(ဂ)-စက်မှုဝန်ကြီးဌာန လက်အောက်ရှိ လျှပ်စစ် စစ်ဆေးရေးဌာန(EI)နှင့်ပတ်သက်၍သိလိုသည်နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၂.၁.၂၀၁၄)

ဦးအေးမောက် (မလှိုင်)၁၉၀၈ ခုနှစ်တွင် မြန်မာနိုင်ငံရှိ မိုးကုတ်၊ မိုင်းရာ၊ ရူဘီ၊ မိုင်းရာ တို့တွင် လျှပ်စစ်ကို စတင်အသုံးပြုခဲ့ပြီး ၁၉၁၀ ခုနှစ်တွင် လျှပ်စစ်ဥပဒေကိုပြဋ္ဌာန်း ကျင့်သုံးခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် စက်မှုဝန်ကြီးဌာနမှ ကြီးကြပ်လမ်းညွှန်မှုဖြင့် ယင်းလျှပ်စစ်ဥပဒေကို ဆောင် ရွက်ရာတွင် ၁၉၈၄ ခုနှစ်တွင် လျှပ်စစ်ဥပဒေပေါ်ပေါက်ပြီး ၁၉၈၅ ခုနှစ်တွင် ယင်းလျှပ် စစ်ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းကို ထုတ်ပြန်ဆောင်ရွက်နိုင်ခဲ့ သည်ကို လေ့လာတွေ့ ရှိခဲ့ရပါကြောင်း။

ဥပဒေ၊ နည်းဥပဒေများ အကောင်အထည်ဖော်နိုင်ရေးအတွက် ယခင်က အမှတ်(၁) စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေး ဦးစီးဌာနအောက်မှာရှိ လျှပ်စစ်စစ်ဆေးရေးဌာန Electrical Inspector ခေါ် EI ကိုဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ အဖွဲ့၏ အဓိကတာဝန်များဟာ ဥပဒေ၊ နည်းဥပဒေများအတိုင်း ဆောင်ရွက်ရန်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍ ဓာတ်အားထုတ်လုပ်သူ၊ ပို့လွှတ်သူ၊ ဖြန့်ဖြူးသူ Supplier နှင့် အသုံးပြုသူ Consumer တို့အကြား ကြားခံ အဖွဲ့ အစည်း Tap Party အနေဖြင့် ဓာတ်အားသုံးစွဲသူများ၏ အခွင့်အရေးကို လိုက်နာမှုမရှိစေရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် စစ်ဆေးခြင်းနဲ့ အကြံပြုခြင်းများကို တာဝန်ယူဆောင်ရွက်ကြောင်း၊ ကြားခံအဖွဲ့အစည်းဖြစ် သည့်အတွက် ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူနှင့် မသက်ဆိုင်သော ဝန်ကြီးဌာနများ၏ ကွပ်ကဲမှုအောက်တွင် ၁၉၁၀ ခုနှစ်မှ စတင်ပြီး ခေတ်အဆက်ဆက် တာဝန်ယူဆောင်ရွက်ခဲ့သည်ကိုလည်း လေ့လာသိရှိရပါကြောင်း၊ မိမိတို့အနေဖြင့် လည်း များမကြာမီ လျှပ်စစ်ဥပဒေ ရောက်ရှိလာတော့မည်ဖြစ်ရာ ဒီလျှပ်စစ် စစ်ဆေးတဲ့သူနဲ့ လျှပ်စစ်ထုတ်လုပ်သူတို့ အကြား ဥပဒေနဲ့ပတ်သက်၍ အငြင်းပွားချက်တစ်စုံတစ်ရာ ဖြစ်လာနိုင်သည့်အတွက် ကြိုတင်တင်ပြခြင်းဖြစ် ပါကြောင်း။

