခွန်း အကြောင်းအရာ 

ဦးသိန်းထွန်းဦး (အမရပူရ)မန္တလေးမြို့အပါအဝင် နိုင်ငံတော်ရှိမြို့ကြီးများတွင် အီလက်ထရောနစ်ပစ္စည်း များဖြင့် ဂိမ်းဆိုင်ကဲ့သို့ ဆောင်ရွက်ထားပြီး အဆိုပါ စက် များဖြင့် ရွှေငါးဖမ်းသည့်ဂိမ်း၊ ပန်းသီးသရဖူဂိမ်းနှင့် အခြားဂိမ်းကစားနည်း များကို အခြေပြုပြီး ငွေအစား တုံကင် အမှတ်အသားများဖြင့် လဲလှယ်ကစားခြင်းများ ကို လောင်းကစားကဲ့သို့ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ အချို့သော ကစားသူများသည် တစ်ရက် ၅ သိန်း မှ ၁၀ သိန်းအထိ ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက် ရှိသည်ကို ကြားသိနေရပါကြောင်း၊ သို့ဖြစ်ပါ၍ မန္တလေးမြို့အပါအဝင် နိုင်ငံတော် ရှိမြို့ကြီးများတွင် အီလက်ထရောနစ်ပစ္စည်းဖြင့် ဂိမ်းဆိုင်ကို ဟန်ပြဖွင့်လှစ်၍ တရားဝင် သုံးစွဲသောငွေအား ဆိုင်ကောင်တာတွင် တုံကင်လဲ လှယ်ပြီး ရွှေ ငါးဖမ်းခြင်းကဲ့သို့သော လောင်းကစားနည်းများ ကို လောင်းကစား ဥပဒေနှင့် တည်ဆဲ ဥပဒေများအရ အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ နှင့် ဤကဲ့သို့ဆောင်ရွက်နေမှုများအား သက်ဆိုင်ရာဌာနက အရေးယူဆောင်ရွက်မှု မည်မျှရှိခဲ့သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

နိုင်ငံတော်အစိုးရသစ်အနေဖြင့် Good Government, Clean Government ဖြစ်ပေါ်စေရေးအတွက် နိုင်ငံတစ်ဝှမ်း တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေးကိစ္စရပ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်း ပါးမှုလျော့ချရေးတို့ကို ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက် ရှိရာ နိုင်ငံတော် သမ္မတကြီးက ယင်းလုပ်ငန်းစဉ်ကို အဓိက ဟန့်တား အနှောက် အယှက်ဖြစ်စေသော နယ်မြေ ဒေသအသီးသီးတွင် ပြန့်နှံ့လျက် ရှိသည့် နှစ်လုံးထီ၊ သုံးလုံးထီ၊ (ချဲ၊ထီ)အပါအဝင် လောင်းကစားမှုများ ကင်းစင်ပပျောက်ရေး အတွက် ထိရောက်သောစီမံချက်များ ရေးဆွဲဆောင်ရွက်ရန် ၂၀၁၁ ခုနှစ် မေလတွင် လမ်းညွှန်ခဲ့ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ စီမံချက်ရေးဆွဲပြီး ၂၀၁၁ ခုနှစ်၊  ဇွန်လ ၁ ရက်နေ့ မှ ၃၀ ရက်နေ့အထိ ပညာပေး ကာလအဖြစ်သတ်မှတ်ပြီး ပြည်သူလူထုတစ်ရပ်လုံးကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်ပြီး လောင်းကစားမှုကို ရှောင်ရှားကြစေရန် ပညာပေး လုပ်ငန်းများကို  စတင်ဆောင်ရွက်ခဲ့ပါကြောင်း။

