(င)-မွေးမြူရေး လုပ်ငန်းရှင်များ၊ တောင်သူဦးကြီးများအား အသိပညာပေးရန်နှင့် မွေးမြူထားသော ကျွဲ၊ နွား၊ အိမ်မွေးတိရစ္ဆာန်များအား ထိရောက်စွာ ကုသပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၂၁.၂.၂၀၁၈)

မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ ကျေးလက်နေ ၇၀ ရာခိုင်နှုန်းသော တောင်သူဦးကြီးများက စိုက်ပျိုးရေးကိုအဓိကထား အသက်မွေးဝမ်းကျောင်း ပြုနေရပါကြောင်း၊ လက်ရှိလက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းဆဲကာလ ဖြစ်သော်လည်း အများစုမှာ လက်မှုလယ်ယာအဆင့်သာ ရှိပါသေးကြောင်း၊ တောင်သူဦးကြီးများအတွက် စိုက်ပျိုးထွန်ယက်ရာတွင် ကျွဲ/နွားများကို မရှိမဖြစ် အားကိုးအားထားပြုပြီး စိုက်ပျိုးထွန်ယက် နေရပါကြောင်း၊ လုပ်ငန်းခွင်တွင် အသုံးပြုနေသည့် ခိုင်းကျွဲ၊ ခိုင်းနွားများ ချေးဝမ်းရောင်၊ ခွာနာလျှာနာလိုက်လျှင် နေမကောင်းဖြစ်လျှင် ကျေးဇူးရှင်တောင်သူဦးကြီးများသည် မိမိတို့ဘာသာ မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ကုသနေကြရပါကြောင်း၊ ထို့ကြောင့် နွားတစ်ကောင် ဆုံးရှုံးသွားမည် ဆိုပါက အနည်းဆုံး ငါးသိန်းမှ ၁၅ သိန်း ဝန်းကျင်အထိရှိပါကြောင်း၊ နည်းပညာများပံ့ပိုးခြင်း၊ ကုသမှုများ ထိထိရောက်ရောက် ဆောင်ရွက်ပေးမည်ဆိုလျှင် ပိုမိုအောင်မြင်လာနိုင်မည် ဖြစ်ပါကြောင်း၊ မကွေးတိုင်းအတွင်း ပခုက္ကူမြို့နယ်၊ ရေစကြိုမြို့နယ်များတွင် သိုးနှင့်ဆိတ်ကို ကျယ်ကျယ်ပြန့်ပြန့် မွေးမြူနေပြီဖြစ်ပါကြောင်း၊ နည်းပညာများပံ့ပိုးခြင်းများကို ထိရောက်သည့် ကုသမှုများ ဆောင်ရွက်ပေးမည်ဆိုပါက တိုင်းပြည်တွက်၊ လုပ်ငန်းရှင်များအတွက်ပါ အကျိုးရှိမည် ဖြစ်ပါကြောင်း၊ သို့သော်လည်း ယနေ့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများသည်နယ်များ၊ ရွာများဆင်းပြီး ကုသခြင်း၊ အသိပညာပေးခြင်းမှာ လွန်စွားအားနည်းနေသည်ကို တွေ့ရှိရပါကြောင်း၊ မွေးမြူရေးခြံတစ်ခြံတွင် ကူးစက်ရောဂါများ ကျရောက်လျှင် သိန်းဆယ်နှင့်ရာနှင့်‌ချီ ဆုံးရှုံးနေသည်ကို လည်း တွေ့ရှိရပါကြောင်း၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေအခန်း (၃) ပုဒ်မ ၅ ပုဒ်မခွဲငယ် (င) တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီနည်းပညာနှင့် သွင်းအားစုတို့ကို ပံ့ပိုးကူညီခြင်း၊ သုတေသနလုပ်ငန်းများ ထူထောင်ခြင်းနှင့် အားပေးခြင်းဟု ပါရှိပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံ့အတွက်လည်း ကုန်ရကျိုးနပ်အောင် တောင်သူလယ်သမားများနှင့် မွေးမြူရေးလုပ်ငန်း ရှင်များလည်း အကျိုးရှိအောင် အမြို့မြို့အနယ်နယ်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများက ဦးဆောင်၍ မွေးမြူရေးလုပ်ငန်းရှင်များ၊ တောင်သူဦးကြီးများအား အသိပညာပေးခြင်းနှင့် မွေးမြူထားသော ကျွဲ/နွား၊ အိမ်မွေးတိရစ္ဆာန်များအား ထိရောက်စွာ ကုသပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