လျှပ်စစ်ဌာန စစ်ဆေးရေးဌာနအနေဖြင့် လုပ်ငန်းများကို ဥပဒေအရ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ပုဂ္ဂိုလ်ရေးလွှမ်းမိုးမှုအရ အချို့ကိစ္စများမှာ မစစ်ဆေးနိုင်ကြောင်း၊ အစစ်အဆေး မခံလိုကြကြောင်းကိုလဲသိရှိရ ပါကြောင်း၊ ယနေ့ တစ်နိုင်ငံလုံးတွင် လျှပ်စစ်အန္တရာယ်နှင့် ပတ်သက်၍ မီးလောင်ခြင်း၊ လျှပ်စစ်ဝါယာရှော့ဖြစ်ခြင်း စသည်တို့ကို လျှပ်စစ်စစ်ဆေးရေးဌာန က သေသေချာချာ စစ်ဆေးနိုင်မည်ဆိုပါက အထိုက်အလျောက် လျော့ပါး သွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အောက်ပါမေးခွန်း များကို မေးမြန်းလိုပါကြောင်း-

(က) သက်ဆိုင်ရာလျှပ်စစ် စစ်ဆေးရေးဌာနအနေဖြင့် ဥပဒေ၊ နည်းဥပဒေများပါအတိုင်း ထုတ်လုပ်သူ၊ ဖြန့်ဖြူး သူများကို စစ်ဆေးနိုင်ခဲ့ခြင်းရှိ/မရှိ။

(ခ) နှစ်စဉ်လျှပ်စစ်ဓာတ်အား မတော်တဆမှုများနှင့် ပတ်သက်၍ လျှပ်စစ်စစ်ဆေးရေးဌာနအနေဖြင့် မည်မျှဆောင် ရွက်နိုင်ခဲ့သည်၊ သက်ဆိုင်ရာ ထုတ်လုပ်သုံးစွဲသည့်ဌာနသို့ မည်မျှအကြံပြုနိုင်ခဲ့သည်၊ အဆိုပါ စစ်ဆေးအကြံပြု ချက်များအပေါ် သက်ဆိုင်ရာထုတ်လုပ်သူ၊ သုံးစွဲသူများမှ မည်မျှအထိ ထုတ်ပြန်သုံးစွဲ ဆောင်ရွက် နိုင်ခဲ့သည်တို့ကို သိလို ပါကြောင်းနှင့် ထုတ်လုပ်သူများမှ ဥပဒေအရ စစ်ဆေးခံရမည့် ကိစ္စများအား အပြည့်အဝစစ်ဆေးခံယူမှု ရှိ/မရှိ၊ စစ်ဆေးရန်လျှပ်စစ်စစ်ဆေးရေးဌာနသို့ အကြောင်းကြားခဲ့သူများရှိ/မရှိ သိလိုပါကြောင်း။

(ဂ) ယခုအခါ လျှပ်စစ်ဓာတ်အား သက်ဆိုင်ရာထုတ်လုပ်ဖြန့်ဖြူးသူများမှ ပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိရာ ဆက် လက်၍ ပိုမိုဖြန့်ဖြူးရန်လည်း ရှိနေသည့်အပေါ် သက်ဆိုင်ရာ လျှပ်စစ်စစ်ဆေးရေးဌာန အနေဖြင့် အပြည့်အဝ စစ်ဆေးနိုင်ရန် စီစဉ်ထားမှုရှိ/မရှိ။ ထိုသို့စစ်ဆေးနိုင်ရန်အတွက် လိုအပ်သော စစ်ဆေးရေးကိရိယာများ တိုးချဲ့ ဝယ်ယူတပ်ဆင်ရေးရှိ/မရှိ။ မရှိလျှင် မည်သည့်အတွက်ကြောင့်ဖြစ်ပါသနည်း။ လျှပ်စစ်စစ်ဆေးရေးဌာန အနေဖြင့် ဦးစီးဌာနအဆင့် တိုးချဲ့ဖွဲ့စည်းရန်ရှိ/မရှိ။ မရှိလျှင် မည်သည့်အတွက် ကြောင့်ဖြစ်သည်ကို သိလိုပါကြောင်းနှင့် တစ်ပြည်လုံးအတိုင်းအတာအတွက် တာဝန်ရှိသည့်ဌာန တစ်ခုအနေဖြင့် ခံယူထားမည်ဆိုပါက စက်ကိရိယာများ တိုးချဲ့တပ်ဆင်ရမည်ဖြစ်သည့်အတွက် ကျွမ်းကျင်သူများဖြင့် တိုးချဲ့တပ်ဆင်ရန် လိုအပ်သည့် ဖွဲ့စည်းအင်းအား တိုးချဲ့ရန် စက်မှုဝန်ကြီးဌာန အနေဖြင့် မူဝါဒရေးရာအရ ခံယူထားခြင်းရှိ/မရှိ သိလိုပါကြောင်းနှင့် စက်မှုဝန်ကြီးဌာန အနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုများ အန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ်နှင့်ဆိုင်သောကိရိယာ များ ဘေးကင်းလုံခြုံ စံချိန်မီဟုတ်/မဟုတ် စစ်ဆေးရန် စသည်တို့အတွက် သီးခြားဥပဒေများဖြင့် ပြဋ္ဌာန်းဆောင် ရွက်ရန် ရှိ/မရှိတို့ကို သိလိုပါကြောင်း မေးမြန်း အပ်ပါသည်။


