ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပင်းတယ မြို့နယ်နှင့် ရွာငံမြို့နယ် နှစ်မြို့နယ် ပါဝင်ရာ ရွာငံမြို့နယ်တွင် အိမ်ခြေပေါင်း ၁၅၈၂၉ အိမ်၊ လူဦးရေ ၇၈၆၅၁ ဦးရှိပြီး၊ ပင်းတယမြို့နယ်တွင် အိမ်ခြေပေါင်း ၁၄၃၆၄ အိမ်၊ လူဦးရေ ၇၆၀၀၁ ဦးရှိသည့်အတွက် ရွာငံမြို့နယ်မှာ ပင်းတယမြို့နယ်ထက် ၁၄၆၅ အိမ်နှင့် လူဦးရေ ၂၆၅၀ ဦး ပိုများပါကြောင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့သည် ပြည်ထောင်စုအစိုးရ၏ မူဝါဒများနှင့် မဆန့်ကျင်စေဘဲ မိမိနယ်မြေဒေသအတွင်း ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လုပ်ငန်းအစီအစဉ်များကို ရေးဆွဲလျက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတို့ ညှိနှိုင်းထားရှိရမည်ဟု ဖော်ပြ ပါရှိရာ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အလုပ်အမှုဆောင်ကော်မတီတွင် ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးစီနှင့် တပ်မတော်သားကိုယ်စားလှယ်တစ်ဦး ပေါင်း သုံးဦး ဖြင့် ဖွဲ့စည်းထားပြီး ဥက္ကဋ္ဌအဖြစ် ပင်းတယမြို့နယ်မှ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်က တာဝန်ယူဆောင်ရွက်ကာ ကျန်နှစ်ဦးသည် အဖွဲ့ဝင်များဖြစ်ကြပါကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ဖြည့်စွက် ခွင့်ပြုငွေစာရင်းနှင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ခွင့်ပြုငွေ စာရင်းများတွင် ဓနုနယ်မြေ ဒေသအတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရန် လျာထားချက်များတွင် ပင်းတယမြို့နယ်က ရွာငံမြို့နယ်ထက် ပိုမိုများပြားနေသည်ကို လေ့လာတွေ့ရှိရသောကြောင့် ဤလျာထား တင်ပြချက်များသည် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အလုပ်အမှုဆောင်ကော်မတီဝင် အများစု တက်ရောက်ညှိနှိုင်း ဆွေးနွေးဆုံးဖြတ်ကြပြီး အတည်ပြုရေးဆွဲထားသော လုပ်ငန်းအစီအစဉ် လျာထားချက်များ ဟုတ်၊ မဟုတ် ဆိုသည်ဆိုသည်ကို သိရှိလိုပြီး အကယ်၍ အဆိုပါလျာထားချက်များသည် ဒေသဦးစီးအဖွဲ့ဝင်အများစုမသိရှိရဘဲ ဒေသဦးစီးအဖွဲ့ဝင် တစ်ဦး၏ ဆန္ဒသဘောထားသက်သက်ဖြင့် ရေးဆွဲတင်ပြထားသည့် လုပ်ငန်းလျာထားချက် များဖြစ်နေမည်ဆိုပါက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စည်းလုံးညီညွတ်မှုမပြိုကွဲစေရန်နှင့် ဒေသတွင်း အညီအမျှ တစ်ပြေးညီ တိုးတက်နိုင်စေရန်အတွက် နိုင်ငံတော်မှ မည်ကဲ့သို့ ဆက်လက်ညှိနှိုင်း စီစဉ်ဆောင်ရွက်ပေးနိုင်မည်ဆိုသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