နိုင်ငံတော်၏ ပြည်သူအများစု အသက်မွေးဝမ်းကျောင်းပြုနေသည့် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံကျသည့် တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် အထူးသဖြင့် မွေးမြူရေးကဏ္ဍကိုလည်း ဖွံ့ဖြိုးတိုးတက်စေရန် အစီအမံများချမှတ်အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုလိုအကောင်အထည်ဖော် ဆောင်ရွက်သည့်နေရာတွင်လည်း မွေးမြူရေး နည်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အထူးသဖြင့် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက တိုးချဲ့ပညာပေးရေး လုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားနိုင်ရေးအတွက် အားထုတ်ကြိုးပမ်း လျက်ရှိပါကြောင်း၊ မွေးမြူရေးတိုးချဲ့ပညာပေးရေးအတွက် မွေးမြူရေးလက်ကမ်း စာစောင်များကို  ရိုက်နှိပ်ပြီး တိုင်းဒေသကြီး/ပြည်နယ် ၁၅ ခုမှာရှိသည့် မြို့နယ် ၃၃၀ ရှိ ကျေးရွာအုပ်စု များကိုလည်း ဖြန့်ဝေဆောင်ရွက် ထားမှုရှိပါကြောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဒုတိယဦးစီးမှူးများအနေဖြင့် ကွင်းဆင်းပြီး လက်ကမ်းစာစောင်ဖြန့်ဝေရန်နှင်‌့ ရည်ရွယ်ချက်များ၊ စာစောင်ပါတစ်ခုချင်း၏ မွေးမြူရေးဆိုင်ရာအချက်များနှင့် ရောဂါကာကွယ်ခြင်းဆိုင်ရာ နည်းလမ်းများကိုလည်း အသိပညာပေးဟောပြောပွဲများ ပြုလုပ်ပေးလျက်ရှိပါကြောင်း၊ အလားတူ ကျေးရွာအုပ်စု၊ စာကြည့်တိုက် သို့မဟုတ် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးများတွင်လည်း မွေးမြူရေးလုပ်ငန်း စိတ်ပါဝင်စားသူတောင်သူများ လေ့လာဖတ်ရှုနိုင်ရန်အတွက် လိုအပ်သည့် ပညာပေးစာစောင်များကိုလည်း မိမိတို့တတ်စွမ်းနိုင်သမျှ စီစဉ်ဆောင်ရွက်ပေးထားမှု ရှိပါကြောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန (ရုံးချုပ်) အနေုဖြင့် အဆင့်ဆင့်သော အရာရှိများက အခါအားလျော်စွာ ခရိုင်များအခြေစိုက်ရာမြို့များကို စေလွှတ်ပြီးပညာပေး ဟောပြောမှုများကို ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း ဌာနတွင်းဝန်ထမ်းများကို သင်တန်းဖွင့်လှစ် ပို့ချပေးခဲ့လျက်ရှိသကဲ့သို့ အရပ်သားသင်တန်းများကိုလည်း ပြည်နယ်/တိုင်း ဒေသကြီးများတွင်ရှိသည့်  ဒေသခံပြည်သူများအတွက် သင်တန်းအမျိုးအစား ၁၉ မျိုးကို ဖွင့်လှစ်ပို့ချ ပေးလျက်ရှိပါကြောင်း၊ ယခု ၂၀၁၇ ခုနှစ်၊ ဧပြီလကနေပြီး နိုဝင်ဘာလအထိ ဌာနတွင်းသင်တန်းများ ၂၄ ခုကို လည်း ပြည်နယ်/တိုင်းဒေသကြီးများတွင် သင်တန်း ၂၈ ခုဖွင့်လှစ်ပို့ချခဲ့မှု ရှိပါကြောင်း၊ ဦးစီးဌာနအနေဖြင့် ဖွင့်လှစ်သည့် မွေးမြူရေးဆိုင်ရာ နည်းပညာသင်တန်းများကို တက်ရောက်နိုင်ရန်အတွက် နိုင်ငံပိုင်သတင်းစာများနှင့်  ရေဒီယိုများတွင် ကြော်ငြာများထည့်သွင်း ဖိတ်ခေါ်မှုများလည်း ရှိပါကြောင်း၊ ထို့အပြင် ယခင်က ဒီပလိုမာသင်တန်း ၁၀ လသင်တန်းပို့ချပြီး သင်တန်းသားဦးရေ ၄၀၀ ကျော်ကို သင်တန်းများ ပို့ချမွေးထုတ်ပေးပြီး မွေးမြူရေးနှင့် ကုသရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် တစ်တပ်တစ်အား ဖြည့်ဆည်းပေးနိုင်ခဲ့ပါကြောင်း၊ သို့သော်လည်း ‌အကြောင်းကြောင်းကြောင့် အဆိုပါသင်တန်းလည်း ရပ်ဆိုင်းထားခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြည်သူများကို အသိပညာပေး စီမံဆောင်ရွက်လျက်ရှိသည့်အတွက် အခါမလပ် မိမိတို့၏ရုံးချုပ်ကို ဆက်သွယ်ဆောင်ရွက် နိုင်ပါကြောင်းရှင်းလင်း ဖြေကြားပါသည်။