၂၀၁၁ ခုနှစ၊် ဇူလိုင်လ ၁ ရက်နေ့မှစပြီး လောင်းကစားမှုများကို အရှိန်အဟုန်မြှင့်ဖမ်းဆီးသော ကာလအဖြစ်သတ်မှတ်ပြီး ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ရန် အထူးစီမံချက်တစ်ရပ် ရေးဆွဲဆောင်ရွက်ခဲ့ ပါကြောင်း၊ လောင်းကစားမှုပပျောက်ရေး စီမံချက် အား အဆင့်ဆင့်ကြပ်မှတ်ကွပ်ကဲမှုများ ပြုလုပ်နိုင်ရန်အတွက် ဗဟိုအဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် လောင်းကစားမှု ပပျောက်ရေး ကြီးကြပ်မှုကော်မတီဝင်များ၊ လောင်းကစားမှုတားဆီးနှိမ်နှင်းရေးအထူးအဖွဲ့များ၊ လောင်းကစားမှုအသိပညာပေးအဖွဲ့များ၊ စာရင်းကောက်ယူရေးအဖွဲ့များနှင်‌့ စာရင်းများကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက် ခဲ့ပါကြောင်း၊ ယင်းစီမံချက် အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန စသည့်ဌာနဆိုင်ရာများနှင့် လည်း ပူးပေါင်း အကောင်အထည်‌ဖော်ဆောင်ရွက်ခဲ့ပါကြောင်း။

          ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် လောင်းကစားဖမ်းဆီးအရေးယူမှုများကို နေ့စဉ်ကြပ်မတ်ပြီး နေ့အလိုက်၊ အပတ်စဉ် အလိုက်၊ လအလိုက် တိုးတက်မှုရှိစေရန်အတွက် တွန်းအားပေးမှုများကို အမြဲမပြတ် ပြုလုပ်လျက် ရှိပါကြောင်း၊ ၁၉၈၆ ခုနှစ်၊ လောင်းကစား ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ(က) တွင် လောင်းကစားခြင်းဆိုသည်မှာ ကံစမ်းကစားခြင်း၊ ကျွမ်းကျင်မှုကစားခြင်း တစ်ခုခုတွင်ပါဝင်ပြီး ငွေကြေးအတွက် လည်းကောင်း၊ ငွေကြေး တန်ဖိုးရှိသော သို့မဟုတ် ငွေကြေးတန်ဖိုးအဖြစ် ပြောင်းလဲ သတ်မှတ်ရန် သဘောတူပြီးဖြစ်သော ပစ္စည်းတစ်စုံတစ်ရာအတွက်လည်းကောင်း၊ အကောက်အစားယူသည်ဖြစ်စေ၊ မယူသည် ဖြစ်စေ လောင်း ကစားခြင်းကိုဆိုလိုသည် ဟူ၍လည်းကောင်း၊ ပုဒ်မ၂ ပုဒ်မခွဲ(ဃ) လောင်းကစားကိရိယာ ဆိုသည်မှာ လောင်း ကစားခြင်းပြုလုပ်ရာ၌ အသုံးပြုသော ဖဲ၊ အံစာ၊ မာကျောက်၊ တုံကင်၊ ဒင်္ဂါး၊ ဇယ်ပြား၊ ကစားခုံ၊ ကစားခွက်၊ ဇယား၊ ကားချပ်၊ သေတ္တာ၊ ပုံစံ၊ လက်မှတ်၊ စာရင်း၊ လောင်းကစားခြင်းအတွက် ကြံစည်ပြုလုပ်ထားသော သို့မဟုတ် အသုံးပြုနိုင်သော အခြားအရာများ၊ လောင်းကစားခြင်း၌ အသုံးပြုသော တိရစ္ဆာန်၊ ယာဉ်ကိုဆိုလိုသည် ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါကြောင်း။

