(စ)-တန်ဖိုးရှိ၍အစွမ်းထက်သောဆေးဘက်ဝင် အပင်များကိုစိုက်ပျိုးထုတ်လုပ်သွားရန်နှင့် မြန်မာ့ တိုင်းရင်းဆေးများကိုပြည်တွင်း၊ ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရေး အားပေးဆောင်ရွက်သွားရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၂၅.၁၀.၂၀၁၃)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် သဘာဝသစ်တောကြီးများ အများဆုံး ဖုံးလွှမ်းတည်ရှိနေခြင်း၊  အမျိုးတူ၊ဦးဉာဏ်ဆွေဝင်း (ကျောက်ကြီး) မျိုးကွဲ၊ မျိုးစေ့ များ မြောက်များစွာ ရှင်သန်ပေါက်ရောက်သည့် ထူးခြားဒေသ တစ်ခု ဖြစ်ခြင်း၊   သဘာဝ အဖိုးထိုက် တန် ဆေးဘက်ဝင် သစ်ပင်၊ နွယ်ပင်၊ သစ်ဥ၊ သစ်ဖုများ ပေါများကြွယ်ဝစွာရှိခြင်း တို့ကြောင့် မြန်မာ့ သဘာဝတောတောင်ရေမြေမှ ဖြစ်ထွန်း ပေါ်ပေါက်လာသော တိုင်းရင်းဆေးဝါးများ  ရှေးဘိုးဘွားစဉ်ဆက်ကပင် တန်ဖိုးထား အသုံးပြု ကုသခဲ့ခြင်းတို့ကြောင့် ဘေးထွက် ဆိုးကျိုးတွေနည်းပါး စွာဖြင့်  မြန်မာ့ လူ့ဘောင်နှင့်မြန်မာ့သမိုင်းကို အောင်မြင်စွာ ရှင်သန်စေခဲ့သည့် အပြင် မြန်မာ့ တိုင်းရင်း ဆေးဝါးများကို ပြည်ပနိုင်ငံများကလည်း ယုံကြည် အားကိုးစွာ ပိုမိုတိုးတက်သုံးစွဲလာကြသည်ကို တွေ့ရှိရပါကြောင်း၊

ယခုအခါမှာ မြန်မာနိုင်ငံ၏ အဖိုးတန်တိုင်းရင်းဆေးဝါး ကုန်ကြမ်းများ ဘုမ္မရာဇာ၊ ဆင်ပေါင်ဖာလာ၊ တရုတ်စကားပွင့်၊ ဆေးဘက်ဝင်သစ်ခွ စသည့် အမျိုးအစားများပြား လှသော ဆေးဝါးကုန်ကြမ်းများကို  အိမ်နီးချင်းနိုင်ငံအချို့သို့ ထိုက်တန် သော ဈေးနှုန်းများမရှိဘဲ တရားမဝင် နည်းလမ်းများနှင့် အလွန်အကျွံထွက်ရှိနေသောကြောင့်  နိုင်ငံတော်၏ အဖိုးထိုက်တန် တိုင်းရင်းဆေးဝါးပင်များသည် မျိုးစုပျောက်ကွယ်မည့် အခြေအနေသို့ရောက်ရှိနေကြခြင်း၊  အချိုဒေသများတွင်လည်း အခြေခံအဆောက်အဦများ တိုးချဲ့ဆောက်လုပ်မှုကြောင့် ရေဝပ်ဧရိယာအတွင်းရောက်ရှိသွားခြင်း၊ သစ်တောများ ပြုန်းတီးမှုများခြင်း၊  သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးခြင်းနှင့် အကန့်အသတ်မရှိ၊ အလွန်အကျွံထုတ်ယူသုံးစွဲခြင်း၊ တစ်ဖန်ပြန် လည်ပြုစုပျိုးထောင်ခြင်းမရှိသည့်အတွက်ကြောင့် မျိုးသုန်းပျောက်ကွယ်မည့်အနေအထားကို စိုးရိမ်ဖွယ်ရာ ရောက် ရှိနေကြောင်း၊          မျိုးသုန်းပျောက်ကွယ်မှုမှ ထိရောက်စွာအကာအကွယ်ပေးနိုင်ရန် စနစ်တကျထုတ်လုပ် သုံးစွဲ ရန်၊   တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တန်ဖိုးရှိ လူသုံးများတဲ့ ပရဆေးပင်များ စိုက်ပျိုး ထုတ်လုပ်သူ အသင်း အဖွဲ့များကို ထူထောင်ပြီး မျိုးရိုးထိန်းသိမ်းခြင်း၊ ပညာပေးခြင်း၊ ထုတ်လုပ်ခြင်းများကို ဆောင်ရွက်သွားရန် လိုအပ်မည်ဟု ယူဆခဲ့ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနက တိုင်းရင်းဆေးပညာတက္ကသိုလ်ကြီးကို ဖွင့်လှစ်၍ အဆင့်အတန်းမြင့်မားသော တိုင်းရင်းဆေးပညာရှင်သည်များ အဆက်မပြတ် လေ့ကျင့်မွေးထုတ်ပေးလျက် မြို့နယ်တိုင်းတွင် တိုင်းရင်းဆေးကု ဌာနများ၊ ‌ဆေးရုံများဖွင့်လှစ်ကုသပေးခြင်းဖြင့် ပြည်သူများမှလည်း ယုံကြည်အားကိုးစွာ ကုသခံယူမှု တိုးပွားလျက်ရှိကြောင်း၊ ထို့ကြောင့် တိုင်းရင်းဆေးတက္ကသိုလ်ကျောင်းဆင်းများကို တိုးချဲ့ခန့်ထားခြင်း၊ သုတေသနနှင့်ထုတ်လုပ်မှုလုပ်ငန်းများတွင်  ပိုမို တိုးချဲ့တာဝန်ပေးခြင်း များကို လည်း ဆောင်ရွက်သွားရန် လိုအပ်မည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အတွင်း တန်ဖိုးရှိ ဆေးဘက်ဝင် အပင်များအား အလွန်အကျွံထုတ်ယူ၍ မျိုးသုန်းပျောက်ကွယ်မှု မရှိစေရန်၊ အစုအဖွဲ့များ ဖွဲ့စည်းအားပေး၍ ပညာပေးခြင်းနှင့် စနစ်တကျ စိုက်ပျိုးထုတ်လုပ်သွားရန် အစီအစဉ်ရှိ/မရှိ၊ အစွမ်းထက်မြက်သော တိုင်းရင်းဆေးဝါးများကို ကျယ်ပြန့်စွာသုတေသနပြုခြင်း၊ မှတ်တမ်း တင်ခြင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု တို့ဖြင့် နိုင်ငံ တကာအဆင့်မီ စနစ်တကျထုတ်လုပ်ပြီး ပြည်တွင်းသုံးစွဲရန်နှင့် ပြည်ပဈေးကွက်သို့ပါ ထိုးဖောက် တင်ပို့နိုင်ရေးအတွက် အားပေးဆောင်ရွက်သွားရန် အစီအစဉ်ရှိ/မရှိကို သိရှိလို ပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်
အဖြေ
 

နိုင်ငံတော်အတွင်းရှိ သဘာဝအလျောက်ဖြစ်ထွန်း၍ တန်ဖိုးရှိလူသုံး များသော ဆေးဖက်ဝင် အပင်များအား အလွန် အကျွံထုတ်လုပ်၍ မျိုးသုန်းပျောက် ကွယ်မှုမရှိစေရန် အဓိကဆောင်ရွက်လျက်ရှိသောဌာနမှာ ပတ်ဝန်းကျင် ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် ရှာပါးသော ဆေးဖက်ဝင်အပင်များ မျိုးသုန်းပျောက်ကွယ်မသွားစေရန် နေပြည်တော် အမျိုးသားပရဆေးဥယျာဉ် အပါအဝင် နိုင်ငံ တစ်ဝန်းလုံးတွင် ပရဆေးဥယျာဉ် ၉ ခု တည်ထောင်ကာ ရှားပါးဆေးပင်များအား ရှာဖွေစုဆောင်းခြင်း၊ မျိုးထိန်းခြင်းနှင့် အသုံး ဝင်သော ဆေးဖက်ဝင်အပင်များ စိုက်ပျိုးခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း၊ အစုအဖွဲ့များ ဖွဲ့စည်းအားပေး၍ စနစ်တကျစိုက်ပျိုး ထုတ်လုပ်သွားရန် အစီအစဉ်အား ယခုအချိန်တွင် အစီအစဉ် မရှိသေးပါကြောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် တန်ဖိုးရှိ၍ အစွမ်းထက်‌သော မြန်မာ့ တိုင်းရင်းဆေးများကို သုတေသနနှင့် ဖွံဖြိုးရေးဌာနခွဲတွင် ဆေးပင်စစ်မှန်မှု၊ ကုန်ကြမ်းစစ်မှန်မှုများကို လိုအပ်သလို ဓာတ်ခွဲစမ်းသပ်၍ သုတေသနပြုလုပ်ခြင်း၊ တန်ဖိုးရှိ၍ အစွမ်းထက်သောမြန်မာ့တိုင်းရင်းဆေးများနှင့် စပ်လျဉ်း၍ နှီးနွယ်ဦးစီးဌာနများဖြစ်သော ဆေးသုတေသန ဦးစီးဌာနများနှင့် ပူးပေါင်းကာဆေးဝါး သုတေ သန၊ ဆေးပင်သုတေသနနှင့် ကုထုံးသုတေသနစသည့် သုတေသန လုပ်ငန်းများ ကျယ် ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည့်အပြင် တိုင်းရင်းဆေးဝါးများ ထုတ်လုပ်ရာတွင် ရန်ကုန်နှင့် မန္တလေးမြို့များ တွင် ကောင်းမွန်သည့် ဆေးဝါးထုတ်လုပ်မှုကျင့်စဉ် (Good Manufacturing Practice) နှင့် ညီညွတ်သော ဆေး ဝါးများကို ထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းရှိ တိုင်းရင်းဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းရှင်များ အား နိုင်ငံတကာအဆင်‌့မီ စနစ်တကျထုတ်လုပ်၍ ပြည်တွင်းသုံးစွဲရန်နှင့် ပြည်ပ ဈေးကွက်သို့ပါ ထိုးဖောက် တင်ပို့နိုင်ရေးအတွက် အားပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသွားပါသည်။