လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်များနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ ၉ ပုဒ်မခွဲ(င)တွင် “မဲဆန္ဒနယ်နှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်ဘဲ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများနှင့်ဖြစ်စေ၊ အာဏာပိုင် ပုဂ္ဂိုလ်များနှင့်ဖြစ်စေ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်း” ဟူ၍ ဖော်ပြပါ ရှိပါသည်။ ထို့ပြင် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၆၂ တွင်လည်း “ပြည်သူကရွေးချယ် ပေးသော လွှတ်တော်ကိုယ်စားလှယ်များသည် မိမိအားရွေးချယ်ပေးသော မဲဆန္ဒနယ်ကို ကိုယ်စားပြုပြီး ဂုဏ်ထူး ဝိသေသနှင့် ပြည့်စုံသော အများက လေးစားထိုက်သည့် ပုဂ္ဂိုလ်များဖြစ်သည့် အလျောက် သက်ဆိုင်ရာမဲဆန္ဒနယ် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲရာတွင် လည်းကောင်း၊ အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍတို့နှင့်စပ်လျဉ်း၍ ပြည်သူများ၏ သဘောထားဆန္ဒဖော်ဆောင်ရာတွင် လည်းကောင်း၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများကဖြစ်စေ၊ သက်ဆိုင်ရာအာဏာပိုင် ပုဂ္ဂိုလ် များကဖြစ်စေ၊ အလေးထား တိုက်တွန်းအပ်သော ပုဂ္ဂိုလ်များဖြစ်သည်ဟု မှတ်ယူရမည်” ဟု ဖော်ပြပါရှိရာ အထူးသဖြင့် လူဦးရေထူထပ်များပြားပြီး လူတန်းစားပေါင်းစုံနေထိုင်သော မဲဆန္ဒနယ်မြေများမှ လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ ပြည်သူများ၏ အခက်အခဲ ပြဿနာအများအပြားကို ဥပဒေဘောင်အတွင်းမှ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးကြရပါကြောင်း၊ ထို့သို့ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးပိုင်း ဌာနဆိုင်ရာများကို ဝင်ရောက်စွက်ဖက်ခြင်းမျိုး မဖြစ်ရအောင် အထူးသတိထား ဆောင်ရွက် ကြရပါကြောင်း၊ စာနှင့်ရေးသားသည့်အခါများတွင်လည်း “ဥပဒေနှင့်အညီ၊ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ဖြေရှင်း ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံပါသည်” ဟူ၍ လေးစားစွာ ရေးသားရပါကြောင်း၊ ယခုလွှတ်တော်သက်တမ်း တစ်ဝက်ရောက်ရှိလာပြီဖြစ်ရာ အတွေ့အကြုံများအရ အထူးသဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့အစည်းတချို့တို့သည် သက်ဆိုင်ရာနယ်မြေ လွှတ်တော်ကိုယ်စားလှယ်များကို အသိအမှတ်မပြုသည့် အသွင်ဆောင်၍ ပူးပေါင်းဆောင်ရွက်မှုမရှိခြင်း သို့မဟုတ် ပူးပေါင်း ဆောင်ရွက်မှုအလွန် အားနည်းသည်ကို တွေ့ရှိနေရပါကြောင်း၊ ယခုကဲသို့ ပူးပေါင်း ဆောင်ရွက်မှု မရှိဘဲနှင့် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မဲဆန္ဒရှင်ပြည်သူများ၏ အကျိုးစီးပွားများကို လက်တွေ့ကျကျအကောင် အထည်ဖော်ဆောင်ရွက်သည့်နေရာများတွင် အခက်အခဲများစွာ တွေ့ကြုံနေကြရ ပါကြောင်း၊ မဲဆန္ဒနယ်မြေအတွင်း အများ ပြည်သူနှင့်သက်ဆိုင်သော စီမံကိန်းဆိုင်ရာအစည်းအဝေးများ၊ အများပြည်သူနှင့် သက်ဆိုင်သော ဆေးရုံ၊ ကျောင်း၊ လမ်းတံတားစသော အခမ်းအနားများကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များကို အသိအမှတ်ပြုဖိတ်ကြားမှုမရှိခြင်း၊ ဖိတ်ကြားသောလည်း လေးစားစွာ ဆက်ဆံမှုမရှိခြင်းတို့သည် ပြည်သူများ၏ မျက်နှာစာတွင် လွှတ်တော်ကိုယ်စားများ၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကို ကျဆင်းစေသည့် အပြင် အထက်ဖော်ပြပါ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၂ ကိုလည်း လစ်လျူရှုရာရောက်ပါကြောင်း။
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ သဘောသဘာဝ မတူညီ၍ စနစ်ကွဲပြားမှုကို နားလည်သဘော ပေါက်သော်လည်း၊ ၁၉၄၈ မှ ၁၉၆၁ ခုနှစ်အတွင်း ဖက်ဆစ် ဆန့်ကျင်ရေးနှင့် ပြည်သူ့လွှတ်တော်ရေး အဖွဲ့ချုပ်အစိုးရနှင့် ပြည်ထောင်စုပါတီ အစိုးရများ လက်ထက်က ရှိခဲ့ကြသော ပါလီမန်အမတ်ခေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်နှင့် သြဇာသက်ရောက်မှုများသည် ယခုခေတ်လွှတ်တော် ကိုယ်စားလှယ်များထက် မြင့်မားခဲ့ကြပါကြောင်း၊ မိမိအနေဖြင့် အဓိကမေးမြန်း လိုသည်မှာ ဒေသအများစုတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ နယ်မြေများရှိ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုမရှိခြင်း သို့တည်းမဟုတ် ပူးပေါင်းဆောင်ရွက်မှု အားနည်းသည့် ကိစ္စများနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောထားကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

