(စ)-ကျွဲနွားများအား လက်မှုလယ်ယာ ဘဝပိုင် ဆိုင်သောလယ်သမားအကျိုးပြု“နွားဈေး” ရှိရာသို့ သယ်ဆောင်ရောင်းဝယ်မှုအား ခွင့်ပြုပေးရန် အစီ အစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၂.၁.၂၀၁၄)

ဦးစိုးသိမ်း (ကလေးဝ) မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးမှ စက်မှုနိုင်ငံသို့ကူးပြောင်းနေသည်ဆိုသော် လည်း တချို့ကျေးလက်တောရွာများတွင် ကျွဲနွားကိုသာ အားကိုးပြီး လုပ်ကိုင်နေရသော လယ်ယာမြေမာက်များစွာရှိပြီး မြန်မာနိုင်ငံအလယ်ပိုင်းတွင်လည်း နွားပွဲ ဟုခေါ်သော နွားများအရောင်းအဝယ်လုပ်သည့် အရပ်ဒေသများရှိပါကြောင်း၊  မိမိတို့ စစ်ကိုင်းတိုင်းဒေသကြီး၊ အထက်ချင်းတွင်းတွင်  ကလေးမြို့တစ်မြို့တည်းသာ နွား ပွဲဈေးရှိသည့်အတွက် အဆိုပါဈေးသို့ ဒေသခံများ၊ တောင်သူလယ်သမားများနှင့် နီးစပ် ရာမြို့နယ်များက လာရောက်ရောင်းချသယ်ယူပို့ဆောင်ပြီး ရောင်းချခြင်းများရှိ ပါကြောင်း၊  ယခုအခါ ပြည်တွင်းတွင် အဓိကကျသော လယ်ယာလုပ်ငန်း၏ ကုန်ထုတ် ကိရိယာဖြစ်သော ကျွဲ၊၊ နွားများ သယ်ယူရောင်းချခြင်းကို ဥပဒေနှင့် ညီညွှတ်ခြင်းမ ရှိဟုဆိုကာ  ကျွဲ၊၊ နွားများ သိမ်းခြင်း၊ လူများထောင်ဒဏ်ကျခံခြင်းများရှိသည့်အတွက်  နိုင်ငံသားများ၏ အကျိုးစီးပွားကိုထိခိုက်နေပါကြောင်း၊ နိုင်ငံခြားသို့ ခိုးထုတ်ခြင်းဖြစ် ပါက ငြင်းပယ်စရာမရှိသော် လည်း တောင်သူလယ်သမားများသည် မိမိနွားများ အိုမင်းရင့်ရော်လာသည့်အတွက်သည့်အတွက်  နွားအစား လဲခြင်း၊ အသစ်ဝယ်ခြင်းများကို ပြုလုပ်ရန် ကျွဲ၊၊ နွား များ သယ်ဆောင်ခြင်းကို  အရေးတကြီးကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုပုဒ်မ ၅ ဟုခေါ်သော တရားဥပဒေနှင့် ငြိစွန်းသည်ဟုဆိုကာ  ဖမ်းဆီးသည့်အမှုများ ကြုံတွေ့နေ ကြရပါကြောင်း၊ လယ်ယာမြေအနေအထားအရ ထွန်စက် မသုံးစွဲနိုင်သော နေရာများတွင် ယင်းကျွဲ၊၊ နွားများသည် အဓိကကျပါကြောင်းနှင့် အချို့နေရာများတွင် နွားမရှိခြင်းအခက်အခဲများကြောင့် ကျွဲ၊၊ နွား ငှားရသည့်အခါ မိုးတစ်မိုးကို စပါးတင်း ၄၀၊  ဆောင်းတစ်ရာသီလျှင် ဆီတစ်ပုံးစသည်ဖြင့် ပေးကြရပါကြောင်း၊ ထိုကဲ့သို့ လယ်သမား များအတွက် နစ်နာစေသော လယ်ယာကိရိယာ၊ ကုန်ထုတ်ကိရိယာများကို ဟန့်တားခြင်း၊ တားဆီးခြင်းနှင့်  ကိစ္စရပ်များ ပေါ်ပေါက်ခြင်း မရှိစေရန် အစီအမံများ လိုအပ်လာပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ခေတ်အဆက်ဆက်က ရှိခဲ့သော  လယ်သမားအကျိုးပြု နွားဈေးရှိသောဒေသသို့ သယ်ဆောင်မှုအား ခွင့်ပြုပေးနိုင်ရန်အစီအစဉ် ရှိ/မရှိနှင့် မရှိပါက ကျောက်မျက်ရတနာ သယံဇာတများ သယ်ဆောင်ခွင့်မပြုဟု သတ်မှတ်ထားသော မြို့နယ်များကဲ့သို့ သတ်မှတ်၍ ဖမ်းဆီး၊ တားဆီးမှု အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် စိုက်ပျိုးရေးကို အဓိကအားထားသောနိုင် ငံဖြစ်သောကြောင့် လယ်ယာစိုက်ပျိုးရေးကို လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာ စနစ်သို့ အသွင်ကူးပြောင်းနေသော်လည်း ယခုအချိန်သည် ကျွဲ၊ နွားများကို အဓိက ထားပြီး အသုံးပြုဆောင်ရွက်နေရဆဲဖြစ်သည့်အတွက် ကျွဲ၊ နွားများကို တစ်ဖက်နိုင်ငံသို့ တရားမဝင် တင်ပို့ရောင်းချမှုမရှိစေရေး  အတွက်ကို အထူးကြပ်မတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊  ကျွဲ၊ နွားများဝယ်ယူရန်၊ ရောင်းချရန်အတွက် မြို့နယ်များတွင် နွားပွဲဈေး များ ဖွင်‌့လှစ်ဆောင်ရွက်ခဲ့ရာ မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စု တစ်ခုမှ တစ်ခုသို့ သယ်ဆောင်ပို့ဆောင်ရေး အတွက် တောင်သူအမည်၊ မှတ်ပုံတင်၊ နိုင်ငံသားအမှတ်၊ ရပ်ကွက်ကျေးရွာအုပ်စု၊ စိုက်ပျိုးမြေကိုဖော်ပြပြီး လယ်ယာလုပ်ငန်းခွင်တွင် အမှန်တ ကယ်အသုံးပြုရန်ဖြစ်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၏ ထောက်ခံချက်၊ မိမိဝယ်ယူသည့်ဒေသရှိ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ကျွဲ၊ နွား ဝယ် ယူကြောင်း ထောက်ခံချက် သို့မဟုတ် နွားပွဲဈေးမှ ဝယ်ယူခြင်းဖြစ်ပါက ဝယ်ယူသည့်အထောက်အထား သက်ဆိုင် ရာမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ကျွဲ၊ နွားများ သယ်ယူခွင့်အမိန့်စသည့် အထောက်အထားများ ပြည့်စုံပါက လွတ်လပ်စွာ သယ်ယူခွင့်ပြုထားပြီးဖြစ်ပါကြောင်းနှင့် ခရိုင်တစ်ခုအတွင်း မြို့နယ်တစ်ခုမှ အခြားတစ်ခု သို့ ရွှေ့ပြောင်းသယ်ဆောင်ရာတွင် အထက်ပါအချက်များအပြင် သက်ဆိုင်ရာမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ထုတ်ပေးသော ခိုင်းကျွဲ၊ နွားများ၏ ကျန်းမာကြောင်းထောက်ခံချက်၊ လယ်ယာ လုပ်ငန်းခွင်တွင် အသုံးပြုရန်အတွက် သယ်ဆောင်လိုခြင်းဖြစ်ကြောင်း သက်ဆိုင်ရာခရိုင်/မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၏ ထောက် ခံချက်များပါရှိရန်နှင့် ခရိုင်အတွင်း မြို့နယ်ဖြတ်ကျော်သယ်ဆောင်ခြင်း၊ မြို့နယ်အတွင်း သယ်ဆောင်ခြင်းတို့တွင် သတ်မှတ်ချက်နှင့် ညီညွတ်မှုရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြေစာရင်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများပါဝင်တဲ့ စစ်ဆေးရေးအဖွဲ့များနှင့် စစ်ဆေးကြပ် မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျွဲ၊ နွားပွဲဈေးများတွင် အရောင်းအဝယ် ဖြစ်သွားသော ကျွဲ၊ နွား များနှင့် ပတ်သက်၍ အရောင်းအဝယ်လက်မှတ်များကို ဈေးတာဝန်ခံက စနစ်တကျမှတ်တမ်းတင် လက်မှတ်ရေး ထိုးပေးခြင်း၊ အဆိုပါ ကျွဲ၊ နွားများကို သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းသာ သယ်ဆောင်ခွင့်ပြုခြင်း၊ မြို့နယ်/ခရိုင်ကျော်သယ်ဆောင်မှုများကို သက်ဆိုင်ရာမြို့နယ်နှင့် ခရိုင်အုပ်ချုပ်ရေးဦးစီး ဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ စနစ်တကျစိစစ်ပြီး ခွင့်ပြု ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊  တိုင်းဒေသကြီး/ပြည်နယ်မှ အခြားဒေသကို အထူးကိစ္စရပ်အလို့ငှာ သယ်ဆောင်ရာတွင် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့သို့ သယ်ယူမည့် နွားအကောင်ရေ၊ ဝယ်ယူခဲ့သော နေရာအထောက်အထား၊ သယ်ယူလိုသော တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်နှင့်ကျေးရွာ၊ သယ်ယူမည့်ယာဉ်အမှတ်၊ သယ်ယူလိုသောကာလ၊ သယ်ဆောင် မည့်ဒေသရှိ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့၏ ထောက်ခံညှိနှိုင်းချက်နှင့် သယ်ယူခွင့်ပြု မိန့် လျှောက်ထားပြီး ခွင့်ပြုမိန့်ရရှိမှသာ ခွင့်ပြုကာလအတွင်း သယ်ဆောင်ရမည်ဖစ်ပါကြောင်း၊ တိုင်းဒေသကြီး /ပြည်နယ်အတွင်းမှာရှိ ငြိမ်းချမ်းရေး အဖွဲ့အစည်းများက ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် ကျွဲ၊ နွားများကို တိုင်းဒေသကြီး/ပြည်နယ် ဖြတ်ကျော်ဝယ်ယူခွင့် ဝယ်ယူ သယ်ဆောင်မည်ဆိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၏ ထောက်ခံစာပါရှိရန်နှင့် အဆိုပါ ထောက်ခံစာအပေါ် တစ်ကြိမ်တည်း ခွင့်ပြုသည်ဟု မှတ်ချက်ပါရှိရမည်ဖြစ်ပြီး ထပ်မံလိုအပ်ပါက နောက် တစ်ကြိမ် ခွင့်ပြုချက်တောင်းခံ၍ ထောက်ခံချက်ထုတ်ပေးရန်ဖြစ်ပါကြောင်း၊  သက်ဆိုင်ရာ ငြိမ်းချမ်းရေးအဖွဲ့အ စည်းက ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အမှန်တကယ် ဆောင်ရွက်ခြင်းရှိ/မရှိကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့က ကွင်းဆင်းစစ်ဆေး ရမှာပဲဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ အစိုးရအဖွဲ့များက ကျွဲ၊ နွားဝယ်ယူသယ်ဆောင် ခွင့်လျှောက်ထားလာမှုကို အဆိုပါ ထောက်ခံချက်နှင့်အတူ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ လိပ်မူ တင်ပြပြီး ဝယ်ယူလိုသောဒေသရှိ သက်ဆိုင်ရာအစိုးရအဖွဲ့သို့ မိတ္တူပေးတင်ပြဆောင် ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကျွဲ၊ နွားပွဲဈေး တည်ရှိရာနေရာသို့ ကျွဲ၊ နွားများ သယ်ယူပို့ဆောင်ရာတွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက်သတ်မှတ်ထားသော  စည်းမျဉ်းစည်းကမ်းများနှင့်အညီ သယ်ဆောင်ရန်နှင့် ခွင့်ပြုချက်မပါရှိဘဲ သယ်ဆောင်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်ခံရမည်ဖြစ်ပါကြောင်း ၊ တောင်သူတစ်ဦးက ခိုင်းကျွဲ၊ နွားနှစ် ကောင်နှင့်အထက် ပိုမိုသယ်ဆောင်ခြင်း၊ ကြိမ်ဖန်များစွာ သယ်ဆောင်ခြင်း၊ လယ်ယာလုပ်ငန်းခွင်မှာ အသုံးပြုရန်မှအပ အခြားကိစ္စရပ်များအတွက် သယ်ဆောင်ခြင်းစသည်များကို လုံးဝခွင့် မပြုကြောင်းနှင့် ဖော်ပြပါစည်းကမ်းသတ်မှတ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ၂၀၁၂ ခုနှစ် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အနည်းဆုံး ထောင်ဒဏ် ခြောက်လမှ အများဆုံး ထောင်ဒဏ် သုံးနှစ်အထိ ကျခံစေရမည့်အပြင် ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်ကိုလည်းပေး ဆောင်စေရန်ချမှတ်ခြင်း၊ အဆိုပါ ဥပဒေပုဒ်မ ၆ အရ ပြစ်မှုနှင့်သက်ဆိုင်သော သက်သေခံပစ္စည်း ကျွဲ၊ နွားများကိုလည်း နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမှာဖြစ်ပါကြောင်း။

