(က)-စမ်းချောင်းမြို့နယ်၊ အလုံမြို့နယ်၊ ကြည့်မြင်တိုင် မြို့နယ်နှင့် ကမာရွတ်မြို့နယ်များ၌ နောက်ဖေး လမ်းကြားများ အမှိုက်ပုံနေ၍ မီးလောင်မှု အန္တရာယ် စိုးရိမ်နေကြခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၁၇.၇.၂၀၁၃)

ဦးအောင်စိန် (မာန်အောင်) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစု၊ အထူးသဖြင့်  စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်နှင့် ကမာရွတ်မြို့နယ်များရှိ နောက်ဖေးလမ်းကြားများတွင် အမှိုက်ပုံများ မြင်မကောင်းရှုမကောင်းအောင် တွေ့နေရပြီး ယင်းအမှိုက်ပုံများ၏ အနံ့ဆိုးများကြောင့် ကလေး၊ လူကြီးများ ကျန်းမာရေးထိခိုက်လျှက်ရှိပါကြောင်း၊ စည်းကမ်းမရှိသူအချို့များမှ နေ့စဉ်လွှင့်ပစ် နေကြသည်ကိုလည်း မြင်တွေ့ရပါကြောင်း၊ ထိုသို့လွှင်ပစ်မှုများကြောင့် စက္ကူနှင့် ပလပ်စတစ်အမှိုက်များ မှတစ်ဆင့် ဆေးလိပ်တိုများကြောင့် နွေရာသီတွင် မီးလောင်မှုများ ဖြစ်ပွားနိုင်ပြီး ရပ်ကွက်မှ မြို့နယ်၊ မြို့နယ်မှ ခရိုင်အဆင့် ရှိ မြို့နယ်များအားလုံး မီးလောင်ဆုံးရှုံးနိုင်သည့် အခြေအနေကို ရောက်နိုင်ပါကြောင်း၊ မြို့တော် စည်ပင်က အမှိုက်များကို ပလပ်စတစ်အိတ်အနက်ဖြင့် စုပုံရန် သတ်မှတ်ပေးထားသော်လည်း သတ်မှတ်ပေးထားသည့် နေရာဝေးလွန်းခြင်းနှင့် အခြားပြဿနာများ ရှိနေကြပါကြောင်း၊ စည်ပင်မှလည်း လမ်းကြား အမှိုက်စွန့်ပစ်ပါက ဒဏ်ငွေပေးဆောင် ရမည်ဖြစ်ကြောင်းကို ကြေညာထားသော်လည်း လိုက်နာမှုမရှိကြသည့်အပြင်၊ စည်ပင်မှလည်း ထိထိရောက်ရောက် ဖမ်းဆီးအရေးယူခြင်းမရှိပါကြောင်း၊ သန့်ရှင်းရေး ပြုလုပ်ပေးခြင်းလည်း မရှိပါကြောင်း၊ စမ်းချောင်းမြို့နယ် မြေနီကုန်းရပ်ကွက်ဓမ္မာရုံ လမ်းတစ်လျှောက်တွင် ပျံကျဈေးသည်များကြောင့် လူများ၊ မော်တော်ယာဉ်များ သွားလာနိုင်ရေးအတွက်ပင်ခက်ခဲလျှက်ရှိပါကြောင်း၊ စမ်းချောင်းတောင်ရပ်ကွက် အထက (၃) ပတ်ဝန်းကျင်ရှိ ဆီဆုံလမ်းတွင် နေ့ရောညပါရောင်းချနေကြသော ပျံကျဈေးသည်များ၊ ကြည့်မြင်တိုင်ညဈေး ပတ်ဝန်းကျင်နှင့် ကမာရွတ်၊ လှည်းတန်းဈေး အနောက်ဘက်တန်း တစ်လျှောက်မှ လွှင့်ပစ်အမှိုက်များမှာ တစ်နေ့တခြား ပိုများလာပြီး အမှိုက်သိမ်း ကားများလည်း လာရောက် ရှင်းလင်းခြင်းမရှိသည့်အပြင် မြို့တော်စည်ပင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ပျံကျဈေးသည် များကို တရားမဝင် ကန်ထရိုက်ပေးပြီး လပေးစနစ်ဖြင့် ဈေးကောက် ကောက်ယူသုံးစွဲနေသည်ကိုလည်း ကြားသိရပါကြောင်း။

ယခုကဲ့သို့ လူဦးရေများပြား ထူထပ်သော မြို့နယ်များ၏ တစ်ချို့လမ်းများတွင် နှစ်ဖက်ညှိနှိုင်းပြီး ကိုယ်ထူကိုယ်ထ နောက်ဖေးလမ်းကြားများကို ကွန်ကရစ်ခင်းနေကြပါကြောင်း၊ သို့သော် အများစုမှာ ညှိနှိုင်းမရနိုင်ကြပါကြောင်း၊ ညှိနှိုင်း၍မရနိုင်သည့်အကြောင်းရင်းမှာ  မြို့တော်စည်ပင်အနေဖြင့် သန့်ရှင်းရေးအခွန်၊ မီးခွန်၊ ရေခွန်အစရှိသော အခွန်အရပ်ရပ်ကို ကောက်ခံနေသည့်အတွက် မြို့တော်စည်ပင်တွင် အဓိကတာဝန်ရှိပါကြောင်း၊ ထိုသို့ညှိနှိုင်းမရသည့်အတွက် ယင်းအနီးအနားရှိ အမှိုက်ပုံများမှာ တစ်နေ့ထက်တစ်နေ့ ပိုမို ကြီးမားလာပါကြောင်း၊ ယခုအခါ စွန့်ပစ်အမှိုက်များမှာ ဆယ်စုနှစ်တစ်ခုအထိ ထပ်ကာထပ်ကာ စုပုံနေသည့်အတွက် စက္ကူများ၊ ကတ္တူပုံးများနှင့် ပလပ်စတစ်များမှာ တောင်ပုံရာပုံဖြစ်နေပြီး၊ အထက်ပါအမှိုက်ပုံများအပေါ်တွင် စည်းကမ်းမဲ့လူတစ်ချို့ကြောင့် မီးလောင်မှုကို သတိမထားဘဲ ဂရုမစိုက်ဘဲ ဆေးလိပ်တိုများ ပစ်ချမိပါက မီလောက်မှုများဖြစ်ပွားပြီး မြို့နယ်အများအပြား မီးလောင်ပြာကျ သွားမည်ကို စိုးရိမ်ပူပန်နေကြကြောင်း ကြားသိနေရပါကြောင်း၊ သို့ပါ၍ ဖော်ပြပါ နောက်ဖေးလမ်းကြား အမှိုက်ပုံများကို အမြန်ဆုံးရှင်းလင်းပေးပါရန်နှင့် အခုလာမည့်နွေရာသီ မရောက်ခင် ဆောင်ရွက်ပေး နိုင်ခြင်း ရှိ/မရှိ မေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန ၁၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း