သာကေတ မြို့နယ်ရှိ ပြည်သူ့ဆေးရုံသည် သာကေတမြို့နယ်အပြင် ဒဂုံ တောင်/မြောက်၊ ဒဂုံဆိပ်ကမ်းနှင့် သန်လျင်မြို့ကပင် အားထားနေ ရသော ဆေးရုံကြီးဖြစ်ပါကြောင်း၊ ယင်းဆေးရုံကြီးသို့ ၂၀၁၀ ခုနှစ်ကစတင်ပြီး HIV နှင့်TB ဝေဒနာရှင်များ ပြောင်းရွှေ့ချထားခဲ့ရာ ယနေ့ထိ ဆေးရုံတက် HIV နှင့်TB လူနာ ၄၀ ကျော်၊ ၅၀ ခန့် ရှိနေပြီဖြစ်ပြီး နေ့စဉ်လာရောက်ပြသသော Out Patient လူနာသည် ၈၀ ကျော်ခန့်ရှိနေသောကြောင့် စုစုပေါင်း လူနာပြသမှုအင်အားမှာ ၁၀၀ ကျော်ခန့်ရှိနေပြီးဖြစ်ပါကြောင်း၊ သာကေတဆေး ရုံကြီး၏ သုံးပုံနှစ်ပုံကို HIV နှင့်TB လူနာများကိုကုသသော ဆေးဆောင်များအဖြစ် ယူထားပြီးဖြစ်ပါကြောင်း၊ ဆေးရုံတွင်တက်ရောက်ကုသနေသော သာမန်မွေးလူနာ၊ ကလေးလူနာ၊ အထွေထွေလူနာဆောင်များနှင့် HI/TB လူနာဆောင်များ နီးကပ်စွာထားရှိပြီး ကုသနေရသည်ကို တွေ့မြင်နေရပါကြောင်း၊ HIV ရောဂါ သည် သွေးနှင့် လိင်ဆက်ဆံမှုမှ တစ်ဆင့်သာကူးဆက်နိုင်ခြင်းကြောင့် သာမန် အားဖြင့် အခြားလူနာများသို့ လွယ်ကူစွာမကူးဆက်နိုင်သော်လည်း HIV လူနာများမှာ ပူးတွဲဖြစ်ပေါ်တတ်သော TB ရောဂါသည် လေနှင့်သလိပ်မှတစ်ဆင့် အလွယ်တကူးစက်နိုင်ပါကြောင်း၊ HIV လူနာများတွင် ပူးတွဲဖြစ်ပေါ်နေသော ကုသရန် အခက်ဆုံးဖြစ်သည့် ဆေးရင်ပါးသော TB ရောဂါနှင့် နီးကပ်စွာ ကုသမှု ခံယူနေကြရသော လူနာများသည် ရောဂါကူးစက်မည်ကို ကြောက်ရွံ့နေကြပါကြောင်း၊ HIV လူနာများကို ခွဲခြားပြီးတော့ ဆက်ဆံခြင်းမပြုရဆိုသည်ကို သိရှိပါသော်လည်း HIV ဝေဒနာရှင်များ ဖြစ်ပွားလေ့ရှိသော TB ကူးစက်ရောဂါများ သာမန်အထွေထွေလူနာများပြန့်ပွားကူးစက်ခြင်း မပြုစေနိုင်ရန် ဆေးရုံသီးသန့်ထားရှိ ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်မှုရှိ/မရှိ မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ၂၅ ခုတင်ဆံ့ဆေးရုံတွင် ယခင် ကာလများက ဆေးရုံသို့လာရောက်ပြသသည့် လူနာနည်းပါးသည်က တစ်ကြောင်း၊ ရန်ကုန်မြို့အရှေ့ဘက်ခြမ်းမှာ HIV လူနာများ ကုသပေး ရန်ဆေးရုံ မရှိသေးသည်က တစ်ကြောင်းတို့ကြောင့်၊ ဆေးရုံကိုနှစ်ပိုင်းခွဲခြားပြီး အထွေထွေလူနာများနှင့် HIV လူနာများ၊ HIV နှင့် TB လူနာများကို ကုသပေး လျက်ရှိကြောင်း၊ အဆိုပါ အဆောင်နှစ်ခုကို သံဇကာ များဖြင့် ခြားနား ထားပါကြောင်း၊ လူနာဆောင်နှစ်ခုကို သံဇကာခြားနား ထားခြင်း သည် မသင့်တော်သည့်အတွက် HIV လူနာများ ကုသပေးရန် ယခု ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ သတ်မှတ်ခွင့်ပြုရန်ပုံငွေ သန်း ၂၈၈.၃ သန်းဖိုးအကုန်ကျခံပြီး တိုးချဲ့နှစ် ထပ်ဆောင် လူနာဆောင်တစ်ခုကို ဆောက် လုပ်နေရာတွင် မူလလူနာဆောင် လျာထားချက်၏ ၄၀ ရာခိုင်နှုန်း ပြီးစီးမည်ဖြစ်ပါကြောင်း၊ ကျန်လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ကျပ်သန်း ၁၀၀ ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြထားပြီး ထပ်မံ၍ ကျပ်သန်း ၅၀၀ ကို လာမယ့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင်လည်း တင်ပြတောင်းခံပြီး ၁၀၀ ရာခိုင်နှုန်းပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ယခုလာမည့် ဘဏ္ဍာနှစ်တွင် သီးခြား လူနာဆောင် ဆောက်လုပ်ပြီးပါက HIV လူနာများကို အဆောင်ရွှေ့ပြောင်း ကုသပေးရာ အုတ်တံတိုင်းကာရံခြင်း၊ သီးခြားဝင်ပေါက် ဖောက်လုပ်ခြင်းများ ဆောင်ရွက်၍ လူနာများကို ခွဲခြားပေးနိုင်မည်ဖြစ်ပါကြောင်း၊ မိမိကိုယ်တိုင်လည်း ကွင်းဆင်းစစ်ဆေးပြီး ကူးစက်ရောဂါနှင့် သာမန်လူနာများကို ခွဲခြားနိုင်သော နည်းလမ်းများကို ရှာဖွေကာ အထက်ဌာနများကို တင်ပြပြီးခွင့်ပြုချက်ရယူပြီးဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖြေကြားပါသည်။