ထို့ကြောင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကျွဲ၊ နွားပွဲဈေးတည်ရှိရာဒေသသို့ ကျွဲ၊ နွားများ ရောင်းချရန်အတွက် သယ်ဆောင်ရခြင်း၊ ကျွဲ၊ နွားများကို မိမိဒေသသို့ သယ်ဆောင်ရာခြင်းများတွင် သတ်မှတ်အထောက်အထားများနှင့် အညီ ပြည့်စုံမှု ရှိပါက လွတ်လပ်စွာ သယ်ဆောင်ခွင့်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။

ဦးစိုးသိမ်း(ကလေးဝ) မှ ထပ်ဆင့်မေးခွန်းမေးမြန်းပါသည်။

ယခု ဖြေကြားသွားသော ဒု-ဝန်ကြီး၏အဖြေသည် အင်မတန်ပြည့်စုံပါသော်လည်း တောင်သူလယ်သမားအနေဖြင့် ယခုကဲ့သို့ ပေါက်ပေါက်ရောက်ရောက် မသွားတတ်ကြပါကြောင်း၊ ထို့ကြောင့် ခရိုင်၊ တိုင်းအဆင့်များကို မည်ကဲ့သို့ ညှိနှိုင်းဆောင်ရွက်ပေးမည်ကိုသိရှိလိုကြောင်းနှင့်  လယ်သမားများအနေနှင့် ယခုကဲ့သို့ သွားလာတတ်သောအဆင့် မရခြင်းကြောင့် ပြန်လည်စဉ်းစားပေးရန် ထပ်ဆင့်မေးမြန်း တင်ပြပါသည်။

ဦးစိုးသိမ်း(ကလေးဝ)၏ ထပ်ဆင့်မေးခွန်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက သုံသပ်ရာတွင်

ယခု ဦးစိုးသိမ်း(ကလေးဝ)တင်ပြသည်ကိစ္စသည့် တကယ်ရိုးသားသော တောင်သူလယ်သမားတွေအတွက် များစွာ ထိခိုက်နိုင်ကြောင်းကို အခြားသတင်းများနှင့် လက်တွေ့အတွေ့အကြုံအရ သိရှိနေရပါကြောင်း၊ ထို့ကြောင့် ထုတ်ပြန်ထားသော  အရေးကြီးကုန်ပစ္စည်းကန့်သတ်သော ဥပဒေများပေါ် မူတည်ပြီး နည်းဥပဒေနှင့် အခြားလုပ်ထုံး လုပ်နည်းများကို ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ၊ ပြည်သူ့ စီမံခန့်ခွဲရေး ကော်မတီ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကျန်ဆက်စပ်ဌာနများ စိုက်ပျိုးရေးနှင့်မွေးမြူရေးေ ကာ်မတီ်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး ပူးပေါင်းကော်မတီစသည့်ဖြင့်ပူပေါင်းပြီး လေ့လာသုံးသပ်ကာ ဥပဒေဖြစ်စေ၊ လုပ်ထုံးလုပ်နည်းကိုဖြစ်စေ၊ နည်းဥပဒေကဖြစ်စေ ပြန်လည်သုံးသပ်ဆောင်ရွက်သင့်ပါကြောင်း၊ ထို့ကြောင့် သုံးသပ်မှုနှင့်အတူ အထက်ဖော်ပြပါအဖွ့ဲအစည်းများအပြင် အဆိုပါကိစ္စကို စိတ်ဝင်စားသော လွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးများ ညှိနှိုင်းဆောင်ရွက်မည်ဆိုပါက ထိုက်သင့်သော အဆင်ပြေမှုဖြစ်သွားနိုင်ပါကြောင်း၊  ထို့ကြောင့် ယခုတင်ပြချက်ကို သက်ဆိုင်ရာကော်မရှင်နှင့် ကော်မတီများ၊ ပုဂ္ဂိုလ်များက ဝိုင်းဝန်းဆွေးနွေးပြီး ရိုးသားသော တောင်သူလယ်သမားများကို အကာအကွယ်ပေးနိုင် ရန် ဆောင်ရွက်ရန်ကို လွှတ်တော်ကတစ်ဆင့် သက်ဆိုင်ရာကော်မရှင်၊ ကော်မတီများကိုတင်ပြပါကြောင်း သုံးသပ်ပြောကြားသွားပါသည်။