တန်ဖိုးနည်း Mobile Phone များ အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးရန်နှင့် တိုင်စိုက်ရန် အချိန် ကြာမည်ဆိုပါက နီးစပ်ရာ မြို့နယ်/ကျေးရွာများရှိ ဖုန်းတိုင်များဖြင့် ဆက်သွယ်အသုံးပြု၍ ရရှိနေသော Mobile Phone များကို မြောင်မြို့အတွက် ခွဲတမ်းချရောင်းချပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အတွင်းမှာရှိ မြို့နယ် ၃ ခုအနက် မြောင်မြို့နယ်သည် မန္တလေး-မုံရွာကားလမ်းမကြီးနှင့် ၇ မိုင်သာ ဝေးသော်လည်း ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး ဖြစ်ပြီး၊ လူဦးရေအားဖြင့် ၁၁၀၀၀၀ ခန့် မှီတင်းနေထိုင်လျှက်ရှိရာ အဓိကအသက်မွေးဝမ်းကြောင်းမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ တောင်သူလုပ်ငန်းများဖြစ်သဖြင့် တောင်သူလယ်သမား ၈၅ ရာခိုင်နှုန်းခန့်ရှိပါကြောင်း၊ စစ်ကိုင်း ခရိုင်အတွင်းမှာရှိ စစ်ကိုင်းနှင့် မြင်းမူ ၂ မြို့နယ်တို့သည် အဝေးပြေးလမ်းမကြီးပေါ်တွင်ရှိပြီး ဆက်သွယ်ရေးကောင်းမွန်ရာ ယခုအသစ်ချပေးလိုက်သော တန်းဖိုးနည်း Mobile Phone ဒိုင်များ ကိုလည်း အဆိုပါမြို့နယ်များတွင် စိုက်ထူပေးသည့်အတွက် ၁၅၀၀ ကျပ်တန် တန်ဖိုးနည်းဖုန်းများကို အဆိုပါမြို့နယ်များက သုံးခွင့်ရပြီး မြောင်မြို့နယ်မှ ဝန်ထမ်းများ၊ မဲဆန္ဒရှင်များမှာ အဆိုပါ Mobile Phone သုံးခွင့်မရသည့်အတွက် နီးစပ်ရာမြို့နယ်များမှ ဖုန်းများကို ဈေးကြီးပေး ဝယ်ယူအသုံးပြုနေရပါကြောင်း၊ ယခုကဲ့သို့ မြောင်မြို့နယ်တစ်ခုတည်းသာ ကျန်နေပြီး Mobile Phone သုံးခွင့်မရသည့် ကိစ္စနှင့်ပတ်သက်ပြီး မဲဆန္ဒရှင်များအနေဖြင့် “ဒေသခံ လွှတ်တော် ကိုယ်စားလှယ် တာဝန်မကျေသည့် အတွက်ကြောင့်ဖြစ်ရခြင်း” ဟု ခံစားနေကြကြောင်း၊ အဆိုပါ Mobile Phone ဒိုင်များ စိုက်ထူရေးနှင့်ပတ်သက်ပြီး မိမိအနေဖြင့် ကြယ်ပွင့်မပြမေးခွန်းနှင့်မေးမြန်းခဲ့သည့် အတွက် ပြည်ထောင်စုဝန်ကြီးက ၂၇-၈-၂၀၁၂ ရက်စွဲပါ စာအမှတ်၊ ဆဆက/၃-၀၂/၀၁၀(၂၀၁၂/၈၄၃၂)ဖြင့် ပြန်ကြားချက်အရ မြောင်မြို့နယ်ကို ၂၀၁၃-၂၀၁၄ မှာ ဘဏ္ဍာနှစ်အတွင်းမှာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်ကြားခဲ့ရာ ဆက်သွယ်ရေး Mobile Phone ဒိုင်များ စိုက်ထူရေးကို အမြန်ဆုံးအကောင်အထည်ဖော်ပေးနိုင်ရေး အတွက် မဲဆန္ဒရှင်များကိုယ်စား အောက်ပါမေးခွန်းကို မေးမြန်းလိုပါကြောင်း။
ပတ်ဝန်းကျင်မြို့နယ်အားလုံးတွင် အသုံးပြုခွင့်ရနေသော တန်ဖိုးနည်း Mobile Phone များ အသုံးပြုခွင့် ရရှိရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနက အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ရှိပါက မည်သည့်ရက်၊ မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းနှင့် ဖုန်းဒိုင် စိုက်ဖို့ အချိန်ကြာဦးမည် ဆိုပါကလည်း နီးစပ်ရာမြို့နယ်၊ ကျေးရွာများရှိ ဖုန်းဒိုင်များမှ တဆင့် ဆက်သွယ်ရရှိ နေသော တန်ဖိုးနည်းဖုန်းများကို မြောင်မြို့နယ်အတွက် ခွဲတမ်းချရောင်းချပေးရန် အစီအစဉ်ရှိ/မရှိ သိလို ပါကြောင်း မေးမြန်းပါသည်။
