မြန်မာနိုင်ငံ အနောက်ဘက်မှာရှိ အိန္ဒိယနယ်စပ်တစ်လျှောက် ကလေးခရိုင်နှင့် တမူးခရိုင်အတွင်းရှိ နိုင်ငံပိုင်မြေနေရာ၊ အောင်နိမိတ် စစ်ဆင်ရေးအရ မြန်မာအိန္ဒိယ နယ်နိမိတ်ကို နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ဆုံးဖြတ်ပြီး ကျောက်တိုင်ကြီးများ စိုက်ထားပါသည်။ ခလရ ၈၉ ကလေးတွင် ၁၉၇၂/၇၄ အထိတာဝန်ထမ်းဆောင်စဉ် ကလေးမှ ကျီကုန်း၊ ထွက်ရရေကျယ်၊ ဘုတ်ကန်၊ ခမ်းပတ် စသည့် ရွာများကိုဖြတ်ပြီး တမူးအထိကတ္တရာလမ်းဖောက်ထားရာ ယင်းကတ္တရာလမ်းဘေး ကိုက် ၁၀၀၀ အကွာခန့်တွင် နယ်စပ်ကျောက်တိုင်ကြီးများ စိုက်ထူထားရှိပြီး ၂၀၀၄ ခုနှစ် မိမိအငြိမ်းစားယူပြီး မိသားစုဖြင့်သွားရောက် လည်ပတ်သည့်အခါ ကလေး-ကျီကုန်း-တမူးလမ်း အချို့မှာ အိန္ဒိယနယ်မြေထဲကို ရောက်နေပြီး ကျွန်တော်တို့ဘက်မှ ကားလမ်း၊ မြေကြီးလမ်း အသစ်ဖောက်လုပ်ထားသည်ကို တွေ့မြင်ခဲ့ရပါကြောင်း၊ အရင်ကကားလမ်းသည် မိမိတို့ဘက်တွင်ရှိပြီး၊ ယခုအိန္ဒိယဘက်ကိုရောက်ရှိနေသည်မှာ အမှန်တစ်ကယ် သိသိသာသာ ထင်ထင်ရှားရှားဖြစ်ပြီး ကျောက်တိုင်များကိုလည်း နေရာရွှေ့ထားသည့် သတင်းများကိုလည်း ကြားသိခဲ့ရပါကြောင်း၊ ထိုပြင် ယင်းနယ်စပ်များတွင် အိန္ဒိယမှရွာများတည်ဆောက်နေပြီး ပိုမိုခိုင်မာအောင် လုပ်နေကြပါကြောင်း၊ ထို့အတွက်ကြောင့် အမြန်ဆုံး တစ်နည်းနည်းနှင့် တိုင်းတာရန်လိုအပ်ပါကြောင်း၊ ဤကိစ္စများမှာ မိမိတို့နိုင်ငံ၏ အချုပ်အချာအာဏာကို လာရောက်ထိပါးနေသည့်အတွက် ဤကိစ္စကို နိုင်ငံတော် အစိုးရအနေဖြင့် အမြန်ဆုံးအကောင် အထည်ဖော်ပြီး ပြန်လည်တိုင်းတာသင့်ပါကြောင်း။ နောက်တစ်ခုမှာ မိမိတို့နိုင်ငံနှင့် ထိစပ်နေသော အရှေ့ဘက်ရှိ တရုတ်နှင့် ထိုင်းနိုင်ငံဖြစ်ပြီး တရုတ်ပြည် ရွှေလီမြစ်၊ ထိုင်းနိုင်ငံ သောင်းရင်းမြစ်တို့ကို ၁၉၇၅-၁၉၇၆ ခုနှစ်က မိမိတို့ နိုင်ငံဘက်မှ တောင်ကျရေနှင့် ဒီရေများ မထိုးဖောက်နိုင်အောင် တစ်နည်းအားဖြင့် ၎င်းတို့ဘက်မှ ကမ်းပါးလုံးဝ ပြိုမဆင်းအောင် မြစ်ကမ်းတစ်လျှောက် ကွန်ကရစ်လောင်းထားရာ ရေစီးအားကြောင့် မိမိတို့နိုင်ငံဘက်ကသာ ကမ်းပြိုပြို ဆင်းနေပြီး ရွှေလီမြစ် အပြင် သောင်းရင်းမြစ်ပါ နယ်နိမိတ်စာချုပ်အရ မြစ်အလယ်တွင် တစ်ဝက်စီ ပိုင်ဆိုင်ကြသည့်အတွက် မိမိတို့ မြေများမှာ သူတို့ဘက်ကို ရောက်ရောက်နေပါကြောင်း၊ ကမ်းပြိုမှုမှာ ပျှမ်းမျှအားဖြင့် တစ်နှစ်ကို ၂ ပေခန့်ရှိပြီး နှစ်ပေါင်း ၅၀ အတွင်းတွင် မြန်မာနိုင်ငံ၏မြေ ပေ ၁၀၀ ခန့် ကမ်းပြိုပြီး သူတို့ဘက်သို့ မြေပါသွားမည်ဖြစ်သည့်အတွက် မြေပြိုမှုကို ကာကွယ်ရန်အတွက် မြစ်ကမ်းတစ်လျှောက် ကွန်ကရစ်လောင်းရန် လိုအပ်နေပါကြောင်း၊ ထို့အတွက်ကြောင့် မိမိတို့နိုင်ငံ၏ မြေနေရာ၊ အကျယ်အဝန်းများ မဆုံးရှုံးရအောင် နိုင်ငံတော်မှ တာဝန်ယူဆောင်ရွက်ပေးပါရန် တိုက်တွန်း တင်ပြအပ်ပါသည်။