အထက်တွင် တင်ပြခဲ့သော လောင်းကစားဥပဒေ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များအရ အီလက်ထရောနစ်ကိရိ ယာများဖြင့် ကစားရာတွင် ငွေကြေးအတွက်လည်းကောင်း၊ ငွေကြေးတန်ဖိုးရှိသော သို့မဟုတ် ငွေကြေး တန်ဖိုးအဖြစ် ပြောင်းလဲသတ်မှတ်ရန် သဘော တူပြီးဖြစ်သည့် ပစ္စည်းတစ်စုံတစ်ရာအတွက်လည်းကောင်း ကစားလျှင် လောင်းကစားဥပဒေအရ အရေးယူနိုင်ကြောင်း၊ တိုင်း ဒေသကြီး/ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသအတွင်းရှိ မြို့ကြီးများတွင် ဂိမ်းဆိုင်များဖွင်‌့လှစ်ခြင်း၊ ကလေး ကစားကွင်းများတွင် အီလက် ထရောနစ်ဂိမ်းများဖြင့် ကစားခြင်းတို့ကို သက်ဆိုင်ရာစည်ပင်သာယာရေးဦးစီးဌာနက စိစစ်ခွင့်ပြု လျက်ရှိပါကြောင်း၊ ထိုနေရာများတွင် ကစားခြင်းများသည် မိသားစု၊ ကလေးသူငယ်များ စိတ်အပန်းဖြေခြင်း၊ စိတ်ပျော်ရွှင်မှု ဖြစ်စေသော ကစားနည်းများကိုသာ စိစစ်ခွင့်ပြုထားရှိပါကြောင်း။

လောင်းကစားမှု ပပျောက်ရေးစီမံချက်အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့က နိုင်ငံတစ်ဝန်းလောင်းကစားမှု၊ ဂိမ်းစက်လောင်း ကစားမှုများ အပါအဝင် အရေးယူဆောင်ရွက်ခဲ့ရာတွင် ၂၀၁၁ ခုနှစ်၌ ၃၁၉၆ မှု၊ တရားခံ ၅၃၆၉ ဦးနှင့်အတူ လောင်းကြေးငွေ ၂၄၆၅၈၃၀၆ ကျပ်၊ ၂၀၁၂ ခုနှစ်၌ ၄၈၃၆ မှု၊ တရားခံ ၈၂၇၂ ဦးနှင့် အတူ လောင်းကြေးငွေ ၃၆၀၃၉၈၁၆၃ ကျပ်၊ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ၂၇၆၀ မှု၊ တရားခံ ၅၁၇၂ ဦးနှင့်အတူ လောင်းကြေးငွေ ၁၉၈၇၉၇၇၇၉ ကျပ်၊ အီလက် ထရောနစ်ဂိမ်းစက်များဖြင့် ဖမ်းဆီးရမိမှု ၂၈ မှု၊ တရားခံ ၂၀၉ ဦး၊ ဂိမ်းစက်ပေါင်း ၃၁၉ လုံး၊ လောင်းကြေးငွေ ၅၁၃၄၄၅၀ ကျပ်တို့ကို သိမ်းဆည်းရရှိခဲ့ပါကြောင်း။

၁-၉-၂၀၁၃ ရက်နေ့တွင် မဟာအောင်မြေမြို့နယ် ၃၇ လမ်း၊ (၇၇x၇၈) လမ်းကြားရှိ ဖိုးစွံလက်ဖက်ရည်ဆိုင်နှင့် မျက်နှာချင်းဆိုင်အိမ်တွင် မြင်းလောင်းဂိမ်း၊ ငါးပစ်ဂိမ်းများ ပြုလုပ်နေကြောင်း သတင်းရရှိသဖြင့် အမှတ်(၉) မြို့မရဲစခန်းမှ သွားရောက်စစ်ဆေးရာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနက ၂၀၁၃ ခုနှစ်၊ ဧပြီလ ၃ ရက်စွဲပါ စာအမှတ်ဖြင့် စက်မှုလုပ်ငန်းလိုင်စင်နှင့် ကလေးကစားကွင်းများပြုလုပ်ပြီး ကလေးများဆော့ကစားနေသည်ကိုသာ တွေ့ရှိရပြီး မြင်းလောင်းဂိမ်းနှင့် ငါးပစ်ဂိမ်းများ ဆော့ကစားနေသည်ကို မတွေ့ရှိရသော်လည်း ယင်းကစားကွင်းသည် လောင်းကြေးငွေ ရယူခြင်းမရှိဘဲ အကြွေစေ့ကို ကလေးကစားစရာအရုပ်များနှင့် လဲလှယ်ပြီး ဆိုင်ကို နံနက် ၉ နာရီ မှ ည ၁၀ နာရီ ထိ ဖွင့်လှစ်ထားကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် လိုင်စင်စည်းကမ်းနှင့် ညီညွတ်ခြင်းမရှိသောကြောင့် စစ်ဆေးဆောင်ရွက် ပြီးစီးသည့်နေ့မှ စ၍ ပိတ်သိမ်းခဲ့ပါကြောင်း။

