ဂွမြို့နယ်အတွင်းမှာရှိကြသော ရဟံပြား၊ ငွေတွေ့၊ ခွေးလျားရှည်၊ ဆားချက်ကွင်း၊ ပေါက်တူးကွင်း၊ ထန်းပင် ကုန်း၊ ကွင်းကြီးကန္နား၊ ကွင်းကြီးတောင်နား၊ ချင်းကွင်း၊ ပေါက်တူးကွင်း၊ ကိုင်းတောကွင်း၊ လျှိုကွင်း၊ နထောကျွန်းနှင့် ရေသိုးဆိုသည့် ရွာများသည် တောင်ညို ကြိုးပြင်ကာကွယ်တောဧရိယာတွင်ကျရောက် နေသည်ဟု သိရပါကြောင်း၊ ကျေးရွာသူ ကျေးရွာသားများ၏ တင်ပြချက်အရ ဤကျေးရွာများသည် ၁၈၃၃ ခုနှစ်ကပင် ကျေးရွာများအဖြစ် နေထိုင်ခဲ့ပြီး ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ ၂၈-၂-၁၉၇၉ ရက်စွဲပါစာအမှတ်၊ (၃/၁၈၄)အထ-၂ ဖြင့်ထုတ်ပြန်သော ကြေညာချက်အရ လူနေထိုင်သည့် ကျေးရွာများအဖြစ် သတ်မှတ်ခြင်းခံရပြီး ကျေးရွာမှာရှိသော လယ်ယာမြေ၊ ဥယာဉ် ခြံမြေများသည်လည်း ဘိုးစဉ်ဘောင်ဆက်လက်ထက်ကပင် လုပ်ကိုင်လာခဲ့ပြီး ဦးပိုင်အမည်ပေါက် လယ်ယာမြေများဖြစ်ကာ အခွန်ပြေစာများလည်းထွက်ရှိပြီးဖြစ်သည့်အပြင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကာလလက်ထက်၌ လည်း နိုင်ငံတော်သို့ တာဝန်ကျေစပါးများပေးဆောင်ပြီး လုပ်ကိုင်နေသော လယ်မြေများဖြစ်ကြောင်း၊ တောင်ညိုကြိုးပြင် ကာကွယ်တောစီမံကိန်းကို ၂၀၀၁ ခုနှစ်က စတင်ကာ ၂၀၀၆ ခုနှစ်အတွင်းသတ်မှတ်ပြီးစီးသွားသည်ဟုသိရှိရပါကြောင်း၊ ၂၀၀၄-၀၅ခုနှစ်ခန့်တွင် ၎င်းတို့လယ်ယာမြေအတွင်းသို့ သစ်တောမြေဧရိယာ သတ်မှတ်ငုတ်တိုင်များကို လာရောက် စိုက်ထူခြင်းတွေ့ရသော်လည်း မည်သည့်ဝန်ထမ်းကမှ သစ်တောဧရိယာဖြစ်ကြောင်း ရှင်းလင်းခြင်းမရှိကြောင်း၊ ယခု ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် လယ်ယာမြေများမှတ်ပုံတင်ရန် မြေတိုင်းအဖွဲ့များ လာရောက်သည့်အခါ အဆိုပါကျေးရွာများရှိ လယ်ယာမြေများ၊ ဥယာဉ်ခြံမြေများသည် သစ်တောကြိုးဝိုင်းအတွင်း ကျရောက်နေသောကြောင့် လယ်ယာမြေမှတ်ပုံတင် မပေးဘဲ ချန်လှပ်ခဲ့ကြောင်း၊ လယ်ယာမြေမှတ်ပုံတင်ခွင့်မရှိသည့်အတွက် စိုက်ပျိုးစရိတ်ချေးငွေလည်း မရရှိနိုင်တော့သည့် အပြင် လယ်ယာမြေများကိုလည်း တစ်ချိန်မှာ လက်လွတ်ဆုံးရှုံးနိုင်ကြောင်း သိရသည့်အတွက် စိုးရိမ်ပူပန်မှုများ ဖြစ်နေ၏ ကြောင်း၊ ထို့အပြင် ရွာအတွင်းနေထိုင်သောလူများကိုလည်း လက်ရှိရွာမှ သစ်တောမြေဧရိယာအတွင်း နိုင်ငံတော်က ချပေးသည့် တချို့ကျေးရွာများကို ပြောင်းရွှေ့နေထိုင်ခွင့်ပြုမည်ဆိုသည့် ကတိခံဝန်ချက်လက်မှတ်များကိုလည်း ထိုးခိုင်း ကြောင်းနှင့် မိမိတို့က ကြိုးပြင်ကာကွယ်တောထဲကိုဝင်ရောက်ခြင်းမဟုတ်ဘဲ သစ်တောဦးစီးဌာနက ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာခဲ့သော မိမိတို့လယ်ယာမြေများ၊ ရွာများကိုလာပြီး ခြံစည်းရိုးကာခြင်းဖြစ်သည့်အတွက် များစွာမှ မကျေမနပ်ဖြစ်ပြီး စိတ်စိုးရိမ်ပူပန်မှုများဖြစ်နေကြကြောင်း၊ ထို့ကြောင့် ဂွမြို့နယ်ရှိ တောင်ညိုကြိုးပြင်ကာကွယ်တောအား သစ်တောဦးစီးဌာနမှ ပြန်လည်တိုင်းထွာသတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုကြောင်းမေးမြန်းပါသည်။
