မြန်မာနိုင်ငံတွင် သဘာဝအခြေခံခရီးသွားလုပ်ငန်းအဖြစ် လေ့လာနိုင်သော သဘာဝထိန်းသိမ်းရေးနယ်မြေ ၂ ခု ရှိရာတွင် ချင်းပြည်နယ်ရှိ နတ်မတောင် အမျိုးသားဥယာဉ်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်ဟု သိရပါကြောင်း၊ ၎င်း လုပ်ငန်းသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဒေသခံတို့၏ အလုပ်အကိုင် ဝင်ငွေတိုးတက်ရေး အခွင့်အလမ်းများအပြင် နိုင်ငံတော်၏ခရီးသွားလုပ်ငန်းကိုပါ အထောက်အကူပြုကြောင်း၊မြန်မာနိုင်ငံ၏ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်လိုသော ဒေသခံအဖွဲ့အစည်းများ၊ ခရီးသွား လုပ်ငန်းရှင်များ ပူးပေါင်းပြီး စနစ်တကျအကောင်အထည်ဖော်ခွင့် ရရှိရန် အတွက် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် ညွှန်ကြားချက်များချမှတ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် ချင်းပြည်နယ် တွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းတိုးချဲ့နိုင်ရန်အတွက် သဘာဝ နယ်မြေသစ်များတိုးချဲ့သတ်မှတ်ပေးရန်အစီအစဉ်ရှိ/မရှိသိလိုကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံ အတွင်း သဘာဝကို အခြေခံသောခရီးသွားလုပ်ငန်းအပါအဝင် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဟိုတယ်နှင့်ခရီးဝန်ကြီး ဌာနအနေဖြင့် Policy for Responsible Tourism, Dos and Don't for International Visitors, Policy for Community Involvement in Tourism စသည့် စာအုပ်စာတမ်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအထိ ဖြန့်ချိပြီး ပညာပေးဆောင်ရွက်ခဲ့သည့်အပြင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပင်မ စီမံကိန်းကိုလည်း သက်ဆိုင်ရာ အစိုးရဌာနများနှင့်အတူ ခရီးသွားလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင်သူများနှင့် ပူးပေါင်းပြီး စီမံကိန်းကိုလည်း ရေးဆွဲလျက်ရှိပါကြောင်း၊ အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းတစ်ခုလုံး ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်း စည်းကမ်းများကို ပါဝင်ရေးဆွဲသွားမှာဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းရေးဆွဲ အတည်ပြုပြီးသည့်နောက် သက်ဆိုင်ရာ ခရီးသွားလုပ်ငန်းများက လိုက်နာဆောင်ရွက်နိုင်ရေးအတွက်ကိုလည်း ထုတ်ပြန်ကြေငြာသွားမှာ ဖြစ်ပါကြောင်း၊ ချင်း ပြည်နယ်၏ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းပိုမိုတိုးတက်စေရန် လက်ရှိတည်းခိုသည့် အခန်းများကို အဆင့်မြှင့်တင်၍ နိုင်ငံခြားသားများတည်းခိုနိုင်အောင် ဆောင်ရွက်ပြီး လုပ်ငန်းလိုင်စင်များ ချထားပေးခြင်း၊ ချင်းပြည်နယ်သို့ ပြည်တွင်း၊ ပြည်ပဧည့်သည်များ ပိုမိုလာရောက်စေရေး အတွက် ကြော်ငြာခြင်း၊ ချင်းပြည်နယ်ခရီးစဉ် လေ့လာမှု အစီအစဉ်များကို ဆောင်ရွက်ပေးခြင်း ၊အိန္ဒိယနိုင်ငံမှ ခရီးသွား လုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအကြား အပြန်အလှန် လေ့လာမှုအစီ အစဉ်များ ဆွေးနွေးပွဲများ လုပ်ကိုင်နိုင်အောင် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းတို့အပြင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဝန်ကြီးဌာနကလည်း သက်ဆိုင်သည့် သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ချင်းပြည်နယ်အတွင်း သဘာဝကို အခြေခံသော ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန် ပြည်ထဲရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၁၃ ခုနှစ်တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ကမ္ဘာလှည့်ခရီးသည်များ ကန်ပက်လက်၊ မင်းတပ်မြို့နယ်များသို့ သွားလာနိုင်ပြီး တီးတိန်၊တွန်းဇံ၊ ကျီးခါး၊ ဖလမ်း၊ ရိခေါဒါရ်၊ ထန်တလန်နှင့်ဟားခါးမြို့နယ်များ၏ မြို့ပေါ်များတွင် ခွင့်ပြုချက်မလိုဘဲ သွားရောက်လည်ပတ်နိုင့်သည့် အပြင် မြို့ပြင်သို့လည်း ခွင့်ပြုချက် တောင်းခံ၍ သွားရောက်နိုင်ပါကြောင်း၊ ထို့အပြင် ပလက်ဝမြို့နယ်၊ ဆမီး၊ မတူပီ၊ ရေဇွာမြို့နယ်ခွဲများသို့ ကြိုတင်ခွင့်ပြုချက်တောင်းခံ၍ သွားရောက်လည်ပတ်နိုင်သည့်အကြောင်း အမိန့်ကြော်ငြာစာများထုတ်ပြန်ပြီး ကြေညာခဲ့ပါကြောင်း၊ သဘာဝနယ်မြေများကို တစ်နိုင်ငံလုံးတွင် ၃၇ ခုသတ်မှတ်ထားပြီး ၂၁ ခုကို သဘာဝ အခြေခံခရီးသွား လုပ်ငန်းများအဖြစ် သတ်မှတ်ပေးထား ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေး၊ ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိရေးအတွက်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများနှင့်ညှိနှိုင်းပြီး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ချင်းပြည်နယ် အတွင်း ၂၇၅.၅ စတုရန်းမိုင်ကျယ်ဝန်းသော နတ်မတောင်အမျိုးသားဥယာဉ်၊ ၅၀.၄၃ စတုရန်းမိုင် ကျယ်ဝန်းသော ကျောက်ပန်းတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သဘာဝနယ်မြေ ၂ ခုတည်ထောင်ထားရှိပြီး သဘာဝကိုအခြေခံသော ခရီးသွားလုပ်ငန်းများ၏ အခြေခံစခန်းများဖြစ်နိုင်မည့် ရိဒ်ရေကန်၊ ဘွေပါးတောင်နှင့် ဇိန်မှုတောင်တို့ကိုလည်း တိုးချဲ့တည်ထောင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် သဘာဝတောတောင် လျှိုမြောင်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝသည့် နေရာများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအမွေ အနှစ်များရှိသော နေရာများကိုလည်း ထပ်မံပြီးတော့ စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