ထို့အတူ ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၄) ရပ်ကွက် အဓိဌာန်အောင်မြေ ဘုရားမြေ ကွက်လပ်တွင် ၂၄-၁၀-၂၀၁၃ တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၏စည်းရုံးမှုကြောင့် လာရောက်အပ်နှံသော ဂိမ်းစက်ပေါင်း ၁၇၉ လုံး၊ အမှုဖြင့် သိမ်းဆည်းရသော ဂိမ်းစက်ပေါင်း ၂၀ လုံး၊ စုစုပေါင်း ၁၉၉ လုံး၊ ခန့်မှန်းတန်ဖိုး ကျပ်သိန်းပေါင်း ၇၄၈ သိန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး  ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း အလားတူဆောင် ရွက်နိုင်ရေးအတွက် စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း။

၂၇-၁၀-၂၀၁၃ နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြည်ကြီးမင်္ဂလာကားကြီးဝင်းအတွင်း တိုက်တန်းအမှတ် ၃၅ ၌ လောင်းကစားကျူးလွန်ကြောင်း သတင်းအရ အမရပူရမြို့နယ် မြို့မရဲစခန်းမှ သက်သေများနှင့်အတူ သွားရောက်ဖမ်းဆီးရာ တရားမဝင်လောင်းကစားမှု ပြုလုပ်နေသူ ၁၁ ဦးတို့ကို ဖဲချပ် ကစားဂိမ်း ၈ လုံး၊ ဘောလုံး ကစားဂိမ်း ၅ လုံး၊ ငါးဂိမ်းစက် ၄ လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေတန်ဖိုး ၃၄၃၁၈၀၀ ကျပ်၊ လက်ကိုင်ဖုန်းတစ်လုံး၊ ဟန်းဆက်ကတ်မပါ တစ်လုံးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ပါကြောင်း။

ယင်းကဲ့သို့ ဂိမ်းကစားစက်များဖြင့် ကစားနေခြင်းသည် လောင်းကစားဥပဒေပုဒ်မ ၈ နှင့် ၉ တို့ပါပြဋ္ဌာန်းချက်များနှင့် ငြိစွန်း နေသည့်အတွက် လောင်းကစားစက်များဖြင့် လောင်းကစားပြုလုပ်မှုများကို သတင်းစုံစမ်းဖော်ထုတ်ခြင်း၊ သတင်းပေးများ၏ အကူအညီရယူခြင်းများဖြင့် စောင့်ကြည့်ပြီး ဖမ်းဆီးအရေးယူမှုများကို တိုင်းဒေ သကြီး/ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသများရှိ လက်အောက်တပ်ဖွဲ့များက ထိ ထိရောက်ရောက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် လည်း နိုင်ငံအတွင်းလောင်း ကစားမှုများ ကင်းစင်ပပျောက်မှုမရှိသေးခြင်းကို မျက်ကွယ်ပြုထားခြင်းမပြုဘဲ ပပျောက် သည်အထိ ဆောင်ရွက်ကြ ရန် မှုခင်းတားဆီးနှိမ်နင်းရေးအပိုင်းက ဆောင်ရွက်နေသကဲ့သို့ နိုင်ငံတစ်ဝန်း လောင်းကစားမှု ပပျောက်ရေး စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်  နယ်မြေဒေသအလိုက် လောင်းကစား ကင်းစင်နယ်မြေ အဖြစ် သတ်မှတ်ကြေညာနိုင်သည် အထိ ဆောင် ရွက်ရန် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပြည်သူလူထု တစ်ရပ်လုံးက အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် တစ်ခဲနက်ပူးပေါင်း ဆောင်ရွက်ရန် လို အပ် ပါကြောင်း ဖြေကြားပါသည်။