 

ဖြေကြားသူ
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးအောင်စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရှိ လျှပ်စစ်စစ်ဆေးရေး ဌာန EI အနေဖြင့် လျှပ်စစ်ဥပဒေ၊ လျှပ်စစ်ဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့်အညီ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှုများကို စစ်ဆေးပေးပါရန် လျှောက်ထားလာခြင်း အားလုံးကို စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လျှပ်စစ် စစ်ဆေးရေးမှူးချုပ်သည် လျှပ်စစ် အန္တရာယ် မတော်တဆမှုဖြစ်ပွားကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံမှ တည်ဆဲ လျှပ်စစ်ဥပဒေပုဒ်မ ၁၅ အရ အကြောင်းကြားလာခဲ့လျှင်ဖြစ်စေ၊ စစ်ဆေးရေးမှူး တစ်ဦးဦးမှ အကြောင်းကြားလာလျှင်ဖြစ်စေ၊ အခြား တစ်နည်းနည်းဖြင့် သိရှိသော အခါဖြစ်စေ လျှပ်စစ်ဥပဒေပုဒ်မ ၁၉ ပုဒ်မခွဲ (စ) ပုဒ်မ ၂၀ တို့အရ လျှပ်စစ် စစ်ဆေးရေး ဝန်ထမ်းများအား အခင်းဖြစ်ပွားရာနေရာသို့ အမြန်ဆုံးသွားရောက်စေ၍ သက်ဆိုင်ရာ ပုဂ္ဂိုလ်များကိုစစ်ဆေးပြီး မတော်တဆဖြစ်ပွားမှုမှာ မည်သူ၌ တာဝန်ရှိသည်ကို စစ်ဆေး ဆုံးဖြတ်ပေးရပါကြောင်း၊ စစ်ဆေးပြီးနောက် အလားတူ မတော်တဆမှုများ ထပ်မံမဖြစ်ပွားစေရန် မည်ကဲ့ သို့ ဆောင် ရွက် သင့်ကြောင်းကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ လျှပ်စစ်ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများ အပိုဒ် ၂၅၁ အပိုဒ်ခွဲ (ခ)အရ အကြံပြုပါကြောင်း၊ အဆိုပါ စစ်ဆေးအကြံပြုချက်များအပေါ် လျှပ်စစ်ဥပဒေ၊ လျှပ်စစ် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနဲ့အညီ လျော်ကြေးပေးခြင်းကိစ္စရပ်များ၊ မတော်တဆမှုတွင် တာဝန်ရှိသူများ ကို အရေးယူဆောင်ရွက်သည့် ကိစ္စရပ်များကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပါကြောင်း။

လျှပ်စစ်စစ်ဆေးရေးဌာန EI အနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများကို ဥပဒေအရ စစ်ဆေး ခံယူမည်ဖြစ်ကြောင်း အကြောင်းကြားလာမှသာ စစ်ဆေးပေးနိုင်မည်ဖြစ်ပြီး အကြောင်းကြားလာခြင်း မရှိသော လုပ်ငန်းများကို စစ်ဆေးပေးနိုင်ခြင်းမရှိပါကြောင်း၊ ထို့ကြောင့် အကြောင်းကြားလာသော လုပ်ငန်းများနှင့် အကြောင်းကြားလာခြင်းမရှိသော လုပ်ငန်းများကိုပါ လျှပ်စစ်စစ်ဆေး ရေးဌာန EI အနေဖြင့် အပြည့်အဝ စစ်ဆေးနိုင် ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လျှပ်စစ် စစ်ဆေးရေးခရိုင်ရုံးများကိုပါ တိုးချဲ့ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။

