ကျွဲ၊ နွား၊ ဆိတ်တို့အား တရားမဝင် ပြည်ပသို့ တင်ပို့ရောင်းချခြင်းကို တားမြစ်ရန်ဟူသော မေးခွန်းကို ၂၁-၁၀-၂၀၁၃ နေ့တွင် ကျင်း ပသော ပြည်သူ့ လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တွင် မေးမြန်းခဲ့ ပါကြောင်း၊ ပြည်သူအများစုက စိတ်ဝင်တစားရှိနေကြပြီး ဝန်ကြီးဌာနတစ်ခုတည်းနှင့် သက်ဆိုင်သည့်ကိစ္စမျိုး မဟုတ်ဘဲ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးနှင့် ညှိနှိုင်းပြီး လွှတ်တော်မှတစ်ဆင့် ပြည်သူများကို ရှင်းလင်း တင်ပြရန်လိုအပ်သည်ဟု ယူဆပါသဖြင့် ဒုတိယအကြိမ် ထပ်မံမေးမြန်းခြင်းဖြစ် ပါကြောင်း၊ နယ်စပ်ဒေသ အသီးသီးတွင် တစ်ဖက်နိုင်ငံများသို့ နည်းမျိုးစုံဖြင့် ကျွဲ၊ နွားနှင့် ဆိတ်များကို တရားမဝင် ရောင်းဝယ်ဖောက်ကား နေကြပါကြောင်း၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနယ်စပ်များနှင့် ဆက်စပ်လျက်ရှိသော ပင်လယ်ရေကြောင်းလမ်း၊ တောင်ကျော်လမ်း၊ တောင်ကြားလမ်း၊ ကားလမ်းများမှ သယ်ယူ၍ မှောင်ခိုလုပ်ငန်း လုပ်ကိုင်နေသောကြောင့် မြန်မာနိုင်ငံအတွင်း ကျွဲ၊ နွားနှင့် ဆိတ်ဈေးနှုန်းများ တိုးတက်နေသည်ကို သိရှိရပါ ကြောင်း။
မြန်မာနိုင်ငံသည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကြိုးစားပြောင်းလဲနေရာ ရာခိုင်နှုန်းအနည်းငယ်သာ စက်မှုနိုင်ငံ သို့ ပြောင်းလဲနိုင်သေးပါကြောင်း၊ တောင်သူလယ်သမားများသည် သာမန်နုပျိုသောကျွဲ၊ နွားများကို သာ လယ်ယာလုပ်ငန်းခွင်တွင်အသုံးပြုဆဲဖြစ်ပါကြောင်း၊ သို့သော် ယခုအချိန်တွင် ကျွဲ၊ နွားဈေးနှုန်းမှာ အလွန်မြင့် တက်နေသဖြင့် လယ်ယာလုပ်ငန်းခွင်တွင် ဆင်းရဲသောတောင်သူလယ်သမားများ ကျွဲ၊ နွားများဝယ်ယူ အသုံး မပြုနိုင်သောကြောင့် ဆန်၊ ကောက်ပဲသီးနှံ စသည့် အစားအစာများ လျော့နည်းလာနိုင်ပါကြောင်း။
ကျွဲ၊ နွား၊ ဆိတ်များ တစ်ဖက်နိုင်ငံသို့ မှောင်ခိုတင်သွင်းမှုကြောင့် ပြည်တွင်းအသားဈေးနှုန်းများ အလွန်မြင့်မား ၍ ပြည်သူ များ အသားစားသုံးရန်ခက်ခဲလာခြင်း၊ လယ်ယာလုပ်ငန်းခွင်တွင် ထွန်ယက်စိုက်ပျိုးရန် ကျွဲ၊ နွားများ ရှားပါးလာ၍ လယ်ယာစိုက်ပျိုးရေးထိခိုက်လာနိုင်ပြီး စားနပ်ရိက္ခာ ရှားပါးလာနိုင်ခြင်းနှင့် ပြည်ပပို့ကုန် ဆန်၊ ပဲမျိုး စုံ၊ နှမ်း များ အထွက်နည်းလာသဖြင့် နိုင်ငံခြားဝင်ငွေကျဆင်းနိုင်ခြင်း၊ တိရစ္ဆာန်များမှောင်ခိုမှုကြောင့် အကောက်ခွန် များ မရ၍ နိုင်ငံတော်ရသင့်သော အခွန်ဝင်ငွေများဆုံးရှုံးခြင်း စသည့် ဆိုးကျိုးများမှ လွတ်ကင်းရန် တဖက်နိုင်ငံများသို့ ကျွဲ၊ နွား၊ ဆိတ်များ တရားမဝင် တင်ပို့ရောင်းချခြင်းကို တားမြစ်ပေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ မည်ကဲ့သို့ ဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုကြောင်းနှင့် တရားမဝင်တင်ပို့ခြင်းမရှိစေရန် မည်ကဲ့သို့ စီမံဆောင်ရွက်နေကြောင်း၊ ယနေ့အချိန်ကာလအထိ တရားမဝင်တင်ပို့ခြင်းကို မည်မျှဖမ်းဆီးနိုင်ခဲ့ပြီး မည်ကဲ့သို့ အရေးယူမှု ပြုလုပ်နိုင်ခဲ့ကြောင်း၊ တရားဝင်တင်ပို့မည်ဆိုပါက နိုင်ငံခြားဝင်ငွေရရှိရေးအတွက် တရားဝင်တင်ပို့ခြင်း လုပ်ငန်းကို အမှန်တကယ် လွယ်ကူချောမွေ့နိုင်စေရန် မည်ကဲ့သို့စီမံ ဆောင်ရွက် ထားကြောင်းနှင့် တရားမဝင် တင်ပို့ရောင်းချခြင်းများ လျော့နည်းပြီး တရားဝင် တင်ပို့ရောင်းချနိုင်ရေး အတွက် မည်ကဲ့သို့ဆောင် ရွက်နေကြောင်းကို မေးမြန်းပါသည်။
မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်၍ ခိုင်းနွား၊ ခိုင်းကျွဲများ မရှိမဖြစ်လိုအပ်ခြင်းနှင့် ပြည်တွင်းအသားဈေးနှုန်းကြီးမြင့်မှုမရှိစေရေးအတွက်ကို စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၁၉၉၉ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်စွဲပါ စာအမှတ်၁၀/၉၉ဖြင့်လည်းကောင်း၊ ၂၀၀၈ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့မှာ ကျင်းပပြု လုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အစည်းအဝေးအမှတ်စဉ် ၃၀/၀၈ ဆုံးဖြတ်ချက်အရ လည်းကောင်း ဆင်စွယ်၊ ကျွဲ၊ နွား၊ ဆင်၊ မြင်းနှင့် ရှားပါးတိရစ္ဆာန်များကို ခွင့်ပြုချက် မပြုဘဲ ပြည်ပသို့ တင်ပို့ခြင်းကိုကန့်သတ်ထားရှိရာ ယနေ့တိုင်ပဲဖြစ်ပါကြောင်း လယ်ယာစိုက်ပျိုးရေးအတွက် တိုင်းဒေသ ကြီးနဲ့ ပြည်နယ်များမှာ မြို့နယ်တစ်ခုမှ အခြားမြို့နယ်တစ်ခုသို့ ကျွဲ၊ နွားနှင့် ဆိတ်များကို သယ်ယူပို့ ဆောင်ခြင်းများ ကို တောင်ယာ/လယ်ယာလုပ်ငန်းခွင်များမှာ အသုံးပြုကြောင်း သက်ဆိုင်ရာ မြန်မာ နိုင် ငံရဲ တပ်ဖွဲ့၊ မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနနဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်များနှင့်အတူ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီများက ခွင့်ပြုချက်ထုတ်ပေးပြီး သယ်ယူပို့ဆောင်ခြင်းကို ခွင့်ပြုပေးလျက်ရှိပါကြောင်း၊
တိုင်းဒေကြီးနှင့်ပြည်နယ်များအတွင်း စည်ပင်သာယာရေးအဖွဲ့ များဥပဒေပုဒ်မ ၉ ၊ ပုဒ်မခွဲ(ဇ) အရ မြို့နယ်များမှ ကတိရစ္ဆာန်ပွဲဈေးများ တည်ထောင်ခွင့်ပြုခြင်း၊ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာတွင် မြို့နယ်များရှိ စည်ပင် သာယာရေးအဖွဲ့ပိုင် ကျွဲ၊ နွားပွဲဈေးများတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ နယ်မြေ ရဲစခန်း၊ ရဲကင်းများ၏ ပိုင်ဆိုင်မှုမှန်ကန်ကြောင်း ထောက်ခံချက်ပါရှိတင်ပြမှသာ လာရောက်ရောင်း ချခွင့်ပြုပြီး အထောက်အထား ခိုင်လုံမှုမရှိပါက တာဝန်ကျရဲတပ်ဖွဲ့ထံ သတင်းပေးပို့ စိစစ်ဖော်ထုတ် အရေးယူလျက်ရှိပါကြောင်၊ ကျွဲ၊ နွားပွဲဈေးများမှာ အရောင်းအဝယ် ဖြစ် သွားသော ကျွဲ၊ နွား၊ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း၌သာ သယ်ဆောင်ခွင့်ပြုခြင်း၊ မြို့နယ်/ ခရိုင်ကျော် သယ်ဆောင်မှုများကို သက်ဆိုင်ရာ အစိုးရအဖွဲ့တို့မှ စနစ်တကျစိစစ်ခွင့်ပြုလျက်ရှိပါကြောင်း၊ စားသုံးမှု၊ ဖူလုံမှုရှိပါက နိုင်ငံခြားဝင်ငွေရရှိရေးအတွက် ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင်သော်လည်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန် ကြီးဌာနမှ ကျွဲ၊ နွား အရှင်များကို ပြည်ပသို့တင်ပို့ခွင့်မပြုခြင်း၊ သိုး၊ ဆိတ်အရှင်များကို နယ်စပ်မှတင်ပို့ခွင့်မပြုဘဲ ပင်လယ်ရေ ကြောင်းစနစ်ဖြင့်သာ တင်ပို့ခွင့်ပြုခြင်း၊ ဝက်အရှင်ကို အိန္ဒိယသို့ နယ်စပ်မှတစ်ဆင့် တင်ပို့ခွင့်ပြုခြင်းတို့ကိုဆောင်ရွက် လျက်ရှိပါကြောင်း၊ တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက် ပစ္စည်းများ ကို ပြည်ပသို့တင်ပို့ ရောင်းချလိုသူများက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ တင်ပို့ခွင့်လျှောက်ထားရမည်ဖြစ်ကာ ယင်းဝန်ကြီးဌာနက ခွင့်ပြုသော ကျွဲ၊ နွား၊ သိုး၊ ဆိတ်များကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာကြောင်းထောက်ခံချက်နှင့် တစ်ဖက်နိုင်ငံကုမ္ပဏီ၏ အရောင်းအဝယ်ပြုလုပ် ချုပ်ဆိုသော စာချုပ်မိတ္တူတို့ကိုတင်ပြရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်သမ္မတရုံးမှ အေးခဲအမဲသားများ တစ်ဖက်နိုင်ငံသို့ တရားမဝင်တင်ပို့မှုသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးမှုနှင့် စားသုံးမှုဖူလုံရေးကို ထိ ခိုက်စေနိုြင်ခင်းကြောင့် နိုင်ငံအတွင်း ကျွဲ၊ နွားများ ဖူလုံစွာမွေးမြူနိုင်ပြီးမှသာ တရားဝင် တင်ပို့မှုကို စိစစ်ခွင့်ပြုရန်နှင့် ထိရောက်စွာ တားမြစ်ဆောင်ရွက်ရန် လမ်းညွှန်ထားရှိပြီးဖြစ်ပါကြောင်း၊
ထို့ကြောင့် အေးခဲအမဲသားအပါအဝင် တရားမဝင် ကုန်ပစ္စည်းများ၊ ကျွဲ၊ နွား မှောင်ခို သယ်ဆောင်မှုများ မရှိစေရေးအတွက်ကို သက်ဆိုင်ရာ အစိုးရအဖွဲ့များ၏ အစီအစဉ်များဖြင့် တာဝန်ရှိ အဖွဲ့အစည်းများပါဝင်သော Mobile Team များ ဖွဲ့စည်းပြီး တရားမဝင်ကုန်ပစ္စည်းများ စစ်ဆေးတားဆီး ထိန်းချုပ်ခြင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ Mobile Team များထုတ်နုတ်အင်အားဖြင့် စခန်းပတ်ဝန်းကျင် လက်လှမ်းမီသောနေရာများမှ တရားမဝင်ကုန်သွယ်မှုများကို တားဆီးဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
ယခုအခြေအနေတွင် စီးပွားဖြစ် မွေးမြူ/ထုတ်လုပ်/တင်ပို့လိုသော အချို့လုပ်ငန်းရှင်များက အေးခဲအမဲ သားဈေး ကွက်ပြန်လည်ရရှိရေးနှင့် တရားဝင်တင်ပို့ခွင့်ပြုနိုင်ရေးအတွက်ကို တင်ပြလာမှုများအရ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ မိမိနိုင်ငံအတွက် အေးခဲအမဲသားများကို Transit Trade စနစ်ဖြင့် တင်ပို့မည့် အေးခဲ အမဲသားများကို တရုတ်ဈေးကွက်သို့ တင်ပို့ခွင့် ရရှိရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကုန်ပစ္စည်း အရည်အသွေး ကြီးကြပ်ရေး၊ စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်မှု အုပ်ချုပ်မှုဌာန အာဏာပိုင်အဖွဲ့တို့၏ ဒုတိယညွှန်ကြားရေး မှူးချုပ် တို့ တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ပြီး ဖြစ်ပါကြောင်း၊။ ဒီလိုဆွေးနွေးညှိနှိုင်းချက်အရ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့ကြီးမှ အသိအမှတ်ပြုလက်မှတ်ရရှိပါက တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ပိတ်ပင်ထားမှုကို ပယ်ဖျက်ပေးရန် တရုတ်နိုင်ငံဖက်သို့ လျှောက်ထားရမည်ဖြစ်ပါကြောင်းနှင့် တရုတ်နိုင်ငံသည်လည်း လက်ခံစဉ်းစားပေးသွားမည်ဖြစ်ပါကြောင်း၊ တတိယနိုင်ငံတစ်ခုမှ အသားထွက် ကုန်ပစ္စည်း များကို မြန်မာနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ Transit Trade စနစ်ဖြင့် တင်သွင်းသည့် ကိစ္စရပ်များမှ လည်း အထက်တွင ်ဖော်ပြထား ခဲ့သည့် လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
ပြည်တွင်းကမွေးမြူ၊ ထုတ်လုပ်၊ ပိုလျှံအခြေအနေကို သက်ဆိုင်ရာဝန်ကြီးဌာန၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများက စိစစ်ချက်၊ သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီက အသားထုတ်လုပ်မှု လိုင်စင် စိစစ်ထောက်ခံမှုပေါ်မူတည်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် မွေးမြူထုတ်လုပ်တင်ပို့လိုသော လုပ်ငန်းရှင် များကို အေးခဲအမဲသား အပါအဝင် တိရစ္ဆာန်ထွက်ပစ္စည်းများ တရုတ်ဈေးကွက်သို့ တရားဝင်တင်ပို့နိုင်ရေးအတွက် ဆက်လက် တင်ပြ ဆောင်ရွက်ပေး သွားမှာဖြစ်ပါ ကြောင်း၊
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနှင့် ကျွဲ၊ နွား၊ ဆိတ်တို့ကို သယ်ယူတင်ပို့ခွင့်နှင့်ပတ်သက် ၍ ပြည်တွင်းလိုအပ်ချက်အရ ကျွဲ၊ နွားအရှင် တင်ပို့ခွင့်ကိုကန့်သတ်ထားဆဲဖြစ်ပါကြောင်းနှင့် အေးခဲအမဲသားနှင့် အခြားတိရစ္ဆာန် ထွက်ပစ္စည်းများ တရုတ်နိုင်ငံဈေးကွက်ကို တင်ပို့လိုသော လုပ်ငန်းရှင်များ အတွက် ပြည်တွင်း ထုတ်လုပ်မှု၊ ပိုလျှံမှု မှန်ကန်ကြောင်းစိစစ်ထောက်ခံချက်ပါရှိပါက တရားဝင်တင်ပို့နိုင်ရေးအတွက်ရန် အထက်ပါ အတိုင်း ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်နေပါကြောင်းနှင့် ကန့်သတ်ထား ကျွဲ၊ နွား၊ ဆင်၊ မြင်းနှင့် ရှားပါးတိရစ္ဆာန်များမှအပ ဆိတ်အရှင်၊ အခြားတိရစ္ဆာန် ထွက်ပစ္စည်းများကို ထိုင်း၊ မလေးရှားစသော အခြားနိုင်ငံဈေးကွက် များသို့ တင်ပို့လိုသော လုပ်ငန်းရှင်များအနေဖြင့် လည်း မွေးမြူရေး၊ ရေ လုပ် ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ထောက်ခံချက်ဖြင့် တင်ပို့ခွင့် လိုင်စင်များခွင့်ပြုပေးလျက်ရှိပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားအပ်ပါတယ်။
