မိတ္ထီလာမြို့သည် အာဆီယံလမ်း X1 နှင့် X2 ဖြတ်သန်းဆုံရာမြို့ဖြစ်ပြီး ပျော်ဘွယ်၊ ရမည်း သင်း၊ ကျောက်ပန်းတောင်း၊ တောင်သာ၊ မလှိုင်၊ သာစည် စသည့်မြို့များမှ ယာဉ်ထိခိုက်မှုဖြစ်ပွားပါက မိမိတို့မြို့နယ် အဆင့်ဆေးရုံသို့လည်းကောင်း၊ ယင်းဆေးရုံမှ မနိုင်ပါက မိတ္ထီလာပြည်သူ့ဆေးရုံသို့လည်းကောင်း လွှဲပြောင်း ကုသပေး ခြင်းများ ပြုလုပ်ရပါကြောင်း၊ ယခုအခါမှာ ဆိုင်ကယ်များ များပြားလာပြီး ယာဉ်ထိခိုက်မှုဖြစ်သည့်အခါ ဦးနှောက်နှင့် အာရုံကြောထိခိုက်မှုများ ရှိလာသည့် အတွက် မိတ္ထီလာမြို့တွင် CT စက်များ၊ ဦးနှောက်နှင့် အာရုံကြောအထူးကု ဆရာဝန်များ၊ ခွဲစိတ်ဆရာဝန်များခန့်ထားရန်နှင့် ပတ်ဝန်းကျင်မြို့ များပြားခြင်းကြောင့် ကင်ဆာဓာတ်ကင်စက်များလည်း ထားရှိရန် လိုအပ်မည် ဖြစ် ပါကြောင်း၊ မိတ္ထီလာမြို့သည် အာဆီယံလမ်းမ X1 နှင့် X2 ဆုံရာဖြတ်သန်း ရာမြို့ဖြစ်ခြင်း၊ မြင်းခြံ- တောင်သာ- မလှိုင်လမ်းမြောက်ဘက်၊ မန္တလေး- ကျောက်ဆည်- ဝမ်းတွင်းလမ်းတောင်ဘက်၊ ရန်ကုန်-ပျော်ဘွယ်လမ်း၊ အနောက်ဘက်ကျောက်ပန်းတောင်းလမ်း၊ အရှေ့ဘက် တောင်ကြီး-သာစည်လမ်း ၅ လမ်းဆုံရာမြို့ဖြစ်ခြင်း၊ မန္တလေး မြို့ပြီးလျှင် ဒုတိယ အချက်အချာကျ ဆုံးမြို့ ကြီးဖြစ်ခြင်းတို့ကြောင့် မိတ္ထီလာမြို့နှင့် အနီးအနားမြို့များ၏ ယာဉ်ထိခိုက်မှုများကို ကုသပေးရန် CT စက်၊ ဦးနှောက်နှင့် အာရုံကြောအထူးကု ဆရာဝန်များ၊ ခွဲစိတ် ဆရာဝန်များထားပေးပါရန်နှင့် မိတ္ထီလာ မြို့နယ်အား အဆင့်မြှင့်တင်၍ ကင်ဆာ ဓာတ်ကင်စက်များ တပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ယခင်ကဗဟိုအဆင့်ဆေးရုံကြီး အချို့တွင်သာ CT scan စက်များ တပ်ဆင်ပေးနိုင်ခဲ့
သော်လည်း ၂၀၁၂-၁၃ ခုနှစ်တွင် တိုးမြှင့်ရရှိခဲ့သော ရန်ပုံငွေဖြင့် CT scan စက်များ ထပ်မံဝယ်ယူနိုင်ခဲ့ပြီး ဗဟိုအဆင့် ဆေးရုံကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ဆေးရုံကြီး ၂၂ ရုံအတွက် CT scan စက်များ ထောက်ပံ့ ပေးနိုင်ခဲ့ပါ ကြောင်း၊ မိတ္ထီလာမြို့နှင့် ၃ နာရီခန့်ခရီးဖြင့် ရောက်ရှိနိုင်သော မန္တလေးမြို့နှင့်နေပြည်တော် ရှိ ပြည်သူ့ဆေး ရုံကြီးများတွင် CT scan စက်များ တပ်ဆင်အသုံးပြုလျက်ရှိပါသဖြင့် ယခုအချိန် တွင် မိတ္ထီလာမြို့ပြည်သူ့ဆေးရုံကြီး အတွက် CT scan စက်ထောက်ပံ့ပေးရန် အစီအစဉ်မရှိသေးသော်လည်း ခရိုင်မြို့များတွင် တပ်ဆင်သည့်အခါတွင် မိတ္ထီလာမြို့သည် လမ်းဆုံအချက်အခြာကျပြီး