(ဇ)-နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင်သိမ်းဆည်းခဲ့သည့်လိုင်စင်ဖြင့် ကိုင်ဆောင်ခဲ့သော သေနတ်များအား မူလပိုင်ရှင် သို့မဟုတ်အမွေဆက်ခံခွင့်ရှိသူအားပြန်လည်ပေး အပ်ရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၂.၁.၂၀၁၄)

ဦးသိန်းထွန်းဦး (အမရပူရ)မိမိသည် ၂၁-၁၀-၂၀၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လိုင်စင်ဖြင့် ကိုင်ဆောင်ခဲ့သော သေနတ်များ သိမ်းဆည်းခဲ့ခြင်းနှင့် ပတ်သက်သည့်မေးခွန်းကို မေးမြန်းခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန၏ ဖြေကြားမှုအပေါ် အဖြေကိုပိုမိုရှင်းလင်းစေရန်အတွက် တစ်ဆက်တစ်စပ်တည်း မေးခွန်း မေးမြန်းခဲ့ ပါကြောင်း။  

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးက လက်နက်သိမ်း ဆည်းမှုနှင့်ပတ်သက်ပြီး ဆောင်ရွက်ခဲ့သည်မှာ ၁၉၉၈ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ကဖြစ်သည့်အတွက် စာရွက်စာတမ်း အထောက်အထားများကို  ပြန်လည် ရှာဖွေပြီး ထပ်မံဖြေကြားမည်ဖြစ်ကြောင်းကို ပြောကြားခဲ့သောကြောင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့အစိုးရလက်ထက်တွင် အမရပူရ မြို့နယ် အတွင်းရှိ လိုင်စင်ဖြင့် ကိုင်ဆောင်ခဲ့သော သေနတ် ၂၀ လက်ခန့်နှင့် နိုင်ငံအဝှမ်းလိုင်စင်ဖြင့် ကိုင်ဆောင် ခဲ့သော သေနတ်များအား သိမ်းဆည်းခဲ့ရာတွင် ၁၉၇၇ ခုနှစ်၊ လက်နက်ကိုင်ဆောင်ရေးမူ အပိုဒ် ၂၉နှင့် နောက် ဆက်တွဲ (တ-၁) တို့နှင့်အညီ အပ်နှံသိမ်းဆည်းခဲ့ခြင်းရှိ/မရှိ၊ ဟုတ်/မဟုတ် သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်မြန်မာနိုင်ငံတစ်ဝှမ်းတွင် လိုင်စင် သို့မဟုတ် ပါမစ်ဖြင့် ကိုင်ဆောင်သော လက်နက်များ အပ်နှံ သိမ်းဆည်းခြင်းနှင့် စပ်လျဉ်းပြီး ၁၉၇၇ ခုနှစ် လက်နက်ကိုင်ဆောင်ရေး မူ အခန်း (၁၂)၊ အပိုဒ် ၂၉ တွင် ဒေသဆိုင်ရာလုံခြုံရေး အခြေအနေအရ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာနသည် သေနတ် ကိုင်ဆောင်ခွင့် ရရှိထားသူ မည်သူကိုမဆို ယင်းကိုင်ဆောင်လျက်ရှိသည့် လက်နက်နှင့်ခဲယမ်းမီးကျောက်များကို သက်ဆိုင် ရာ ပြည်သူ့ရဲတပ်ဖွဲ့သို့ အပ်နှံစေ၍ သိမ်းဆည်းနိုင်ပါသည်ဟု ဖော်ပြထား ရှိပြီး ဖြစ်ခြင်းကြောင့် နိုင်ငံတော်တစ်ဝှမ်း လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးကို ထိန်း သိမ်းနိုင်ရန်အလို့ငှာ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် ရက်စွဲပါစာအမှတ်ဖြင့် လိုင်စင်ဖြင့်ကိုင်ဆောင်တဲ့ လက်နက်ခဲယမ်းများကို သိမ်းဆည်းခဲ့ခြင်း ဖြစ်ပါကြောင်း၊

ထိုသို့သိမ်းဆည်းရာတွင်လည်း   မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး တစ်ဦး ဦးစီးကာ ကိုယ်စား လှယ် သုံးဦးဖြင့် လိုင်စင်/ပါမစ်လက်နက်ခဲယမ်း ကိုင်ဆောင်ထားသူများ၏ အမွေဆက်ခံခွင့် ရှိသူများထံမှာ အပ်နှံသိမ်း ဆည်းခဲ့ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ လာရောက်အပ်နှံသော လိုင်စင်/ပါမစ် လက်နက် ခဲယမ်းများကို လက်ခံ သိမ်းဆည်းသော တိုင်းဒေသကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့များက စနစ်တကျ စာရင်းဇယားဖြင့် လက်ခံသိမ်းဆည်းပြီး  ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) သို့ ၁၉၉၈ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် အပြီးအပိုင် လွှဲပြောင်း အပ်နှံခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊

၁၉၇၇ ခုနှစ်၊ လက်နက်ကိုင်ဆောင်ရေးမူနောက်ဆက်တွဲ(တ-၁)က လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ရရှိသူ သေဆုံး သွားခြင်းကြောင့်  ၎င်းကိုင်ဆောင်ခွင့်ရရှိသည့်လက်နက်ကို ကျန်ရစ်သူ ခင်ပွန်း/ဇနီးတို့က ဆက်လက် ကိုင်ဆောင် လိုသော ဆန္ဒမရှိသည့်အတွက် နိုင်ငံတော်သို့ အပြီးအပိုင်အပ်နှံရာတွင် အမွေဆက်ခံသူများ၏ သဘောတူညီချက် များ ပါရှိရမည်ဖြစ်ကြောင်းကိုလည်း မူအရသတ်မှတ်ထားပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် အပ်နှံသည့်အခါတွင် အမွေ ဆက်ခံသူများ၏ သဘောတူညီချက်နှင့်အတူ လက်နက်ကိုင်ဆောင်ခွင့် လိုင်စင်/ ပါမစ် စိစစ်ရေးအဖွဲ့က စနစ်တကျ လက်ခံသိမ်းဆည်းရခြင်း ဖြစ်ပါကြောင်း၊

ထို့ကြောင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် နိုင်ငံတော် တစ်ဝှမ်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းနိုင်ရန် လိုင်စင်(သို့မဟုတ်) ပါမစ်ဖြင့် ကိုင်ဆောင်သော လက်နက် များကို သိမ်းဆည်းရာတွင် ၁၉၇၇ ခုနှစ် လက်နက်ကိုင်ဆောင်ရေးမူအပိုဒ် ၂၉ အရ သိမ်းဆည်းခြင်းသာဖြစ် ပြီး နောက်ဆက်တွဲ(တ-၁) အရ သိမ်းဆည်းခြင်းမဟုတ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။