ထိုသို့စစ်ဆေးဆောင်ရွက်နိုင်ရန် လိုအပ်သော လျှပ်စစ်စစ်ဆေးရေးကိရိယာများကို နိုင်ငံတော်မှ ခွင့်ပြု ထားသော ငွေလုံးငွေရင်း အသုံးစရိတ်နှင့် လိုက်လျောညီထွေစွာ တိုင်းတာရေးကိရိယာများကို ပုံမှန်ဝယ် ယူဖြည့်တင်းလျက်ရှိပါကြောင်း၊ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင် ရာကော်မတီမှ ဦးဆောင်၍ စက်မှုဝန်ကြီးဌာနနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ ပူးပေါင်းရေးဆွဲခဲ့သော ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြပါရှိပြီးဖြစ်သော လျှပ်စစ်ဥပဒေကြမ်းအရ လျှပ်စစ် စစ်ဆေးရေးဌာနအား ဦးစီးဌာနအနေဖြင့်ဖွဲ့စည်းရန် အစီအစဉ်မရှိ သေးသော်လည်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအား တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ခရိုင်ရုံးများ တိုးချဲ့ဖွဲ့စည်းပြီးပါက လျှပ်စစ် စစ်ဆေးရေး ဌာနကိုပါ ထည့်သွင်း တိုးချဲ့နိုင်မည်ဖြစ်ပါကြောင်း၊ လျှပ်စစ်ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှုများ အန္တရာယ် ကင်းရှင်းရေး၊ လျှပ်စစ်နှင့်ဆိုင်သော ကိရိယာများ၊ ဘေးကင်း လုံခြုံစံချိန်မီ ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် အတွက်လည်း ၁၉၈၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် လျှပ်စစ်ဥပဒေကို လျှပ်စစ်ဝန်ကြီးဌာနမှ ပြင်ဆင်ရေးဆွဲလျက်ရှိပါကြောင်း၊ နိုင်ငံတကာ စံချိန် စံညွှန်းများကို အခြေခံ၍ မိမိတို့နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီဆီလျော်သော လျှပ်စစ်နှင့် အီလက်ထရောနစ် ဆိုင်ရာ ဆိုင်ချိန်စံညွှန်းများ၊ စစ်ဆေးမှုနည်းစနစ်များ ပြဋ္ဌာန်းနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။

လက်ရှိတွင် လျှပ်စစ်ဥပဒေ ၁၉၈၄ နှင့် လျှပ်စစ်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများသည် တည်ရှိဆဲဖြစ်ပါ၍ လျှပ်စစ်လုပ်ငန်းများနှင့် လျှပ်စစ်အန္တရာယ် မကျရောက်စေရေးအတွက် သက်ဆိုင် ရာဌာန၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းပါ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး လိုက်နာကြရမည့် အသိရှိကြရန်နှင့် ကိုင်တွယ်သူ၊ သုံးစွဲသူများ၏ပေါ့ဆမှု၊ မသိနားမလည်မှုကြောင့် လျှပ်စစ်သွယ် တန်းမှုနှင့် လျှပ်စစ်ပစ္စည်းများ၏ ချို့ယွင်း အားနည်း ချက်များအား မှန်မှန်ကန်ကန်ဖော်ထုတ်သုံးသပ်၍ ပြုပြင်လိုက်နာရန်လိုအပ်ပါကြောင်း၊ ထို့ပြင် ဗို့အား Voltage မ တည်ငြိမ်မှုများအတွက် မှန်မှန်ကန်ကန် ပြန်လည်သုံးသပ်ပြုပြင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ ၍ နိုင်ငံတော်တစ်ဝန်းတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်းလုပ်ငန်းများ တိုးချဲ့မြှင့် တင် ဆောင်ရွက်လျက်ရှိသည်နှင့်အညီ စက်မှုဝန်ကြီးဌာနရှိ လျှပ်စစ်စစ်ဆေးရေးဌာနအနေဖြင့်လည်း လျှပ်စစ်အန္တ ရာယ်ကင်းရှင်းရေးကို တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြား အပ်ပါသည်။