လိုအပ်ချက်ရှိသည့်အတွက် ဦးစားပေးအစီအစဉ်ဖြင့် ထောက်ပံ့ပေးမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ်များရှိ ဆေးရုံများတွင် ဦးနှောက်နှင့် အာရုံကြောအထူးကုဆရာဝန်၊ သမားတော် ၅ ဦးနှင့် ဦးနှောက်နှင့်အာရုံကြောအထူးကုခွဲစိတ်ပါရဂူ ၄ ဦး၊ စုစုပေါင်း ၉ ဦးသာ တာဝန်ထမ်းဆောင်နေသောအခြေ အနေဖြစ်သည့်အတွက် အင်အားအလုံအလောက် ရှိလာပါက မိတ္ထီလာမြို့ပြည်သူ့ဆေးရုံကြီးတွင် ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်များခန့် ထားပေးမည်ဖြစ် ပါကြောင်းနှင့် မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးတွင် တစ်ရက်ပျှမ်းမျှ ဆေးရုံတက်လူနာ ၂၀၁၁ ခုနှစ်တွင် ၈၁ ဦးနှင့် ၂၀၁၂ ခုနှစ်တွင် ၁၀၃ ဦး၊ လူနာတစ်ဦး ပျှမ်းမျှဆေးရုံတက်ရက် ၅ ရက်နှင့် ဆေးရုံခွင့်ပြုခုတင် အသုံးချမှုရာခိုင်နှုန်းသည် ၂၀၁၁ ခုနှစ်တွင် ၄၁ ရာခိုင်နှုန်းနှင့် ၂၀၁၂ ခုနှစ်တွင် ၅၂ ရာခိုင်နှုန်းရှိပြီး မိတ္ထီလာမြို့ ခုတင် ၂၀၀ ဆံံ့ဆေးရုံကြီးအား ကျန်းမာရေးဦးစီးဌာန၏ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက် ရက်စွဲပါစာအမှတ် ကမဘ/ ဃ ၁၀၃၈/၆၈ ဖြင့် စုစုပေါင်းဝန်ထမ်းရာထူး ၅၉၄ နေရာပါဝင်သော ခုတင် ၂၀၀ ဆံံ့ စံကိုက်ဖွဲ့စည်းပုံသို့ ခွင့်ပြုမိန့်ထုတ်ပေးခဲ့ပြီးဖြစ်သည့်အတွက် ယခုအချိန်တွင် မိတ္ထီလာမြို့ပြည်သူ့ဆေးရုံကြီးအား အဆင့်မြှင့် တင်ပေးရန် အစီအစဉ် မရှိသေးပါကြောင်း ၊ ဓာတ်ရောင်ခြည်စက်တပ်ဆင်ပေးရန်နှင့်စပ်လျဉ်း၍ ရန်ကုန်နှင့် မန္တလေးပြည်သူ့ ဆေးရုံကြီးများတွင် Cobalt ဓာတ်ရောင်ခြည်စက် ၂ လုံးကျစီ၊ တောင်ကြီးမြို့ စဝ်စံထွန်းဆေး ရုံတွင် Cobalt ဓာတ်ရောင်ခြည်စက် ၁ လုံးတို့ဖြင့် လူနာများအားကုသပေးလျက်ရသည့်အပြင် ရန်ကုန်၊ မန္တလေး ၊ တောင်ကြီးမြို့ စဝ်စံထွန်း နှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီးများတွင် တပ်ဆင် အသုံးပြုရန်အတွက် အဆင့်မြှင့်ဓာတ်ရောင်ခြည်စက် Linear Escalator အား ဝယ်ယူ ရောက်ရှိပြီးဖြစ်ပါသောကြောင့် ၂၀၁၃ ခုနှစ်နှစ်ကုန်ပိုင်းတွင် အသုံးပြုနိုင်မည်ဖြစ်ပါကြောင်းနှင့် မိတ္ထီလာမြို့ပြည်သူ့ဆေးရုံကြီးတွင် ဓာတ်ရောင်ခြည်စက် တိုးချဲ့တပ်ဆင်ရန်အစီအစဉ်မရှိသေးပါကြောင်း၊ ခရိုင်မြို့များသို့ ဓာတ်ရောင်ခြည်စက်တိုးချဲ့တပ်ဆင်သည့်အခါတွင် ဦးစားပေးအဖြစ် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
